အမေရိကန်မှာ လူသတ်မှု သံသယ တရားခံနှစ်ဦး ထောင်ကို အပေါက်ဖောက် ထွက်ပြေး

ကယ်လီဖိုးနီးယားပြည်နယ်မှာ အံ့သြစရာကောင်းလောက်အောင် ထောင်ဖောက် ပြေးသွားနိုင်ခဲ့တဲ့ လူသတ်မှု သံသယ တရားခံနှစ်ဦးရဲ့ ပုံတွေကို ရဲတွေက ထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဆန်တော့စ် ဆယ်မြူယယ် ဖွန်ဆေးကာ နဲ့ အသက် ၂၀ အရွယ် ဂျော်နသန် ဆာလာဇာ တို့ဟာ ဆန်ဖရန်စစ္စကိုမြို့ တောင်ပိုင်း ဆာလီနက်စ်မြို့ အကျဉ်းထောင်က အိမ်သာ မျက်နှာကြက်တစ်ခုမှာ ၂၂ လက်မ အကျယ် အပေါက် ဖောက်ပြီး အဲဒီအပေါက်ထဲကနေ ထွက်ပြေးသွားခဲ့တာပါ။

အဲဒီလူတွေဟာ အစောင့်တွေ ကြည့်လို့မရတဲ့ နေရာတစ်ခုကို အသုံးချပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ ရဲမှူးရုံးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ သီးခြား လူသတ်မှု နှစ်ခုအတွက် တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဉ် တနင်္ဂနွေနေ့က ထောင်ဖောက် ထွက်ပြေး လွတ်မြောက်သွားတာပါ။

လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့သူတွေ ထောင်ထဲကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့အတွက် အတော့်ကို ဒေါသထွက် စိတ်ပျက်ခဲ့ရတယ်လို့ မွန်တာရီ ခရိုင်ရဲမှူးကြီး ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျော်နသန် သောန်ဘာ့ဂ် က ပြောပါတယ်။

လက်နက်ကိုင်ဆောင်ထားတယ်လို့ ယူဆရတဲ့ အဲဒီလူနှစ်ဦးဟာ အန္တရာယ်ပေးနိုင်ကြောင်း အာဏာပိုင်တွေက ကြေညာထားပြီး ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။

သူတို့ ဘယ်မှာ ရှိနေသလဲ ဆိုတာ သတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာ ၅၀၀၀ ဆုချမယ်လို့ ရဲမှူးကြီး ရုံးက ထုတ်ဖော် ကြေညာထားပါတယ်။

အဲဒီလူတွေ ဘယ်လို လွတ်မြောက်သွားတာလဲ

အဲဒီလူတွေဟာ ထောင်အစောင့်တွေ မမြင်နိုင်တဲ့ အိမ်သာထဲမှာ အပေါက် ဖောက်ခဲ့တာလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီအပေါက်ဟာ အရပ် ၅ ပေ ၇ လက်မစီ ရှိကြတဲ့ သူတို့နှစ်ဦး လျှိုပြီး ဝင်နိုင်လောက်အောင် ကျယ်တယ်လို့ ဆိုပါတယ်။

အဲဒီအပေါက်ကနေတဆင့် ပိုက်လိုင်းတွေနဲ့ ပြည့်နေတဲ့ ပြုပြင်ထိန်းသိမ်းတဲ့ နေရာတစ်ခုဆီ တွားသွားခဲ့ပါတယ်။ တချို့နေရာတွေမှာဆို ၁၁ လက်မလောက်ပဲ ကျယ်တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ အပြင်ထွက်တဲ့ မလွယ်ပေါက်တံခါးတစ်ခုကို အတင်းတွန်းပြီး အဲဒီလူနှစ်ယောက် ထွက်ပြေး လွတ်မြောက်သွားတာလို့ သိရပါတယ်။

အဲဒီ မလွယ်ပေါက် တံခါးဟာ အကျဉ်းထောင်ရဲ့ အနောက်ဘက်မှာ ရှိပြီး အဲဒီမှာ လုံခြုံရေး သံဆူးကြိုးတွေ ကာရံထားတာ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ကို ဘယ်လို စွဲချက်တွေနဲ့ တရားစွဲထားတာလဲ

အဲဒီ လူနှစ်ဦးကို သီးခြား လူသတ်မှု တစ်ခုစီမှာ ဆက်နွှယ်နေမှုနဲ့ မနှစ်တုန်းက ဖမ်းဆီးပြီး တရားစွဲခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆန်တော့စ် ဆယ်မြူယယ် ဖွန်ဆေးကာ ဟာ ၂၀၁၈ ခုနှစ် ဇွန်လက အသက် ၃၇ နှစ်အရွယ် လောရန်ဇို ဂိုမက်ဇ် အကော့စ်တာ နဲ့ အသက် ၂၇ နှစ်အရွယ် အာနက်စ်တို ဂါဆီယာ ခရူဇ် တို့ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ဂျော်နသန် ဆာလာဇာ ကတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာတုန်းက ဂျေမီ မာတီးနက်ဇ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးစလုံးက အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆိုထားတယ်လို့ Los Angeles Times သတင်းစာမှာ ဖော်ပြထားပါတယ်။