မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ထောင် ၁၂ နှစ်ကျ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ရင်ဆိုင်နေရတဲ့ ဒေါ်လာသန်းပေါင်းများစွာ အကျင့်ပျက်လာဘ်စားမှု စွပ်စွဲချက်တွေထဲက စွဲချက် ၇ ခုစလုံးမှာ အပြစ်ရှိကြောင်း တရားရုံးက စီရင်ချက်ချလိုက်ပါတယ်။ သူဟာ နောက်ထပ် အမှုတွေလည်း ဆက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

သူကတော့ ယုံကြည်မှုကို ရာဇဝတ်မှုမြောက် အလွဲသုံးစားလုပ်တယ်၊ ငွေကြေးခဝါချတယ်၊ အာဏာကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွဲချက်တွေ အတွက် သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းထားပါတယ်။

၂၀၀၉ ကနေ ၂၀၁၈ အထိ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ နာဂျစ်ရာဇက်အပေါ် တရားစွဲခဲ့တဲ့ အမှုကို မလေးရှားနိုင်ငံဟာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွေ ဘယ်လောက် လေးလေးနက်နက်လုပ်သလဲဆိုတဲ့ တိုင်းတာချက်တစ်ခုအဖြစ် အများက ရှုမြင်စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီ လာဘ်စားမှု အရှုပ်တော်ပုံကြီး အခြေတည်လာတာက 1MDB လို့ခေါ်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေး ရန်ပုံငွေ တည်ထောင်ရာကနေ ကမ္ဘာ့တခြားနိုင်ငံတွေ အထိပါ ရောက်ရှိပတ်သက်လာတဲ့ ငွေကြေးလိမ်လည်မှုကြီး ဖြစ်လာခဲ့တာပါ။

ဒီအရှုပ်တော်ပုံကြီး ပေါ်လာတော့ မလေးရှားက နိုင်ငံရေးလောကထဲ အကြီးအကျယ် ဂယက်ရိုက်ပြီး နာဂျစ်ရာဇက်ရဲ့ UMNO ပါတီ ပြုတ်ကျခဲ့ရပါတယ်။ UMNO ဟာ မလေးရှားနိုင်ငံ လွတ်လပ်ရေး ရကတည်းက နိုင်ငံကို ဆက်တိုက် ၆၁ နှစ်ကြာ အုပ်ချုပ်လာခဲ့တာပါ။

အခုလို အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခံရပြီဆိုတော့ နာဂျစ်ရာဇက်ဟာ ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီ နေသွားရမယ့်ပုံ ရှိနေပါတယ်။ ဒါပေမဲ့ အယူခံတင်တဲ့ လုပ်ငန်းစဉ် မပြီးဆုံးမချင်းတော့ ထောင်ထဲ ရောက်ဦးမှာ မဟုတ်သေးပါဘူး။

ဒီ အမှုမှာ တင်ပြလာတဲ့ သက်သေအထောက်အထား အားလုံးကို စစ်ဆေးပြီးတဲ့နောက် တရားစွဲဘက်က သံသယဖြစ်စရာမရှိလောက်အောင် ခိုင်မာစွာ သက်သေပြနိုင်ခဲ့တယ်ဆိုတာ တွေ့ရှိရတယ်လို့ တရားသူကြီး မိုဟာမက် နာဇလန် မိုဟာမက် ဂါဇာလီက ကွာလာလမ်ပူက တရားရုံးချုပ်မှာ စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။

စီရင်ချက်မချခင်ကလေးမှာတော့ နာဂျစ်ရာဇက်က သူ့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင် နောက်ဆုံးအထိ အယူခံဝင်သွားမယ်လို့ ပြောပါတယ်။ ဒါ ကျွန်တော် ကင်းရှင်းကြောင်း ပြနိုင်ဖို့ အခွင့်အရေးပါပဲလို့ သူက ဖေ့စ်ဘုတ်မှာ ရေးတင်ခဲ့ပါတယ်။

သူ့အပေါ် စွပ်စွဲချက်တွေ

အင်္ဂါနေ့မှာ ချမှတ်ခဲ့တဲ့ စီရင်ချက်ကတော့ အစိုးရရန်ပုံငွေထဲက ရင်းဂစ် ၄၂ သန်း( အမေရိကန်ဒေါ်လာ ၁၀ သန်း) ကို နာဂျစ်ရဲ့ ကိုယ်ပိုင် ဘဏ်အကောင့်ထဲ လွှဲခဲ့တာနဲ့ ဆက်စပ်တဲ့ အမှုပါ။

နာဂျစ်ကတော့ သူ့နေနဲ့ အမှားလုပ်ခဲ့တာ မရှိဘဲ သူ့ ဘဏ္ဍာရေးအကြံပေးတွေက သူ့ကို လှည်ဖျားခဲ့တာသာ ဖြစ်တယ်ဆိုပြီး ဆိုပါတယ်။ အဓိက အားဖြင့်တော့ အခု ရှောင်တိမ်းနေတဲ့ ငွေကြေးလုပ်ငန်းရှင် ဂျိုလို ဆိုသူက လုပ်ခဲ့တာလို့ ပြောပါတယ်။

ဂျိုလိုကို မလေးရှားမှာရော အမေရိကန်မှာပါ တရားစွဲဆိုထားပါတယ်။ သူကလည်း သူ့မှာ အပြစ်မရှိပါဘူးလို့ တွင်တွင် ပြောနေခဲ့ပါတယ်။

နာဂျစ်ရဲ့ ဥပဒေအကြံပေးတွေကတော့ သူတို အမှုသည်ဟာ သူ့ ဘဏ်အကောင့်ထဲ ရောက်လာတဲ့ ငွေတွေက ဆော်ဒီအာရေဗျတော်ဝင်မိသားစုက လှူဒါန်းတဲ့ ငွေတွေဆိုပြီး ယုံကြည်အောင်ပြောပြီး လှည့်ဖျားခံခဲ့ရတာ ဖြစ်တယ်။ အစိုးရ ရန်ပုံငွေကို အလွဲသုံးစားလုပ်တာ မဟုတ်ပါဘူးလို့ ခုခံထွက်ဆိုကြပါတယ်။

အခု စွပ်စွဲချက်တွေက တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်က အနှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။

1MDB အရှုပ်တော်ပုံ

နာဂျစ်ရင်ဆိုင်နေရတဲ့ အမှုတွေက သူ ဝန်ကြီးချုပ်ဘဝနဲ့ ၂၀၀၉ မှာ တည်ထောင်ခဲ့တဲ့ နိုင်ငံတော် ရန်ပုံငွေ 1 Malaysia Development Berhad (1MDB) နဲ့ ဆက်စပ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ 1MDB ရန်ပုံငွေကနေ သူတို့ ပေးရန်ရှိတဲ့ အကြွေးတွေကို ဘဏ်တွေကိုရော ငွေချေးစာချုပ်ဝယ်ထားသူတွေကိုပါ မပေးနိုင်ဖြစ်ရာက ဒီ ရန်ပုံငွေလည်ပတ်ပုံတွေကို မေးခွန်းတွေ ပေါ်လာခဲ့ပါတယ်။

ရန်ပုံငွေထဲက ဒေါ်လာ သန်းလေးထောင့်ငါးရာကို ကိုယ်ပိုင် ဘဏ်အကောင့်တွေထဲ ထည့်တာ၊ ပုဂ္ဂလိက ကိုယ်ကျိုးသုံးတာတွေ ရှိခဲ့တယ်လို့ အမေရိကန်ရော မလေးရှား အရာရှိတွေကပါ စွပ်စွဲခဲ့ပါတယ်။

ဒီလို ပျောက်နေတဲ့ ငွေတွေကို ခြေရာခံတော့ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး၊ ဗန်ဂိုးနဲ့ မိုနေးလက်ရာတွေ ဝယ်ထားတာမျိုး တွေ့ရပြီး ဟောလီးဝုဒ်ရုပ်ရှင်ကား the Wolf of Wall Street အထိပါ သွားဆက်စပ်မှု ရှိနေတာ တွေ့ခဲ့ကြပါတယ်။ ဒီရုပ်ရှင်ကားကို ထုတ်လုပ်ခဲ့သူက နာဂျစ်ရာဇက်ရဲ့ မွေးစားသား ရီဇာအဇစ် ဖြစ်ပြီး သူကိုယ်တိုင်က 1MDB ကနေ ဒေါ်လာသန်း ၂၅၀ လောက် ယူထားတယ်လို့ စွပ်စွဲခံထားရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ အမေရိကန်က Goldman Sachs ဘဏ်ကြီးက ဒီ ငွေကြေးအရှုပ်တော်ပုံမှာ သူတို့ပါဝင်ပတ်သက်နေခဲ့မှု အတွက် မလေးရှားအစိုးရကို ဒေါ်လာ သန်းသုံးထောင့်ကိုးရာပေးပြီး အမှုကို ဖြေရှင်းခဲ့ပါတယ်။

Goldman Sachs ဘဏ်က 1MDB အတွက် ဒေါ်လာ သန်း ခြောက်ထောင့်ငါးရာရအောင် ကူညီစုပေးခဲ့တဲ့ အချိန်မှာ ငွေကြေးရင်းနှီးမြုပ်နှံသူတွေကို လှည့်ဖျားခဲ့တယ်ဆိုပြီး မလေးရှားမှာ တရားစွဲဆိုထားခံရတာ ဖြစ်ပါတယ်။

နာဂျစ်ဟာ သူ ဦးဆောင်ခဲ့တဲ့ UMNO ပါတီ ပြီးခဲ့တဲ့ နှစ်နှစ်က နှစ်ပေါင်း ၆၀ သက်တမ်းအတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်သွားပြီး သူကိုယ်တိုင်လည်း ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရ၊ သူ့ အိမ်ထဲက အဖိုးတန်အသုံးအဆောင် ပစ္စည်းတွေကို လူအများရှေ့မှာပဲ ရဲတွေက တွန်းလှည်းတွေနဲ့ ထုတ်ယူသွားတဲ့ အရှက်တကွဲ အဖြစ်တွေကြုံခဲ့ရပြီးတဲ့နောက်မှာ နိုင်ငံရေးဘက်မှာတော့ ပြန် ခေါင်းထောင်လာမျိုး တွေ့ရပါတယ်။

သူဟာ UMNO ပါတီအတွင်းမှာ သြဇာကြီးဆဲ ခေါင်းဆောင်ပါ။ သူဟာ မလေးရှားက လူများစု မလေးလူမျိုးတွေအတွက် ချန်ပီယံတစ်ယောက်လို သူ့ကိုယ်သူ ပုံဖော်ထားနိုင်ခဲ့ပါတယ်။ နာဂျစ်ကို ဖြုတ်ချပြီး တက်လာတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ညွန့်ပေါင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် မလေးတွေက စိတ်ပျက်စပြုလာနေချိန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ ညွန့်ပေါင်းအစိုးရ ပြိုလဲတော့ နောက်တက်လာတဲ့ အစိုးရသစ်နဲ့ UMNO က သွားပေါင်းခဲ့ပါတယ်။ နာဂျစ်ကိုယ်တိုင်ကလည်း သူ ရင်ဆိုင်နေရတဲ့ အမှုတွေမှာ နောက်ဆုံး သူပဲ အနိုင်ရလိမ့်မယ်ဆိုပြီး ထုတ်ပြောလာတာတွေ ရှိပါတယ်။

အခုတော့ သူ မျှော်လင့်သလို ဖြစ်မလာခဲ့တော့ပါဘူး။

အခုလို ရာဇ၀တ်ကြောင်းနဲ့ အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခံလိုက်ရပြီ ဆိုတော့ ပါတီတွင်းက သူ့ ခေါင်းဆောင်မှု၊ သူ့သြဇာကိုလည်း အကြီးအကျယ် ထိခိုက်မှာပါ။ ပြီးတော့ တချိန်က UMNO အမာခံ ဖြစ်ခဲ့ပြီး နာဂျစ်ရာဇက်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ခဲ့သူ လက်ရှိဝန်ကြီးချုပ် မူဟီဒင် ယာဆင်ရဲ့ နိုင်ငံရေးပုံရိပ်ကတော့ အားကောင်းသွားမှာ ဖြစ်ပါတယ်။ မစ္စတာယာဆင်ဟာ 1MDB အရှုပ်တော်ပုံတွေကို ဆန့်ကျင်ခဲ့လို့ ၂၀၁၆ ခုနှစ်မှာ UMNO ပါတီက အထုတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူကတော့ အခု ပါလီမန်မှာ လူအနည်းစုလေးပဲ အသာရနေတဲ့ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေသူ ဖြစ်လို့ မလေးရှားရဲ့ နိုင်ငံရေး အနာဂတ်ကတော့ မရေမရာ အခြေအနေတွေဆီ ဦးတည်နေပြီ ဖြစ်ပါတယ်။

နာဂျစ်အပေါ် နောက်ထပ် စွပ်စွဲချက်တွေ

နာဂျစ်ဟာ သူ ဝန်ကြီးချုပ် ဖြစ်နေချိန်မှာတော့ သူ့အပေါ် စွပ်စွဲချက်တွေအာလုံးကို မလေးရှား အာဏာပိုင်တွေက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို အရှုပ်တော်ပုံတွေ စွပ်စွဲခံထားရတာကြောင့် ၂၀၁၈ မှာ သူ အရှုံးကြီးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် တက်လာတဲ့ အစိုးရသစ်က 1MDB အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အသစ်တွေ အမြန်ဆုံး ပြန်စလုပ်ခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့က စီရင်ချက်တွေဟာ အမှုတွဲမှာ ပထမဆုံးဖြစ်ပေမယ့် ဒါတွေက အမှုတွဲ တစ်ခုလုံးမှာ အရေးအကြီးဆုံးတော့ မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စတင်ခဲ့တဲ့ သီးခြားအမှုတစ်ခုမှာတော့ နာဂျစ်ရာဇက်ဟာ ၂၀၁၁ က ၂၀၁၄ ခုနှစ်အတွင်း 1MDB ကနေ မလေးရှားရင်းဂစ် ၂.၂၈ ဘီလျံ (အမေရိကန် ဒေါ်လာ သန်း၅၅၀)ကို မသမာတဲ့နည်းတွေနဲ့ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

သူဟာ ငွေကြေးမသမာမှု ၂၁ မှု၊ အာဏာအလွဲသုံးစားလုပ်မှု ၄ မှုနဲ့ ရင်ဆိုင်နေရပါတယ်။ သူကတော့ ဒီစွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။

သူ့ဇနီးသည် ရိုဆမာ မန်ဆူးလည်း ငွေကြေးမသမာမှု၊ အခွန်ရှောင်မှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။ သူကလည်း သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းထားပါတယ်။