ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီးတွေမပါတဲ့ ပါကစ္စတန်က ဆန္ဒပြပွဲ
ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ် အင်မရန်ခမ်းကို ဖြုတ်ချဖို့အတွက် ထောင်နဲ့ချီတဲ့ ဆန္ဒပြတဲ့သူတွေ မြို့တော် အစ္စလာမ် မာဘတ်မြို့ကို ချီတက်လာနေပါတယ်။
ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေက ပါကစ္စတန်ရဲ့ အကြီးဆုံးအတိုက်အခံပါတီ အူလီမာ အီအစ္စလာမ် ပါတီ (JUI-F)ဝင်တွေ အများစု ဖြစ်ကြပါတယ်။
သူတို့တွေက အမဲရောင်နဲ့အဖြူရောင် အလံတွေကို ဝှေ့ယမ်းပြီး မုန်ညှင်းဆီရောင် ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ဒီမြင်ကွင်းတွေက မျက်စိကို ဖမ်းစားနိုင်ပေမယ့် ဒီမြင်ကွင်းထဲမှာ အမျိုးသမီး ဆန္ဒပြသမားတွေကို မတွေ့ရတာက ထူးထူးဆန်းဆန်း ဖြစ်နေပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ထုတ်ဝေတဲ့ လက်ကမ်း စာစောင်မှာတော့ အမျိုးသမီးတွေ အိမ်မှာနေပြီး ဉပုသ်စောင့်ပြီး ဆုတောင်းပေးဖို့ ဖော်ပြထားပါတယ်။
ဘီဘီစီ အူရဒူ သတင်းထောက်က JUI-F ပါတီက ဉီးဆောင်တဲ့ ဆန္ဒပြချီတက်ပွဲမှာ အမျိုးသမီးတဉီး တယောက်ကိုမှ မတွေရဘူးလို့ အတည်ပြုပါတယ်။
ဆန္ဒပြတဲ့သူတွေ မြို့တော် အစ္စလာမ်မာဘတ်ကို ရောက်ရှိလာချိန်မှာ ကောလဟလ တခုလည်း ထွက်ပေါ်လာပါသေးတယ်။ အမျိုးသမီး သတင်းထောက်တွေ ဒီဆန္ဒပြပွဲကို သတင်းရယူခွင့် မပေးဘူး လို့ ဆိုပါတယ်။
တချို့အမျိုးသမီးသတင်းထောက်တွေက ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး သတင်းယူခဲ့ပေမယ့် တားဆီးခံရသလို တချို့ကလည်း အနှောင့်အယှက် ပေးခံရလို့ သတင်းမယူဘဲ ပြန်လာတယ်ဆိုပြီး ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
"အမျိုးသားတဦးက အမျိုးသမီးတွေကို ခွင့်မပြုဘူး၊ ဒီနေရာမှာ အမျိုးသမီးတွေ မရှိရဘူး၊ ထွက်သွားဆိုပြီး လာပြောတယ်။ မိနစ်ပိုင်းအတွင်းမှာ အမျိုးသားအုပ်က ကျွန်မတို့ကို ဝိုင်းထားပြီးတော့ ကြွေးကြော်သံတွေ အော်ပါတယ်"လို့ သတင်းထောက် ရှီဖာဇ် ယူဆွတ်ဇိုင်က တွစ်တာမှာ ရေးပါတယ်။
ဒီလို စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး JUI-F ခေါင်းဆောင် မူလာနာ ဖာဇုရာမန်က အမျိုးသမီးတွေကို လေးစားမှုရှိကြောင်းနဲ့ သတ်မှတ်ထားတဲ့ အဝတ်အစား စည်းကမ်းနဲ့ အညီ လာမယ်ဆိုရင် အမျိုးသမီးသတင်းထောက်တွေကို သတင်းပေးယူမယ်လို့ ပြောပါ တယ်။
ဘီဘီစီ အူရဒူ ဘာသာ ဌာန သတင်းထောက်က ဒီဆန္ဒပြပွဲကို တက်တဲ့ အမျိုးသမီးတွေက အတိုက်အခံပါတီတွေနဲ့ အချိတ်အဆက်ရှိပြီး သိုသိုသိပ်သိပ်နေရတယ်လို့ ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာလည်း ဒီလို အမျိုးသမီးတွေကို ပါဝင်ခွင့်မပေးတာကြောင့် အသံတွေ ဆူညံလာပါတယ်။
သတင်းထောက် ဘင်နာဇီးယားရှားကတော့ ဒါကပိုတောင်ကောင်းတယ်လို့ သုံးသပ်ပါတယ်။
"အမျိုးသားနှစ်ယောက်နဲ့ သူတို့ရဲ့ အတ္တတွေ တိုက်တဲ့ အကြားထဲမှာ အမျိုးသမီးတွေ ဝင်စရာမလိုပါဘူး၊ ဒါက အမျိုးသား နှစ်ဦးကြားက အာဏာလုပွဲပါ"လို့ သူက ပြောပါတယ်။
ဒီဆန္ဒပြပွဲက လက်ဘနွန်မှာလို အမျိုးသားနဲ့ အမျိုးသမီး အတူပူးပေါင်းပါဝင်နေတဲ့ လှုပ်ရှားမှုလို လူမှုဘဝ ပြောင်းလဲဖို့ အတွက်မဟုတ်ဘဲ ဒီမိုကရေစီနည်းနဲ့ ရွေးထားတဲ့ အစိုးရကို JUI-Fက ဖြုတ်ချဖို့ ကြိုးပမ်းမှု တခု ဖြစ်တာကြောင့် ဒီနိုင်ငံက အမျိုးသမီးတွေက သမိုင်းရဲ့ ဓားစာခံဖြစ်စရာ မလိုဘူးလို့လည်း သူက ဆိုပါတယ်။
ဒီဆန္ဒပြပွဲဟာ ဝန်ကြီးချုပ် မစ္စတာခန်းအစိုးရအတွက် အဓိကစိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို JUI-F ပါတီခေါင်းဆောင် မူလာနာ ဖာဇုရာမန်က ဦးဆောင်ပြီး ကျန်အတိုက်အခံ ပါတီတွေက ထောက်ခံထားပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာ ဝန်ကြီးချုပ်ကို ရာထူးကနေ ဆင်းပေးဖို့ သူတို့က ၄၈ နာရီ အချိန်ပေးထားပါတယ်။
၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက မမျှတဘူးဆိုပြီး ဝန်ကြီးချုပ်ခမ်းကို စွပ်စွဲထားပါတယ်။ ဒီရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာခဲ့တဲ့ အီးယူ အဖွဲ့ကတော့ မဲခိုးမဲလိမ်တာ မတွေ့ရပေမယ့် ပါတီတွေအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မျှတတဲ့ အခွင့်အရေးမရဘူးလို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေက မစ္စတာ ခမ်းက သူကူညီမယ်ဆိုပြီး ကတိပေးခဲ့ ပေမယ့် တိုးတက်မှုမရှိတဲ့ စီးပွားရေး စီမံခန်ခွဲမှုအပေါ် ဒေါသ ထွက်ခဲ့ကြပါတယ်။
JUI-Fပါတီက အမျိုးသမီးတွေကို လိုလားတဲ့ ပါတီမဟုတ်သလို အမျိုးသမီးတွေကို အကာအကွယ်ပေးရေး ဥပဒေတွေ ကလေးတွေ လက်ထပ်တာကို တားမြစ်တဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့ ပါတီလည်း ဖြစ်တယ်လို့ သတင်းထောက် ရှားက ပြောပါတယ်။
တခြားနိုင်ငံရေးပါတီ ၃ ခု အထူးသဖြင့် အာဏာရပါတီက အမျိုးသမီးတွေ ပါဝင်ဖို့ အတွက် ဘာတွေ လုပ်နေသလဲဆိုတာက ပိုပြီး စိုးရိမ်စရာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။