လန်ဒန်မှာ ဆန္ဒပြသူတွေနဲ့ ရဲနဲ့ ထိပ်တိုက်တွေ့

ဗြိတိန် အစိုးရ ရုံးတွေ ရှိတဲ့ လန်ဒန်မြို့လယ်ခေါင်မှာ Black Lives Matter လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်ဆိုတဲ့ ဆန္ဒပြကြသူတွေနဲ့ လက်ယာစွန်းအဖွဲ့တွေကြား ပဋိပက္ခတွေ မဖြစ်ကြစေဖို့ လမ်းမတွေပေါ်မှာ အကာအရံတွေ တားဆီးထားတဲ့ကြားမှာပဲ အင်္ဂလန် ဘောလုံးပရိသတ်တချို့အပါအဝင် လက်ယာယိမ်းသမားတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ပုလင်းတွေနဲ့ပစ်ပေါက်တာ အပါအဝင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ပရစ်တီ ပါတဲလ်က ဒီလုပ်ရပ်ဟာ လုံးဝ လက်သင့်ခံနိုင်စရာ မရှိတဲ့ လူရမ်းကားတွေရဲ့ လုပ်ရပ်လို့ ပြောပါတယ်။

စစ်ကာလအတွင်းဗြိတိန်နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့သူ ၀င်စတန်ချာချီရဲ့ ရုပ်တုကြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရုပ်ပျက်ဆင်းပျက် ရေးခြစ်ဖျက်ဆီးခံခဲ့ရပြီးနောက် အထိမ်းအမှတ် ရုပ်တုတွေကို ကာကွယ်သူတွေဆိုတဲ့ လူမျိုးကြီးဝါဒကို ကိုင်စွဲထားသူ လူဖြူတွေနဲ့ စစ်မှုထမ်းဟောင်းအနည်းငယ် ပူးပေါင်းခဲ့ကြပါတယ်။

အဲဒီရုပ်ထုရော တခြားရုပ်တုတွေကိုပါ အခုတော့ အကာအရံတွေ လုပ်ထားပါတယ်။

Black Lives Matter လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ် ဆိုတဲ့ လှုပ်ရှားမှု ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ အင်မရမ် အေတန် က ဒီလှုပ်ရှားမှု ထောက်ခံသူတွေကို ချီတက်မယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့ တိုက်တွန်းထားပါတယ်။

လန်ဒန် မြို့တော်ဝန် ဆာဒစ်ခန် ကလည်း လူတွေမပါဝင်ကြဖို့ တိုက်တွန်းပါတယ်။