ကိုရိုနာဗိုင်းရပ်စ် - လော့ခ်ဒေါင်းအလွန်မှာ ဖြစ်လာရတဲ့ လူမှုဘဝပုံစံသစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာကြီး ပြောင်းလဲခဲ့လေပြီ။
ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်ရှိ လူတိုင်းကို တစ်နည်းတစ်ဖုံအားဖြင့် ထိခိုက်ခဲ့သည်။ ဘဝတွေကို ပြောင်းလဲခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးနိုင်ဖို့ နိုင်ငံ အသီးသီးမှာ ကန့်သတ်ချက်တွေ ချမှတ်ခဲ့သည်။ လူတွေ ပုံစံသစ်ဖြင့်နေရထိုင်ရ စည်းကမ်းတွေကို လိုက်နာလာရသည်။
အခုတော့ အဲဒီလို ချထားတဲ့ စည်းမျဉ်းတွေကို လျှော့ပေါ့စပြုလာချိန်မှာ ကမ္ဘာ့နေရာအသီးသီးမှာ နေထိုင်ပုံ လူမှုဘဝပုံစံသစ်တွေအကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို စုစည်းဖော်ပြလိုက်ပါသည်။
ယင်းနေထိုင်မှု ပုံစံသစ်များမှာ အနာဂတ်လူမှုဘဝပုံမှန်ဖြစ်လာမည့် ပုံစံများ ဖြစ်သွားနိုင်ပါသည်။
စာသင်ခန်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူချင်း ခပ်ခွာခွာနေကြဖို့ စည်းကမ်းတွေ ဆက်ရှိနေချိန်မှာ စာသင်ကျောင်းတွေ၊ မူကြိုတွေကို ပြန်ဖွင့်ရတာဟာ ဆရာတွေအတွက်ရော ကျောင်းသူ ကျောင်းသားတွေ ကလေးငယ်တွေအတွက်ပါ စိန်ခေါ်ချက်ကြီးတစ်ခုပါ။
အရင်တုန်းက သိခဲ့ကြတဲ့ စာသင်ခန်းတွေရဲ့ ပုံစံမျိုးလည်း မဟုတ်တော့ဘဲ အခန်းတွင်းနေရာချထားမှုတွေကို ပြောင်းလဲခဲ့ကြရပါတယ်။
ပိုပြီးခက်တာကတော့ ငယ်ရွယ်လွန်းသေးတဲ့ ကလေးသူငယ်တွေကို အချင်းချင်း မထိတွေ့ဘဲ နေကြရအောင် ခွဲထားဖို့ပါပဲ။
အီတလီက အီဗာရီးယားမြို့မှာတော့ မူလတန်းကြိုကျောင်းနှစ်ခုမှာ ကျောင်းပန်းခြံတွေကို စာသင်ခန်းတွေအဖြစ်ပြောင်းလဲပြီး ဖွင့်ခဲ့တာတွေ့နိုင်ပါတယ်။ ဒီနည်းက အလုပ်ဖြစ်ရင် တခြားကျောင်းတွေလည်း နမူနာယူလိုက်လုပ်လာကြနိုင်ပါတယ်။
ပန်းခြံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပန်းခြံထဲမှာ လမ်းလျှောက်နေတုန်း ကိုယ့်ဘေးနားကို မိသားစုလိုက် လူအုပ်ကြီးရောက်လာ ပြေးလွှားဆော့ကစားနေတာတွေ၊ အပြေးသမားတွေကလည်း ကိုယ့်ကို လှစ်ကနဲ ဖြတ်ကျော်ပြေးသွားကြတဲ့ နေ့မျိုးတွေကို မှတ်မိနေကြဦးမှာပါ။
အခုလော့ခ်ဒေါင်းကာလ အလွန်မှာတော့ အဲဒီပုံစံမျိုးတွေကို တွေ့ရတော့မှာ မဟုတ်ပါဘူး။
ကလေးကစားကွင်းတွေ ပိတ်ထားလို့ ပန်းခြံလာသူတွေလည်း လူချင်းခွာခွာနေရမယ့် စည်းကမ်းတွေအတိုင်း လိုက်နာကြရမှာပါ။
အမေရိကန်ပြည်ထောင်စု ဘရွတ်ကလင်းက ဒိုမီနိုပန်းခြံမှာ လူတွေဟာ မြက်ခင်းပေါ်ဆွဲထားတဲ့ စက်ဝိုင်းတွေထဲမှာ နေပြီး ပျော်ပွဲစားထွက်ကြ နေပူစာလှုံကြလုပ်ကြရပါတယ်။ ခပ်ခွာခွာလေးတွေပေါ့။
လုပ်ငန်းခွင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လော့ခ်ဒေါင်းချထားချိန်မှာ လူအတော်များများက အိမ်ကနေပဲ အလုပ်လုပ်ကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စည်းဝေး ဆွေးနွေးတဲ့အခါ ဗီဒီယိုအွန်လိုင်းကနေ စကားပြောကြပါတယ်။
ဒီလိုနဲ့ ရုံးတွေပြန်ဖွင့်လာတဲ့အခါမှာတော့ ကိုဗစ်က တွန်းပို့ခဲ့တဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ရုံးတွေမှာလည်း ပြင်ဆင်လာရပါတယ်။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်က ပန်းတွေ လေလံတင်ရောင်းချတဲ့ ကုန်လှောင်ရုံတစ်ခုမှာတော့ ပလပ်စတစ်အကာလေးတွေနဲ့ ပိုင်းခြားထားတဲ့ တစ်ကိုယ်စာထိုင် အခန်းလေးတွေ လုပ်ထားပေးတာ တွေ့နိုင်ပါတယ်။
စျေးဝယ်ထွက်တဲ့အခါ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စျေးဆိုင်တွေ စျေးရုံတွေ သွားရတဲ့ ပုံစံတွေလည်း ပြောင်းသွားပါပြီ။ အွန်လိုင်းကနေ စျေးဝယ်မှုတွေက တစ်ဟုန်ထိုး တိုးတက်လာပြီး စူပါမားကက်တွေမှာဆိုလည်း ဆိုင်ထဲမှာ လူတွေ စုပြုံမနေဖို့အတွက် စျေးဝယ်သူတွေကို အပြင်မှာ လူခွာတန်းစီစေပြီးတော့မှ နည်းနည်းချင်း အထဲကို သွင်းတာတွေလုပ်နေပါတယ်။
နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့က အပ်ချုပ်ဆိုင်တစ်ခုမှာတော့ မှန်ကာအနောက်ကနေ အင်္ကျီချုပ်လာသူရဲ့ ကိုယ်တိုင်းကို ယူနေတာ တွေ့ရပါတယ်။
စားသောက်ဆိုင်မှာ စားတဲ့အခါ

ဓာတ်ပုံ ရင်းမြစ်, EPA
သူငယ်ချင်း မိတ်ဆွေတွေနဲ့ စားသောက်ဆိုင်မှာ သွားစားကြတဲ့ ပုံစံကရော ပြောင်းလဲသွားခဲ့ပြီလား။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆိုင်တစ်ဆိုင်မှာတော့ လာစားသူတွေကြားမှာ ကတ်ထူပြားနဲ့ ပလတ်စတစ်တွေ ကာပြီး ခွဲထားတာတွေ့ရပါမယ်။
စားသောက်ဆိုင် အများစုမှာ ထိုင်နေသူတွေကြား၊ စားပွဲတွေကြားမှာ ပလပ်စတစ်အကြည်တွေနဲ့ ကာရံပိုင်းခြားထားကြပါတယ်။ တချို့ဆိုင်တွေကတော့ ခုံတွေကို ချဲထား နည်းထားကြပါတယ်။
ကပွဲ ဖျော်ဖြေပွဲတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာကြောင့် လူချင်းမတွေ့ မဆုံကြရလို့ ဘဝတွေဟာ ငြီးငွေ့သွေ့ခြောက်သွားရတဲ့ အချိန်တွေမှာလည်း ကိုယ်ကြိုက်တာကို ကိုယ်လုပ်နိုင် ခံစားနိုင်ပါသေးတယ်။ ဥပမာ ဂီတဖျော်ဖြေပွဲကို ကြည့်ရှုချင်တယ်ဆိုပါစို့၊ တီထွင်ကြံဆမှုတော့ လိုပါတယ်။
ဒါပေမယ့် ပရိသတ်တွေ စုဝေးပြီး ရုံထဲလာ နားဆင်ကြည့်ရှုတာမျိုး လုပ်လို့ မရသေးတော့ ဂီတဖျော်ဖြေပွဲတွေကတော့ ပုံစံတစ်မျိုးနဲ့ လုပ်နေရဦးမှာပါ။ ဥပမာ အခု မြင်ရတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဂိုယန်မြို့က ပွဲကို ကြည့်ပါ။
ဒီမှာ ကေပေါ့ပ်၊ အင်ဒီးနဲ့ ဂန္တဝင်ဂီတတွေကို သုံးရက်တာ ဖျော်ဖြေပေးခဲ့ပါတယ်။ အိမ်ထဲအောင်းနေရတာ ကြာနေတဲ့ ပရိသတ်တွေအတွက်တော့ အခွင့်ကောင်းပါ၊ သူတို့ကလည်း သူတို့ကားတွေထဲကနေ လူချင်းခွာခွာ အန္တရာယ်ကင်းကင်း လာအားပေးခဲ့ကြပါတယ်။








