တရုတ်စီးပွားရေး ဘာတွေ ဆိုးနေလဲ

    • ရေးသားသူ, ခရစ်ရှ်မာ ဗာဆွာနီ
    • ရာထူးတာဝန်, အာရှ စီးပွားရေး သတင်းထောက်

တရုတ်နိုင်ငံစီးပွားရေး အချက်အလက်တွေနဲ့ပတ်သက်ပြီး သိပ်ယုံကြည်ထားလို့မရဘူးလို့ စီးပွားရေးပညာရှင်တွေပြောလေ့ရှိစဉ်မှာပဲ သူတို့တွေ နောက်ထပ် အခက်အခဲနဲ့ ကြုံရပါပြီ။ အဲဒါက အချက်အလက်ကို မရှိတော့ပါဘူး ဆိုတာပါ။

ဒီနှစ်အတွက် သူတို့စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ကိန်းဂဏန်း အချက်အလက် မသတ်မှတ်တော့ဘူးလို့ တရုတ်အစိုးရက ပြောလိုက်ပါပြီ။

၁၉၉၀ ကစပြီး တနှစ်စီးပွားရေးတိုးတက်မှုနှုန်းက ဘယ်လောက်ရှိရမယ်ဆိုတဲ့ ရည်မှန်းချက်က နှစ်စဉ်ချမှတ်လာရာကနေ ရုတ်တရက် ဒီနှစ်မှာ မသတ်မှတ်တော့ပါဘူး။

တိုးတက်မှုနှုန်း ရည်မှန်းချက်သတ်မှတ်တာကို စွန့်လိုက်တာဟာ ကမ္ဘာ့ကပ်ဘေးလွန်ကာလ တရုတ်မှာ စီးပွားရေး ပြန်နာလန်ထူနိုင်ဖို့အရေး သိပ်ခက်ခဲတယ်ဆိုတာကို အသိအမှတ်ပြုတာလို့လည်း ဆိုနိုင်ပါတယ်။

စီးပွားရေး အရှိန်လျှော့ချထားတာကနေ ပြန်တင်လာနေတယ်ဆိုတာကို မကြာသေးခင်ကာလက ထွက်လာတဲ့ ကိန်းဂဏန်းတွေက ပြနေပေမယ့် နာလန်ထူပုံက တနေရာနဲ့တနေရာ မတူပါဘူး။

သတင်းကောင်းတွေ စပြောပါ့မယ်။

တရုတ်ကို ကပ်ရောဂါဆိုက်တဲ့အချိန်က စပြန်ကြည့်ရင် စက်ရုံတွေက ကုန်တွေ စပြန်ထုတ်လာပါပြီ။

ဧပြီလမှာ ကုန်ထွက်က မှန်းဆထားတာထက်ပိုပါတယ်။ ၃.၉% တက်လာခဲ့ပါတယ်။ အကျယ်အပြန့် လော့ခ်ဒေါင်းချထားချိန် ဒီနှစ်အစပိုင်း ၂လ အတွင်းမှာ ကုန်ထွက် ၁၃.၅% က ထိုးဆင်းသွားခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင် အခုတက်လာတဲ့ ပမာဏက အတော့်ကို များပါတယ်။

တခြားကိန်းဂဏန်းတချို့ကိုကြည့်မယ်ဆိုရင်လည်း ထူးထူးခြားခြားကောင်းမွန်တာကို တွေ့ရတော့ စီးပွားရေးပညာရှင်တွေ ပြောတဲ့ ဗီ ပုံစံ စီးပွားရေးနာလန်ထ (V-shaped recovery) တာမျိုးများလား တွေးစရာပါ။ အဲဒီ နာလန်ထပုံကတော့ ဗီ စာလုံးပုံလိုပဲ အစပိုင်းမှာ စီးပွားရေးက ခပ်မြန်မြန်နဲ့ထိုးဆင်းကျသွားမယ်၊ နောက်ခပ်မြန်မြန်ပဲ အရင်နေရာကိုပြန်ထိုးတက်လာတဲ့ အဖြစ်မျိုးပါ။

ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်စက်ရုံတွေထဲ အဓိကစက်ရုံ ၆ ခုရဲ့ ကျောက်မီးသွေး သုံးအားက မေလ အတွင်းမှာ အရင်တုန်းက အခြေအနေတွေထဲက တခုလို ပြန်ဖြစ်လာတယ်လို့ JP Morgan ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ပါပါတယ်။

ဒီပမာဏဟာ အရင်သမိုင်းတလျှောက် ပျမ်းမျှကိန်းဂဏန်းရဲ့ ၁.၅% အထက်မှာ ရပ်တည်နေပါတယ်။ ဆိုလိုတာကတော့ စွမ်းအင်တောင်းဆိုမှုက ပုံမှန်အနေအထားကို ပြန်ရောက်လာပြီဆိုတဲ့ သဘောပါ။

လော့ခ်ဒေါင်းတွေနောက်ပိုင်း တရုတ်ရဲ့ မိုးကောင်းကင်ဟာ လေထုညစ်ညမ်းတာ ကင်းပပြီး ကြည်လင်နေတာ တွေ့ခဲ့ကြရပါတယ်။ အဲ အခုတော့ စီးပွားရေးလုပ်ငန်းတွေ နိုးထလာတဲ့အတူ ကြည်လင်တဲ့ ကောင်းကင်ဟာ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါပြီ။

တရုတ်ရဲ့ လေထုညစ်ညမ်းမှုအဆင့်က အရင်နှစ် အခုလို ကာလနဲ့ နှိုင်းရင် ကျော်တက်သွားပါပြီ။ စက်ရုံ အလုပ်ရုံတွေကထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ဘေးကာလကစလို့ ဒါ ပထမဆုံး ညစ်ညမ်းတာတွေ ပြန်ဖြစ်လာတာပါ။

ဒါတွေအားလုံးက တရုတ်ဟာ သူ့အရင် စီးပွားရေးဆီကို ဖြည်းဖြည်းချင်း ပြန်လာနေပြီဆိုတာ ပြနေသလိုပါ။

ဒါပေမဲ့ ပုံမှန်လိုဖြစ်ဖို့က ခက်နေတာအများကြီးပါ။ အားလုံးရဲ့ စီးပွားရေးတွေဘယ်လိုပုံမှန် ပြန်ဖြစ်ဖို့ ဘယ်လောက်ခက်မလဲဆိုတာ သူတို့အခက်အခဲတွေကိုကြည့်ရင် သိနိုင်ပါတယ်။

မကြာခင်ကထွက်လာတဲ့ လက်လီဆိုင် အရောင်းစာရင်းတွေအရ လူတွေ ဈေးဝယ်ထွက်ဖို့၊ ပစ္စည်းတွေဝယ်ကြဖို့ ဘယ်လောက်အခက်ကြုံနေလဲဆိုတာ ပြသနေပါတယ်။

ဧပြီလမှာ အရောင်းတွေ ၇% ကျဆင်းတယ်။ ဘယ်တော့မှ ပုံမှန်ရောင်းအားပြန်ရမလဲ ဆိုတာလည်း ဘယ်လိုမှ မှန်းဆမရသေးပါဘူး။ တရုတ်ပြည်သူအများအပြားက ကပ်ဘေးနောက်တကျော့ ပြန်လာမှာကိုစိုးရိမ်နေဆဲဖြစ်သလို အရင်လို သုံးစွဲတာမျိုးသူတို့မလုပ်တော့ပါဘူး။

ဒီတော့ တရုတ်ဟာ ဒီနှစ်အတွက်တိုးတက်မှုနှုန်း မသတ်မှတ်တော့တာ အဆန်းတော့မဟုတ်ပါဘူး။ ဒီအကျပ်အတည်းက ဘယ်လောက်နက်ရှိုင်းလဲ မှန်းဆရခက်တယ်ဆိုတာ တရုတ်အစိုးရက သိပါတယ်။

အလုပ်လက်မဲ့တွေ အများကြီးဖြစ်လာ

အလုပ်လက်မဲ့အရေအတွက်ကလည်း တရားဝင်ထုတ်ပြန်တဲ့စာရင်းတွေအရ ဧပြီလမှာ ၆% ရှိလာပါတယ်၊ ဒါဟာ မတ်လတုန်းကထက်များလာတာဖြစ်သလို ဟိုးအရင်သမိုင်းမှာဖြစ်ခဲ့တဲ့ အလုပ်လက်မဲ့နှုန်းတခု ဖြစ်ပါတယ်။

ဒါပေမဲ့ စီးပွားရေးပညာရှင်အများစုကတော့ တကယ့် ဂဏန်းက ဒီထက်ဆိုးမယ်လို့ ဆိုပါတယ်။

မြို့တွေဆီကို ရွှေ့ပြောင်းအလုပ်သမား ၅ ပုံ ၁ ပုံလောက်ကပြန် မရောက်လာနိုင်ကြသေးကြောင်းပြောရင်း "တကယ့် အလုပ်လက်မဲ့အရေအတွက်က ဒီထက် ၂ ဆလောက်ဖြစ်မယ်" လို့ Capital Economics သုတေသီများအဖွဲ့က ပြောပါတယ်။

တရုတ်စီးပွားရေးကို အမြဲချီးမြှောက်ပေးတဲ့ သတင်းစာလည်းဖြစ် တရုတ်ကွန်မြူနစ်အစိုးရရဲ့ အာဘော်တွေရေးတဲ့ သတင်းစာလည်းဖြစ်တဲ့ ဂလိုဘယ် တိုင်းမ်ကတောင် အလုပ်လက်မဲ့နှုန်းက အတော်ပြဿနာဖြစ်နေပြီဆိုတာကို ရေးပါတယ်။

စီးပွားရေးလုပ်ငန်းငယ်လေးတွေ အနေနဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်ရတာ၊ ဝန်ထမ်းအရေအတွက် လျှော့ချနေရတဲ့အတွက် "ပုဂ္ဂလိက ကဏ္ဍက တရုတ်အလုပ်သမားတွေ၊ ဝန်ထမ်းတွေအနေနဲ့ ၂၀၁၉ ခုနှစ်မှာ သူတို့ရခဲ့တဲ့ လစာမျိုးရနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ" လို့ အဲဒီသတင်းစာက ရေးပါတယ်။

အခြေအနေကကောင်းမလာခင် အခုထက်ထပ်ဆိုးနိုင်ပါတယ်။

ပီကင်း တက္ကသိုလ်က ပါမောက္ခ ဂျတ်စတင် ယီဖု လင်းက ဆင်းဟွာ တက္ကသိုလ်က မတ်လအတွင်းလုပ်ခဲ့တဲ့ စစ်တမ်းတခုကို ကိုးကားပြီး နောက်ထပ် ၃ လလောက် အတွင်းမှာ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းပေါင်း ၈၅% လောက်က ကြိုးစားရုန်းထကြရဦးမှာလို့ ရေးပါတယ်။

"စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံသွားရတာတွေက အလုပ်လက်မဲ့တွေတိုးလာစေတယ်" လို့လည်း သူကဆိုပါတယ်။

တရုတ်နိုင်ငံသားအများအပြားကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက အလုပ်ခန့်ထားတာဖြစ်တဲ့အတွက် တရုတ်စီးပွားရေးစနစ်က အမေရိကန်နဲ့ နှိုင်းစာရင် အလုပ်လက်မဲ့တွေကို ပြန်ပြီး မြန်မြန်အလုပ်ပေးနိုင်ပါတယ်။

တရုတ်ပြည်သူတွေအနေနဲ့ စုဆောင်းထားငွေလည်း ပိုရှိသလို၊ မိသားစုဆီကလည်း အထောက်အပံ့ရတာကလည်း ပိုပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအများ အပြားကလည်း သူတို့ ဇာတိမြေမှာ မြေယာပိုင်ဆိုင်တာတွေရှိတဲ့အတွက် အဆိုးဆုံးအခြေအနေမှာတောင် သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ကြပါတယ်။

တရုတ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း စင်တာ (Centre for China and Globalisation) က ဝန် ဟွေယောင် က "ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့လယ်မြေပိုင်တွေရှိတဲ့ သူတို့ရွာတွေဆီ ပြန်တဲ့အခါမှာ တကယ့်အပြောင်းအလဲကို ခင်ဗျားတွေ့ရလိမ့်မယ်" လို့ ပြောပါတယ်။

"ဟုတ်တယ်၊ ခက်ခဲပင်ပန်းတာတွေရှိမယ်၊ ဒါပေမဲ့ တရုတ်နိုင်ငံပြင်ပကလူတွေနားမလည်တာက ကျွန်တော်တို့က အခက်အခဲဆိုတာ၊ ပင်ပန်းတာဆိုတာတွေကို ဘယ်လို သဘောထားလဲဆိုတာပါ၊ ခက်ခဲတာ၊ ပင်ပန်းတာဆိုတာမျိုးက သိပ်မဝေးတဲ့ကာလမှာ တရုတ်နိုင်ငံ သိပ်ကိုဆင်းရဲတုန်းက တရုတ်ပြည်သူတွေ ကြုံခဲ့ဖူးတဲ့အရာတွေပါ" လို့လည်း သူက ပြောပါတယ်။

ဒီတကြိမ်က အရင်ကနဲ့သိပ်ကိုကွဲပြားပါတယ်

တရုတ်ကွန်မြူနစ်ပါတီဟာ စီးပွားရေး တိုးတက်မှုနှုန်း ဘယ်လောက်ရအောင် လုပ်ရမယ် ဆိုတဲ့ ရည်မှန်းချက်ချတာက တရုတ်ဟာ ဘယ်လောက်ကောင်းအောင်လုပ်နေသလဲဆိုတာကို ညွှန်းဆိုပြတဲ့ သဘောလည်း ပါပါတယ်။

ဒါပေမဲ့ ဒီတကြိမ်မှာတာ့ တကယ့်ကို ကွဲပြားသွားပါတယ်။ ဘာရည်မှန်းချက်မှ ချမထားဘူးဆိုတာပါ။ တရုတ်အဖို့ ဒီနှစ်ပိုင်းကာလတွေအတွင်း လက်ရှိကြုံနေရတဲ့ စီးပွားရေးဝန်းကျင်အခြေအနေတွေက အကြီးဆုံး စိန်ခေါ်မှုနဲ့တိုးနေတာဆိုတဲ့အချက်ကို မပစ်ပယ်နိုင်ပါဘူး။

ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ နှစ်တွေအတွင်းမှာ တရုတ်ဟာ စီးပွားရေးခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်၊ ဥပမာ - လူတွေအများအပြား အလုပ်တွေပြုတ်ကုန်တာ ကြုံခဲ့ရပါတယ်။

အဲဒီအချိန်ကာလတုန်းက သူတို့စီးပွားရေးဟာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကပဲ လွှမ်းမိုးထားတာပါ။ အခြေခံအလုပ်သမားများစွာကိုသူတို့ အလုပ်ပေးထားနိုင်ခဲ့ပါတယ်။

စီးပွားရေးနှေးကွေးလာတဲ့အခါ အလုပ်သမားတွေ သန်းနဲ့ချီပြီး အလုပ်ဖြုတ်ခံရတယ်၊ အလုပ်လက်မဲ့တွေ မြန်မြန်ဆန်ဆန်ကို ထိုးတက်လာလိုက်တာဟာ အမျိုးသားအဆင့် စီးပွားရေးသုတေသနဗျူရိုက ထုတ်ပြန်ချက်တွေအရ နှစ်စဉ် ၁% စီ တက်လာခဲ့တာ တွေ့ရပါတယ်။

၁၉၉၅ မှာ အစိုးရပိုင်လုပ်ငန်းတွေက အလုပ်ခန့်တဲ့သူက နိုင်ငံမှာရှိတဲ့ အလုပ်သမားအားလုံးရဲ့ ၆၀% ရှိပြီး ၂၀၀၂ ကျတော့ အဲဒီအရေအတွက်က ၃၀% ကိုရောက်သွားပါတယ်။

ဒါပေမဲ့ တရုတ်ပြန်နာလန်ထူနိုင်ခဲ့ပါတယ်။ ပုဂ္ဂလိက ကဏ္ဍက ဝင်လာပြီး လူငယ်တွေကို အလုပ်ခန့်နိုင်င်ခဲ့ပါတယ်။

အောက်စဖို့ တက္ကသိုလ် တရုတ်စင်တာက စီးပွားရေးပညာရှင် ဂျော့ခ်ျ မက်နပ်စ်က ဒီတကြိမ်ကဖြင့် အရင်ကနဲ့မတူပါဘူး။ ပုဂ္ဂလိက ကဏ္ဍတွေကလည်း ဖိအားတွေထဲမှာ ရှိနေတာလို့ ဆိုပါတယ်။

"ကုန်သွယ်ရေးစစ်ပွဲကို အရင်တုန်းက ဘယ်သူမှ မပြောဘူး၊ တရုတ်မှာ လာလုပ်တဲ့ ကုန်ထုတ်လုပ်မှုတွေက အရင်ကအများကြီးရှိနေခဲ့တာပါ" "အခုအချိန်မှာ တရုတ်ပြင်ပ ကမ္ဘာ့နိုင်ငံတွေ စိုးရိမ်တွန့်ဆုတ်နေရတဲ့ စီးပွားရေးထဲမှာရှိနေကြတာ၊ ဝယ်လိုအားကလည်းမရှိဘူး၊ နိုင်ငံခြားကုန်သွယ်မှုဆိုတာကလည်း မရှိဘူး။ ကိုရိုနာဗိုင်းရပ်စ်အရေးမတိုင်မီက တရုတ်ရင်ဆိုင်နေရတာတွေက အခုကျ ပိုဆိုးလာတာပေါ့။"

'တရုတ် အိပ်မက်' အခက်ကြုံနေ

ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ တလျောက်လုံး တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ သူ့ပြည်သူတွေကို ရှင်းလင်းတဲ့ အာမခံချက်ပေးထားနိုင်ပါတယ်။ အဲဒါကတော့ ကျွန်ုပ်တို့ဟာ အသင်ပြည်သူတို့ရဲ့ ဘဝအရည်အသွေးတွေကို ဆက်လက်တိုးတက်အောင်လုပ်ပေးမယ်။ ပြည်သူတွေက အတူလိုက်ပါပါ။ ဒါဆို တရုတ်နိုင်ငံ လမ်းမှန်ပေါ်မှာ ရှိနေမယ် ဆိုတာပါ။

၂၀၁၂ မှာ ပြောခဲ့တဲ့ တရုတ်ခေါင်းဆောင် ရှီ ကျင့်ဖျင်ရဲ့ ပြည်သူတွေအတွက်အဲဒီ ကတိပြုချက်ဟာ "တရုတ် အိပ်မက်" အဖြစ် စံပြုခဲ့ကြတာပါ။

၂၀၂၀ ခုနှစ်ဟာ တရုတ်အဖို့ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်နေသေးတဲ့ သူ့ပြည်သူ သန်းပေါင်းများစွာရဲ့ လူမှုဘဝအဆင့်အတန်းနဲ့ အရည်သွေးတွေကို တိုးတက်အောင်လုပ်ပေးပြီး ဆင်းရဲမွဲတေမှုဆိုတာကို ဖယ်ရှားရှင်းလင်းမယ့်နှစ်အဖြစ် ရည်မှန်းထားတာပါ။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်က ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် အခက်အခဲကြုံစေပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ သမိုင်းမှာ ကြုံရတဲ့စီးပွားရေး အကျပ်အတည်းတွေထဲ ဒီတခါကြုံရတဲ့ ကျန်းမာရေးအကျပ်အတည်းက နိုင်ငံတွင်း လူမှုရေးတည်ငြိမ်မှုကို ပိုလို့ အကြီးအကျယ် ခြိမ်းခြောက်လာတာပါ။

သန်းပေါင်းများစွာသော လူငယ်မျိုးဆက်ဟာ သူတို့မိဘမျိုးဆက်တွေ မြင်ခဲ့ရတဲ့ အောင်မြင်မှု ပမာဏကို ကြုံရမယ်လို့ ဘယ်သူမှ အာမခံပြီးမပြောနိုင်ကြပါဘူး။ တရုတ်ကွန်မြူနစ်ပါတီအဖို့ သူ့ ကတိတွေဖြစ်တဲ့ ဓနဖွံ့ဖြိုးလာဖို့၊ အလုပ်အကိုင်ရှိဖို့၊ တည်ငြိမ်မှုရှိဖို့ စတာတွေကို ဆက်ပြီးထိန်းနေရမှာပါ။

ဒါ့ကြောင့် တရုတ်အဖို့ စီးပွားရေး နာလန်ထူဖို့က သိပ်အရေးပါပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနှုန်း သတ်မှတ်မထားတော့ အစိုးရအဖို့ ဒီအချိန် အလုပ်လုပ်ရတာမှ သိပ်ကိုလိုအပ်နေတဲ့ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်မှုကိုလည်း ရသွားတာပေါ့။