ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်မှာ လောင်စာဆီဈေးတက်လို့ ဆန္ဒပြ
အီရန်မှာ လောင်စာဆီ ဈေး ၅၀ ရာခိုင်နှုန်း အထိ တိုးပြီး ရောင်းတာကိုလည်း ခွဲတမ်းနဲ့ပဲ ရောင်းမယ်လို့ အစိုးရက ကြေညာပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်း ဒုတိယမြောက်နေ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အီရန် အလယ်ပိုင်း ဆာဂျန်မြို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ညက ဆန္ဒပြသူတွေက လောင်စာဆီ ဂိုထောင်ကို မီးရှို့ဖို့ ကြိုးစားတဲ့အထိ ဖြစ်ခဲ့ရာမှာ ရဲတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တာကြောင့် သေဆုံးသူ တဦးရှိပြီး ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ အစိုးရသတင်းဌာန အာနာက ပြောပါတယ်။
နောက်ထပ် သေဆုံးသူ တဦးကတော့ ဘာဘာဟန်မြို့က ဖြစ်ပြီး ဆန္ဒပြပွဲ အခြေအနေက မြို့တော် တေဟရန် အပါအဝင် ကာမန်ရှား၊ အစ်စ်ဖာဟန်၊ တဘရစ်၊ ကာရက်ဂျ်၊ ရှီရက်ဇ်၊ ရက်ဇ်၊ ဘူရှဟာနဲ့ ဆာရီမြို့တွေအထိ ပျံ့နှံ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အခုလို ဆန္ဒပြပွဲ ဖြစ်တဲ့ မြို့တွေမှာ ကားတွေကို လမ်းမပေါ် စက်ပိတ် ရပ်ထားခဲ့ပြီး ဆန္ဒပြတာမျိုးလည်း ရှိခဲ့သလို မြို့တော် တေဟရန်က အီမန် အလီ အဝေးပြေး လမ်းမပေါ်မှာ ဆိုရင် ရဲတွေကို ပူးပေါင်း ပါဝင်ဖို့ တောင်းဆိုနေကြတာကို အွန်လိုင်းက ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
အီရန်အစိုးရကတော့ အခုလို လောင်စာဆီ ဈေးတင်လို့ ရလာတဲ့ ရန်ပုံငွေကို လူမှုဖူလှုံရေး ဝင်ငွေ လိုအပ်နေတဲ့ အီရန် နိုင်ငံသား သန်း ၆၀ ကို ပေးအပ်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
၂၀၁၅ မှာ ချုပ်ဆိုခဲ့တဲ့ အီရန်နဲ့ နိုင်ငံတကာ နျူးကလီးယားစာချုပ်ကနေ ၂၀၁၈ မှာ အမေရိကန်က နုတ်ထွက်အပြီး အီရန်ကို စီးပွားရေး ဒဏ်ခတ်မှုတွေလည်း ပြန်လုပ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၁၈ လ အတွင်း အီရန် စီးပွားရေး အခြေအနေ ပိုဆိုးလာခဲ့တာ ဖြစ်ပါတယ်။
လောင်စာဆီဈေးတက်မှုနဲ့ ခွဲတမ်းချမှု အပြောင်းအလဲ
အီရန်မှာ လောင်စာဆီ တဂါလံကို အီရန် ရီရယ်ငွေ တသောင်းခွဲ (အမေရိကန် ဒေါ်လာ ၁၃ ဆင့်) နဲ့ ၁၃ ဂါလံ အထိ ခွဲတမ်း ဝယ်ခွင့်ရပြီး ၁၃ ဂါလံ အထက် ဝယ်ချင်ရင်တော့ တဂါလံကို ရီရယ်ငွေ သုံးသောင်း (အမေရိကန်ဒေါ်လာ ၂၆ ဆင့်) နှုန်းနဲ့ အစိုးရက ဈေးတင်ရောင်းဖို့ ကြေညာထားတာ ဖြစ်ပါတယ်။
အခုလို အပြောင်းအလဲ မဖြစ်ခင်မှာ တဂါလံကို ရီရယ် တသောင်းနှုန်းနဲ့ ၅၅ ဂါလံ အထိ ဝယ်ခွင့်ရနေခဲ့တာလို့ ဆိုပါတယ်။
အခုလို ဈေးတင်ရောင်းတဲ့ တနှစ် အမြတ်ဝင်ငွေ ရီရယ် ကုဋေ သုံးထောင်ကို ဝင်ငွေချို့တဲ့တဲ့ အီရန် အိမ်ထောင်စုပေါင်း ၁၈ သန်းအတွက် လူမှုဖူလှုံရေး ဝင်ငွေ ပိုပေးမှာ ဖြစ်တယ်လို့ အီရန်အစိုးရ စီမံကိန်းနဲ့ ရန်ပုံငွေ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘကာ နိုဘတ် က ပြောပါတယ်။
အီရန်သမ္မတ ဟာဆန် ရူဟာနီ ကလည်း အဲဒီ ဝင်ငွေတွေက အီရန်ဘဏ္ဍာရေးဆီကို သွားမှာမဟုတ်ဘဲ အကျပ်အတည်းဖြစ်နေတဲ့ အီရန်နိုင်ငံသား ၇၅ ရာခိုင်နှုန်းအတွက်လို့ ဆိုပါတယ်။
အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုရဲ့ သက်ရောက်မှု
အမေရိကန်က အီရန်ကို နိုင်ငံတကာ ဈေးကွက်မှာ ရေနံတင်ပို့ခွင့် ကန့်သတ်မှုအပြင် ရေနံ သန့်စင်ဖို့ လိုအပ်တဲ့ စက်ပစ္စည်းတွေကိုလည်း တင်သွင်းခွင့် ကန့်သတ်လိုက်တဲ့အတွက် အီရန် ငွေဈေး ကျဆင်းပြီး တနှစ်အတွင်း ငွေကြေးဖောင်းပွမှုလည်း လေးဆအထိ တိုးလာခဲ့လို့ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေပါ ထိခိုက်လာခဲ့တာ ဖြစ်ပါတယ်။
ယခင် ရေနံကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီပြီး ရနေတဲ့ အခြေအနေမှာ လောင်စာဆီကို အစိုးရက ဈေးလျှော့ရောင်းပေး နေခဲ့တာကြောင့် ငွေကြေးတန်ဖိုးကျလာတဲ့ အခုအချိန်မှာ ဈေးတင်ရတဲ့ ကွာဟမှုတွေ ပိုဆိုးလာခဲ့ ပါတယ်။
အီရန်ရဲ့ နျူးကလီးယား ထုတ်လုပ်ရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို ကန့်သတ်ဖို့ ၂၀၁၅ ခုနှစ်မှာ ဥရောပသမဂ္ဂ အပါအဝင် တရုတ်၊ ရုရှား၊ နဲ့ ဂျာမနီ၊ ယူကေ၊ အမေရိကန်တို့ သဘောတူ စာချုပ်ခဲ့ကြပေမယ့် ၂၀၁၇ မှာ တက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ကန့်သတ်ချက်တွေ မလုံလောက်ဘူး ဆိုပြီး ၂၀၁၈ မေလ မှာ နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။
အခုလို သဘောထားကွဲတဲ့ အခြေအနေကို ပါဝင် လက်မှတ်ထိုးတဲ့ နိုင်ငံတွေက စေ့စပ်ဖို့ ကြိုးစားကြပေမယ့် မအောင်မြင်ခဲ့ပဲ အီရန်ဘက်ကလည်း ကန့်သတ်ခံထားရတဲ့ နျူးကလီးယား လုပ်ငန်းတွေကို ပြန်လုပ်လာခဲ့ပြီး နျူးကလီးယား လက်နက် ထုတ်ဖို့ လုပ်တာ ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အီရန်က ငြင်းဆိုထားပါတယ်။