ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေခဲဥတွေ ဖင်လန်ကမ်းခြေမှာ ထူးထူးခြားခြား ဖုံးအုပ်သွား
ဖြစ်တောင့်ဖြစ်ခဲ ရာသီဥတု အခြေအနေကြောင့် ဖင်လန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ဥပုံသဏ္ဍာန် ရေခဲလုံးတွေ ဖုံးအုပ်သွားခဲ့ပါတယ်။
ဖင်လန်နဲ့ ဆွီဒင် ကြားက ပင်လယ်ကွေ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟေလူအိုတိုမှာ ရေခဲဥတွေ ဖုံးနေခဲ့ပြီး အပျော်တမ်း ဓာတ်ပုံဆရာ ရစ်စတို မတ်တီလာက ဒါတွေကို တွေ့ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
နှင်းလုံးတွေကို ရေက ဖုံးလိုက်၊ လေကတိုက်လိုက်နဲ့ ထပ်ထပ်လိမ့်သွားရာက အခုလို ပုံစံမျိုး ဖြစ်လာတာလို့ ပညာရှင်တွက ပြောပါတယ်။
ဒီလိုမျိုး အဖြစ်အပျက်မျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူးလို့ အဲဒီနေရာနားက အိုလူမြို့ခံ မစ္စတာ မတ်တီလာက ပြောပါတယ်။
"ကျွန်တော်က မိန်းမနဲ့ မာဂျန်နိုင်မီ ကမ်းခြေကို သွားတာ။ နေကသာနေတယ်။ အပူချိန်ကတော့ အနုတ် ၁ ဒီဂရီ။ လေကတော့ တော်တော်တိုက်တဲ့ နေ့ပဲ" လို့ ပြောပါတယ်။
အဲဒီလို ရေခဲလုံးတွေ ဖုံးနေတာ ပေ ၁၀၀ လောက် အရှည် ရှိတယ်လို့ မစ္စတာ မတ်တီလာက ပြောပါတယ်။
ဒီနှင်းလုံးတွေထဲမှာ အသေးဆုံးက ကြက်ဥ အရွယ်လောက် ရှိပြီး အကြီးဆုံးကတော့ ဘောလုံးအရွယ်ထိ ရှိပါတယ်။
"အဲဒါ အင်မတန် အံ့သြဖို့ကောင်းတဲ့ မြင်ကွင်းပါ။ ကျွန်တော် ဒီမှာ ၂၅ နှစ်လောက် နေလာတာ တစ်ခါမှ ဒါမျိုး မမြင်ဖူးပါဘူး" လို့ ပြောပါတယ်။
ဘီဘီစီက မိုးလေဝသ သုံးသပ်သူ ဂျော့ချ် ဂွတ်ဖဲလိုးကတော့ ဒီလိုမျိုး နှင်းလုံးတွေ ဖြစ်ဖို့ ရာသီဥတုက အေးရမယ်၊ လေနည်းနည်းတိုက်ရမယ် လို့ ပြောပါတယ်။
နှင်းလုံးတွေကို ပင်လယ်ရေက ထပ်ဖုံးပြီး ခဲသွားတာက ဒီနှင်းလုံးတွေကို ပိုပြီး ချောမွတ်သွားစေတယ်လို့ သူက ပြောပါတယ်။
ဒီလို ဥပုံစံ နှင်းလုံးတွေ အရင်ကတော့ ရုရှားနဲ့ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့ဖူးပါသေးတယ်။
၂၀၁၆ တုန်းက ကမ်းခြေမှာ ၁၁ မိုင်လောက်ကို ဘောလုံးပုံ နှင်းလုံးကြီးတွေ ဖုံးနေတာကို ဆားဘီးယားက နိုင်ဒါ ဒေသခံတွေ တွေ့ခဲ့ဖူးကြပါတယ်။
အဲဒီနှင်းလုံးတွေက အသေးဆုံး တင်းနစ်ဘောလုံးလောက်ကနေ အကြီးဆုံး ၃ပေ လောက်ထိတောင် ရှိပါတယ်။