"သူ ခုထိ ခိုးစောင့်ကြည့်နေတုန်းပဲလို့ ခံစားနေရတယ်"

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ အပတ်က သေဆုံးသွားတဲ့ ကေပေါ့ပ် အဆိုတော် ဂူးဟာရာဟာ သူ့ကို သူ့ရည်းစားကောင်လေးက တိတ်တိတ်ခိုးပြီး ဗီဒီယိုရိုက်ထားခဲ့တာကို တရားဥပဒေကြောင်းအရဖြေရှင်းဖို့ လူသိရှင်ကြား တောင်းဆိုထားခဲ့ ချိန်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
အဲဒီလိုလည်း လုပ်ရော သူ့ကို အွန်လိုင်းကနေ ဝိုင်းပြီး အပြင်းအထန် တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။
တောင်ကိုရီးယားမှာ ဒီလို စပိုင်ကင်မရာထားပြီး ခိုးရိုက်ထားတဲ့ ညစ်ညမ်းဗီဒီယိုတွေ ဖြန့်တာကို အရေးယူမှုက တော်တော် အားနည်းပါတယ်။ ပေးတဲ့ ပြစ်ဒဏ်ကလည်း နည်းပါတယ်။
ဒါပေမယ့် အဲဒီလို ခိုးရိုက်ခံလိုက်ရသူတွေဟာ သူတို့ကိုယ်တိုင်သားကောင်ဖြစ်ခဲ့ပေမယ့် လူတွေက သူတို့ကိုပဲ အပြစ်ဖို့ခံရတာတွေ ရှိနေတယ်လို့ ဆိုးလ်မြို့က ဘီဘီစီသတင်းထောက် လော်ရာဘစ်ကာက ပြောပါတယ်။
"သူ သမီးကို ခုထိ ခိုးကြည့် စောင့်ကြည့်နေတုန်းပဲလို့ ခံစားနေရတယ်" လို့ ယွန်ဂျုလီးက သူ့ အဖေကို ပြောပါတယ်။
သူ့အဖေကို ဖုန်းခေါ်တဲ့အချိန်က မနက် အစောကြီး ၁ နာရီလောက်မှာပါ။ နောက်ထပ် အိပ်မက်ဆိုးတွေ မက်လာခဲ့ပြီးတဲ့နောက်မှာ သူ့အဖေဆီ ဖုန်းထပ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
နောက် ရက်ပိုင်းပဲ အကြာမှာ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။
ယွန်ဂျု (နာမည်ရင်းမဟုတ်) ဟာ တောင်ကိုရီးယားမှာ တနေ့တခြားများလာနေတဲ့ ချောင်းရိုက်ခိုးရိုက် ဗီဒီယိုတွေရဲ့ သားကောင်ဖြစ်သွားရသူပါ။
နိုင်ငံတောင်ပိုင်းက ဆေးရုံကြီးတစ်ရုံမှာ အလုပ်လုပ်နေတဲ့ သူနဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ယောက်က အမျိုးသမီး အဝတ်လဲခန်း နံရံမှာ အပေါက်လေးဖောက်ပြီး ကင်မရာသေးသေးလေးတစ်ခု တပ်ထားခဲ့ပါတယ်။
အဲဒီလိုကနေ မိန်းကလေးတစ်ယောက်ကို စကပ်အောက်နေ ဗီဒီယိုရိုက်ယူနေတာကို မိသွားလို့ ရဲတွေက စစ်တဲ့အခါမှာ သူ့ဖုန်းထဲမှာ အမျိုးသမီးလေးယောက်ကို ရိုက်ကူးထားတဲ့ ပုံတွေ ဗီဒီယိုတွေကို တွေ့ခဲ့ပါတယ်။
ယွန်ဂျု မကွယ်လွန်ခင် နောက်ဆုံးရက်ပိုင်းက သူ့မိဘတွေဆီဖုန်းခေါ်တဲ့ အသံကို သူတို့က ဘီဘီစီသတင်းထောက်ကို ဖွင့်ပြခဲ့ပါတယ်။ သူတို့ သမီး စိတ်ပိုင်းဆိုင်ရာ ဘယ်လောက် ထိခိုက်ခံစား နေခဲ့ရသလဲဆိုတာကို သူတို့က ပြချင်တာပါ။

သူ တစ်နေ့ ဆေးရုံကိုအလာ လမ်းမှာ သူ့ကို ဗီဒီယိုခိုးရိုက်သူနဲ့ လမ်းမှာ တွေ့ပါတယ်။ သိပ်လန့်သွားတဲ့ သူက သူတို့ဆေးရုံ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်ကို ဖုန်းလှမ်းခေါ်ပါတယ်။ အဲဒီတုန်းက ပြောဆိုကြတာတွေကို သမဂ္ဂအဖွဲ့ဝင်က အသံဖမ်းထားခဲ့ပါတယ်။ ယွန်ဂျုဟာ အသက်မရှူနိုင်ဖြစ်နေပြီး သူ့အသံကလည်း တိုးလွန်းလို့ မကြားရသလောက်ပါပဲ။
"ထွက်ခဲ့ပါ၊ ဆေးရုံက အခုထွက်လာခဲ့ပါ" လို့ သမဂ္ဂကိုယ်စားလှယ်က သူ့ကို ပြောပါတယ်။ ယွန်ဂျု ဘယ်လောက်ကြောက်နေသလဲဆိုတာ သူ့ အသံမှာ ကြားရပါတယ်။
"လာလို့ မရဘူး၊ မလာရဲဘူး၊ သူနဲ့ လမ်းမှာ ထပ်တွေ့မှာ ကြောက်တယ်" ဆိုတာလောက်ပဲ ပြောနိုင်ပြီး ဘေးက သူနာပြုတစ်ယောက်ကို ဖုန်းကို လှမ်းပေးလိုက်ပါတယ်။
အဲဒီလို လမ်းမှာ ကြုံလိုက်ရတာဟာ သူ့ကို အရမ်း စိတ်ထိခိုက်တုန်လှုပ်သွားစေခဲ့ပြီး အဲဒီလူ လက်က သူဘယ်လိုမှ မလွတ်နိုင်တော့ဘူးလို့တောင် အထင်ရောက်သွားစေခဲ့တယ်လို့ သူ့ မိဘတွေက ပြန်ပြောပြပါတယ်။
"လူတစ်ယောက်ကို လက်နက်မသုံးဘဲ သတ်ပြစ်နိုင်တဲ့ သဘောပေါ့ဗျာ" လို့ သူ့အဖေက ပြောပါတယ်။ "အခုလို လုပ်ခံရရင် ခံရတဲ့နေရာတွေ တုံ့ပြန်နိုင်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး၊ တချို့ကျတော့လည်း ကျော်လွှားသွားနိုင်တယ်။ ကျွန်တော်သမီးလို တချို့ကျတော့လည်း မခံစားနိုင်ဘူးပေါ့။"
"သူ့ကို လုပ်တဲ့သူက ကျွန်တော့်သမီးနဲ့ သိတဲ့သူ တော်တော်များများကို သူလည်း သိတယ်။ သမီး အကြောက်ဆုံးက အဲဒီ ဗီဒီယိုကို သူနဲ့ သိတဲ့သူတွေဆီ ဖြန့်လိုက်မှာ၊ အွန်လိုင်းပေါ် မတင်လိုက်တောင် တခြားလူတွေကို ပြခဲ့မှာကို သူတော်တော် ကြောက်သွားခဲ့တာပါ။"
ဒီလအစောပိုင်းတုန်းကတော့ အဲဒီလို ကျူးလွန်သူကို တရားရုံးက ထောင်ဒဏ် ၁၀ လချခဲ့ပါတယ်။ အစိုးရရှေ့နေတွေက ထောင် နှစ်နှစ်ချဖို့ တောင်းဆိုခဲ့တာပါ။ တရားမဝင် ဗီဒီယိုရိုက်မှုကို အမြင့်ဆုံး ပေးနိုင်တဲ့ ပြစ်ဒဏ်က ထောင် ၅ နှစ်ပါ။
ယွန်ဂျုရဲ့ မိဘတွေကတော့ အဲဒီ ပြစ်ဒဏ်ပမာဏကို တိုးဖို့ အယူခံဖို့ ဆုံးဖြတ်ထားပါတယ်။
"လူတွေက ဒီ ကိစ္စကို သိပ်အလေးအနက်မထားကြဘူး။ ပေးတဲ့ ပြစ်ဒဏ်က သိပ်ကို နည်းလွန်းပါတယ်" လို့ မစ္စတာလီးက ပြောပါတယ်။
"နှစ်နှစ် ချရင်တောင် သိပ်နည်းပါတယ်။ ကျွန်တော့် သမီးလို ခံစားခဲ့ရသူတစ်ယောက်ရဲ့ ဖခင်နေရာက ပြောရင် ၁၀ လဆိုတာ အရမ်းနည်းတာပေါ့ဗျာ။"
သိပ်အလေးအနက်မထားကြဘူး
ဒီက အမျိုးသမီး အများစုကြီးကတော့ အဲဒီလို သဘောရကြပါတယ်။ သူတို့တွေက လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုတွေကို ပိုပြီးကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ သမ္မတရုံးသိအောင် အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။ တောင်ကိုရီးယားမှာ လိင်ပိုင်း ကျူးလွန်မှုဆိုတာက ဗီဒီယိုတွေ တိတ်တိတ်ခိုးရိုက် ချောင်းရိုက်မှုက အများစု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအပတ်ထဲမှာတော့ ကေပေါ့ပ်စတား ဂူးဟာရာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ယူဆစရာ သေဆုံးမှု ဖြစ်ခဲ့အပြီး ဒီလို ချောင်းရိုက် ခိုးရိုက် အမှုတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုမှုတွေက လူတွေကြား ပိုပြီး ကျယ်ကျယ်လောင်လောင် ဖြစ်လာခဲ့ပါတယ်။
ဂူးဟာရာ ဟာ ကေပေါ့ပ်စတားတွေကြားက တော်ဝင် မင်းသမီးတစ်ပါးပါ။ သူဟာ ကာရာဆိုတဲ့ အမျိုးသမီးသီးသန့် ကေပေါ့ပ်ဂီတ အဖွဲ့ဝင်အဖြစ် နာမည်ကြီးလာခဲ့ပြီး တောင်ကိုရီးယားမှာ အကျော်ကြားဆုံး အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်အချိန်က စလို့ သူ့ရဲ့ စင်မြင့် ပြင်ပက ဘဝဇာတ်လမ်းတွေက လူတွေကြား အပြောများလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတော့ သူက ချစ်သူဟောင်း ချွိုင်းဂျွန်ဘွမ်ကို တရားစွဲခဲ့ပါတယ်။ သူတို့ချစ်သူ ဘဝ အတူနေတုန်းက ချစ်တင်းနှောနေတဲ့ပုံ ဗီဒီယိုတွေကို ထုတ်ပြန်ပြီး သူ့ဂီတလမ်းကြောင်းကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့လို့ ဆိုပါတယ်။
ဒီနှစ် သြဂုတ်လမှာတော့ တရားရုံးက ချွိုင်းဂျွန်ဘွမ်ဟာ တစ်ဘက်သားအနာတရဖြစ်အောင် လက်ရောက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု၊ လှည့်ဖျားမှု၊ ပစ္စည်းဥစ္စာပျက်စီးအောင် ဖျက်ဆီးမှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ချမှတ်တဲ့ ပြစ်ဒဏ် တစ်နှစ်နဲ့ ခြောက်လကိုတော့ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
သူတို့အတူနေကြတဲ့ ဗီဒီယိုကို ရိုက်ကူးတုန်းက ဂူးဟာရာရဲ့ သဘောတူညီချက် မယူဘဲ လုပ်ခဲ့တယ်ဆိုတာကို တရားရုံးက သဘောတူပါတယ်။ ဒါပေမယ့် အဲဒီအချိန်က သူတို့ နှစ်ယောက် ချစ်သူတွေ အဖြစ် ရှိနေကြချိန်မို့ အခုလို ရိုက်ကူးတာကို တရားမဝင် ခိုးရိုက်မှုအဖြစ်တော့ တရားရုံးက မသတ်မှတ်ခဲ့ပါဘူး။
မစ္စတာချွိုင်းရော ဂူးဟာရာဟာ အဲဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ထားကြပါတယ်။ ချွိုင်းဂျွန်ဘွမ်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ဆက်ငြင်းဆိုနေဆဲပါ။
ဂူးဟာရာရဲ့ ပရိသတ်တွေကတော့ တရားရုံးဟာ ဂူးဟာရာအပေါ် မမျှမတလုပ်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
"ဟာရာကို ကယ်ဖို့ကတော့ သိပ်နောက်ကျသွားပြီ။ ဒါပေမယ့် အနည်းဆုံးအနေနဲ့တော့ သူနဲ့ သူ့လိုပဲ စော်ကားခံရတဲ့ အမျိုးသမီးတွေ အားလုံးအတွက် တရားမျှတမှုကိုတော့ ဆောင်ကြဉ်းပေးနိုင်ကြပါလိမ့်မယ်။ #최종범_처벌 [ချွိုင်းကိုအပြစ်ပေးကြ]ဒီ ဟက်ရှ်တက်ခ်ကို သုံးကြ ဖြန့်ကြပါ" လို့ @bpteaparty ဆိုတဲ့ အကောင့်က ရေးပြီး တင်ထားပါတယ်။
"ဟာရာ ဒီလောက်အထိ ခံစားသွားရတာကို ကျွန်မ အတော်ကြီး စိတ်ထိခိုက်မိပါတယ်။ သူ့အပေါ် ကျူးလွန်သူ ထောင်ထဲမှာ ရှိမနေတာကိုက ပြစ်မှုကြီးပါပဲ။ #RIPGooHara #최종범_처벌" ဆိုပြီး @elizabethashw12 က ရေးတင်ထားပါတယ်။
စပိုင်ကင်မရာ ခိုးရိုက် ချောင်းရိုက်ကိစ္စတွေ ပြဿနာကြီး ဖြစ်လာနေတာဟာ တောင်ကိုရီးယားမှာ သတင်းတောင် မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒီလို ခိုးရိုက်အမှုပေါင်း ၁၁၂၀၀ ကျော် ရဲဆီမှာ တိုင်တန်းထားတာ ရှိနေပါတယ်။
ဒစ်ဂျစ်တယ်စာမျက်နှာတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပပျောက်ရေးလှုပ်ရှားသူတွေကတော့ ရဲဆီလာမတိုင်ရဲလို့ ကြိတ်မှိတ်ခံနေရသူတွေ အများကြီးရှိလိမ့်ဦးမယ်လို့ ယုံကြည်နေပါတယ်။ အပြစ်ရှိသူလို့ ဆုံးဖြတ်ခံရသူတွေဟာ အများအားဖြင့်တော့ ဒဏ်ကြေးလောက်နဲ့ ပြီးသွားတတ်ကြပါတယ်။

ရှေ့နေ အန်ဆိုယွန်းကတော့ ဒီလောက် လူအများကြီးကို တရားစွဲဆိုနေရတာတော့ဆိုတော့ တရားရုံးတွေဟာ ပြစ်ဒဏ်ကြီးတွေကို သိပ်ဆိုးတဲ့ ပြစ်မှုတွေမှသာ ချမှတ်တော့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။
"လူထုကို အကာအကွယ်ပေးနေရသူ တစ်ယောက်အနေနဲ့ တော်တော်လေးကို ထိတ်လန့် အံ့အားသင့်မိပါတယ်။ ဒီ စပိုင်ကင်မရာတွေဟာ နေရာတိုင်းမှာ ရှိနေတယ်၊ လမ်းပေါ်မှာ၊ မြေအောက်ဘူတာတွေမှာ၊ ပန်းခြံတွေမှာ လူ့ အသိုင်းအဝိုင်းရဲ့ နေရာတိုင်းမှာ ရှိနေကြပြီ"
"ဟုတ်ပါတယ်။ ဒီလို ခိုးရိုက်တာတွေကို ချမှတ်တဲ့ ပြစ်ဒဏ်က သိပ်ပေါ့လွန်းပါတယ်။ ဒါကလည်း အမှုတွေက များလွန်းလို့ပါ။ ဖြစ်တာကလည်း ကျယ်ပြန့်လွန်းနေတော့ တရားရုံးတွေက သိပ်အလေးအနက် မထားကြတော့ဘူး။ အမျိုးသားတွေ ခံရတာ မဟုတ်တော့လည်း သိပ်အလေးအနက်မထားကြဘူးပေါ့။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုလို ခိုးရိုက်တာကို ခံရသူ အများစုကြီးက အမျိုးသမီးတွေ ဖြစ်ကြပြီး တရားသူကြီး အများစုကတော့ အမျိုးသားတွေ ဖြစ်ကြပါတယ်။
"ပြောရရင် တရားရုံးစနစ်ကိုက အမျိုးသားတွေဘက် ယိမ်းတာ ဖြစ်နေတယ်" လို့ မစ္စအန်က ပြောပါတယ်။ ဒါပေမယ့် ပြောင်းလဲစတော့ ပြုလာပါပြီလို့ သူက ဆက်ပြောပါတယ်။
ကိုယ်နဲ့သိတဲ့ လူတစ်ယောက်က ကိုယ့်ကို ဗီဒီယိုခိုးရိုက်တာကို ခံရသူတွေဟာ "ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ" ရသွားတတ်ကြတယ်လို့ ကိုရီးယား ကိုယ့်ကိုယ်ကိုယ်သတ်သေမှု တားဆီးရေးဌာနက ညွှန်ကြားရေးမှူးက ပြောပါတယ်။
"စပိုင်ကင်မရာတွေနဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာဖြစ်သလို လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ပုဂ္ဂလိက လုံခြုံရေးကို ကြီးကြီးမားမား ဖောက်ဖျက်ကျူးလွန်မှုလည်း ဖြစ်ပါတယ်" လို့ ပိုက်ဂျွန်ဝူးက ပြောပါတယ်။
"ကျူးလွန်ခံရသူတွေ အသက်သေဆုံးရတဲ့ လု့အသိုက်အဝန်းတစ်ခု ဘယ်တော့မှ မဖြစ်လာသင့်ပါဘူး။"
သူက စပိုင်ကင်မရာနဲ့ ခိုးရိုက်ခံရဖူးတဲ့သူကို သိရင် အဲဒီလူကို ဂရုတစိုက်စောင့်ရှောက်ပေးသင့်တယ်လို့ သူက ဆိုပါတယ်။
ကိုရီးယား အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူက ဗီဒီယို ခိုးရိုက်တာခံရသူနဲ့ တခြား လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ခံခဲ့ရသူ အမျိုးသမီး ၂၀၀၀ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ထဲမှာ ၂၃ ရာခိုင်နှုန်းက သတ်သေဖို့ စိတ်ကူးခဲ့ပြီး၊ ၁၆ ရာခိုင်နှုန်းကတော့ သတ်သေဖို့ကိုတောင် အစီအစဉ်တွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီး ၂၃ ယောက်ကတော့ တကယ်ကိုပဲ သတ်သေဖို့ကြိုးစားခဲ့ကြပါတယ်။
"ခံရသူတစ်ယောက်ကို အားပေး ကူညီနှစ်သိမ့်ဖို့လိုပါတယ်။ သူတို့ ဒဏ်ရာတွေ သက်သာပျောက်ကင်းဖို့ လိုပါတယ်" လို့ မစ္စတာပိုက်က ပြောပါတယ်။
"ရာဇဝတ်မှုကို ကျူးလွန်သူတစ်ယောက်ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးတာဟာ လူ့အသက်တွေကို လေးစားတဲ့ ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံပါပဲ။"

တောင်ကိုရီးယားရဲ့ တရားရေးဝန်ကြီးဌာနကတော့ ဂူးဟာရာအမှုဖြစ်လာပြီးတဲ့နောက်မှာ သူတို့အနေနဲ့ ဥပဒေတွေကို ပြင်ဆင်ခဲ့ပြီး အဆိုးဝါးဆုံးအမှုတွေမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်အောင်လုပ်ကြဖို့လည်း တရားစွဲအရာရှိတွေကို တိုက်တွန်းထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် အဲဒီလို စီရင်ဖို့ဆိုတာ တရားရုံးတွေရဲ့ ကိစ္စသာဖြစ်ပြီး ဝန်ကြီးဌာနနဲ့ မဆိုင်ပါဘူးလို့ဆိုပါတယ်။
တရားရုံးချုပ်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဖွင့်ပြောရဲသူ အမျိုးသမီးတွေအတွက် အန္တရာယ်
တရားမျှတမှုရဖို့ အရေး လုပ်ရတဲ့ လုပ်ငန်းစဉ်ကလည်း ကြာမြင့်ပြီး ခက်ခဲလှပါတယ်။
ဂူးဟာရာ ကိုယ်တိုင် သူ့အမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ အကြိမ်ကြိမ်သွား ထွက်ဆိုခဲ့ရပါတယ်။
သူ ဘယ်သူဘယ်ဝါဆိုတာ လျှို့ဝှက်ထားလို့လည်း မရ၊ ဘာအမှုလဲ ဆိုတာကိုလည်း ဖုံးထားလို့ မရခဲ့ပါဘူး။
အဲဒီအချိန်တုန်းက "ဂူးဟာရာရဲ့ လိင်ဗီဒီယို" ဆိုတာ အွန်လိုင်းမှာ လူပြောများနေတဲ့ အကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့ကို ချစ်တဲ့ ပရိသတ်တွေက ဆက်ပြီး အားပေးနေခဲ့ပေမယ့် ဆိုရှယ်မီဒီယာပေါ်မှာတော့ သူ့ကို ပုတ်ခတ်တိုက်ခိုက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ကေပေါ့ပ်အကြောင်း သုံးသပ်ရေးသားသူ တာမာဟာမန်က Billboard မဂ္ဂဇင်းထဲမှာ ဂူးဟာရာအကြောင်း စိတ်ထိခိုက်စရာရေးသားခဲ့ပြီး အဲဒီအထဲမှာ "သူသေဆုံးရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ကနေ သူနေထိုင်သွားခဲ့ရတဲ့ ကမ္ဘာကြီးထက် ပိုပြီး ကြင်နာတတ်တဲ့ ကမ္ဘာတစ်ခုဖြစ်လာဖို့ တွန်းအားဖြစ်စေဖို့ မျှော်လင့်ပါတယ်" လို့ ရေးထားပါတယ်။
ဂူးဟာရာ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။
အများစုကတော့ ကေပေါ့ပ်ယဉ်ကျေးမှုရဲ့ မှောင်မိုက်တဲ့ အခြားတစ်ဖက်က စာမျက်နှာ အကြောင်းပါ။ အပြိုင်အဆိုင်များလှတဲ့ ဒီလုပ်ငန်းကြီးမှာ နာမည်ကျော်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ပုဂ္ဂလိက ဘဝမှာတောင် လူအများ သတ်မှတ်လက်ခံထားတဲ့ လူမှုရေး စံနှုန်းတွေအတိုင်းပဲ နေကြရသူတွေ ဖြစ်လာပါတယ်။
ဒီထက်ပိုကျယ်ပြန့်တဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။
ဂူးဟာရာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လည်းဖြစ်၊ ကေပေါ့ပ်ကြယ်ပွင့်တစ်ပွင့်လည်း ဖြစ်တဲ့ ဆူလီကို ဆုံးရှုံးလိုက်ရပါတယ်။
ဆူလီက သူ့ကိုယ်သူ သတ်သေသွားတာပါ။
ဆူလီဟာ ပွင့်ပွင့်လင်းလင်း ပြောတတ်သူအဖြစ် နာမည်ကြီးပါတယ်။ ဒါဟာ ကေပေါ့စ်စတားတွေကြားမှာ မြင်ရခဲတဲ့ အပြူအမူတစ်ခုပါ။
အမျိုးသမီးတစ်ယောက်က ဒီလို ပွင့်လင်းလာပြီး အသိုင်းအဝိုင်းက သတ်မှတ်လက်ခံထားတဲ့ ပုံစံနဲ့ ကွဲထွက်လာတော့ သူဟာ အွန်လိုင်းပေါ်မှာ ပစ်မှတ်ထား လှောင်ပြောင်သရော်တာ ခံလာခဲ့ရပါတယ်။

တောင်ကိုရီးယားဟာ အခုထိ ရှေးရိုးစွဲဆန်ပြီး ယောက်ျားလေးက ဦးဆောင်တဲ့ မိသားစုစနစ် ရှိတဲ့ လူ့အဖွဲ့အစည်း အဖြစ်ရှိနေတုန်းပါ။
ဒီအယူအဆတွေ စပြီး ပြောင်းလာနေပါတယ်။ ဒါပေမဲ့ အပြောင်းအလဲက နှေးနေတုန်းပါပဲ။
ဒါကြောင့် မိန်းကလေးတွေကို အနိုင်ကျင့်တာတွေကို သေချာ အလေးအနက်ထား အရေးယူရမယ့် နေရာတွေမှာ လုပ်သင့်သလောက် မလုပ်သေးပါဘူး။
လူသိများ ထင်ရှားတဲ့ ကေပေါ့စတား ဂိုဟားရားလို မိန်းကလေးတွေ ဆိုရှယ်မီဒီယာမှာ အရှက်ခွဲ ဓားစာခံ အလုပ်ခံရပြီးတဲ့နောက် ဒါတွေက ဘာတွေ ဖြစ်နေပြီလဲဆိုတာ ပြောနေတာတွေများလား။
ချောင်အန်း တက္ကသိုလ်က လူမှုဗေဒပညာရှင် လီနာယောင်းက တောင်ကိုရီးယားမှာ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ကျင့်ခံရသူတွေဟာ သိက္ခာချ ပုတ်ခတ် အပြောခံကြရလေ့ရှိတယ်လို့ ပြောပါတယ်။
"သူက ရွံစရာကောင်းတယ်၊ မကောင်းတဲ့မိန်းမ၊ အမှိုက်ပဲ လို့ ပြောကြတယ်။ အဲလို တစ်ခါတံဆိပ်ကပ်လိုက်ကြပြီးရင် တစ်ဘဝလုံး မကောင်းတဲ့ မိန်းမလို့ မြင်သွားကြရောပဲ။ ဒီလို စိတ်ဒုက္ခကြီးကို ဘယ်လိုလုပ် သယ်ပိုးထားနိုင်မှာလဲ" လို့
သူက ပြောပါတယ်။
ဒါပေမဲ့ အခုတော့ အပြောင်းအလဲတွေအတွက် မျှော်လင့်ချက်တွေ စလာပါပြီ။
အထူးသဖြင့် မိန်းကလေးငယ်တွေက သူတို့ ရဲရဲဝံ့ဝံ့ ပြောကြဖို့ လိုပြီ ဆိုတာကို သဘောပေါက်လာကြပါပြီ။
ပြီးခဲ့တဲ့ နှစ်ကဆိုရင် မိန်းကလေးတွေ ထောင်သောင်းချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါ ချောင်းရိုက်၊ခိုးရိုက်တဲ့ စပိုင် ကင်မရာတွေနဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ပေးဖို့ တောင်းဆိုကြတာပါ။ "ကျွန်မတို့ဘဝက ရှင်တို့အတွက် အပြာရုပ်ရှင်တွေ မဟုတ်ဘူး"လို့ သူတို့က အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။
လက်တွေ့မှာတော့ ဥပဒေတွေ အများကြီး ပြောင်းလဲလာတာ မရှိသေးပါဘူး။
ဒါပေမဲ့ ဒီလို တောင်းဆိုတာတွေက အမျိုးသမီးတွေဘက်မှာ အားပေးကူညီသူတွေ ရှိတယ်ဆိုတာကို သဘောပေါက်စေပါတယ်။
ဒါ့အပြင် တရားရုံးတွေမှာ အမျိုးသမီးတွေဟာ လိင်အနိုင်ကျင့်ခံရတဲ့ အမှုတွေမှာ အနိုင်ရလာပြီလို့လည်း ရှေ့နေ အန်ဆိုယွန်းက ပြောပါတယ်။
"ကျွန်မတို့ဟာ နာကျင်မှုတွေကြုံခဲ့ကြရပါတယ်"၊
" ဒါပေမဲ့ တောင်ကိုရီးယားက လူငယ်တွေဟာ တိုးတက်လာတယ်၊ လူမှုရေး အသိအမြင် ရေချိန်လည်း တိုးတက်လာတာ အရမ်းမြန်လာတယ်"၊
"ဒါကို တရားရေး စနစ်ကလည်း မြန်မြန်ဆန်ဆန် တုံ့ပြန်လာနိုင်တယ်။ ဒါကြောင့် အပြောင်းအလဲက ပိုကောင်းလာမယ်လို့ ကျွန်မက အကောင်းဘက်က မြင်ပါတယ်" လို့ သူက ပြောပါတယ်။
ဒါကြောင့် အကြီးမားဆုံး အပြောင်းအလဲက လူတွေကြားကပဲ စရမယ်လို့ သူက ပြောပါတယ်။
"တရားရေး စနစ် တိုးတက်လာဖို့က ဒုတိယပါ"၊
"အရေးအကြီးဆုံး တိုးတက်လာဖို့က လူမှုအသိုင်းအဝိုင်းနဲ့ ယဉ်ကျေးမှု အသိရေချိန် တိုးတက်ဖို့ပါပဲ"
"တကယ်လို့ လူတွေနဲ့ အသိုင်းအဝိုင်းတစ်ခုလုံးက ပိုကောင်းအောင် မတောင်းဆိုကြဘူး၊ မေးခွန်းမထုတ်နိုင်ကြဘူးဆိုရင် လွှတ်တော်၊ ရဲတွေနဲ့ တရားရုံးတွေကလည်း ဘာမှာ သိပ်လုပ်နိုင်မှာ မဟုတ်ဘူး" လို့ သူက ပြောပါတယ်။
ဒီလိုတောင်းဆိုကြသူတွေထဲမှာ ယွန်ဂျုလီးရဲ့ မိဘတွေက တရားရေး စနစ်ကို ပိုကောင်းအောင် တောင်းဆိုခဲ့သူတွေပါ။
သူတို့က သူတို့သမီးရဲ့တိုက်ခန်းကို ခေါ်သွားပြီး သူ့ရဲ့ ပစ္စည်းလေးတွေကို ပြပါတယ်။
သူက ဇန်နဝါရီလဆိုရင် လက်ထပ်တော့မှာပါ။
သူနဲ့ စေ့စပ်ထားတဲ့ ကောင်လေးကလည်း ဒီအိမ်ကိုလာရင် သူ့အငွေ့အသက်တွေ ရလို့ အခုထိ ဒီအိမ်ကို လာနေတုန်းပဲလို့ သူ့အမေက ပြောပါတယ်။
အိမ်က ပရိဘောဂတွေကလည်း ဆိုင်ကလာချထားတဲ့အတိုင်း အသစ်စက်စက်တွေပါပဲ။

ဒီနေရာလေးက လက်ထပ်ပြီးစ စုံတွဲလေး သူ့တို့ ဘဝသစ်ကို စကြတော့မယ့် နေရာလေး ဖြစ်ခဲ့ပါတယ်။
လက်တွေ့မှာတော့ သူ့မိဘတွေက သမီးလေးအတွက် တရားရင်ဆိုင်ဖို့ ပြင်ထားရပါတယ်။
သမီးအတွက် စိတ်ကို ပြင်ဆင်ထားတယ်လို့ သူ့အဖေက အခုလို ပြောပါတယ်။
"ကျွန်တော်က ရေဆုံးရေဖျားလုပ်မယ်။ သမီးအတွက် တရားရုံးချုပ်အထိကို တက်မယ်"








