ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဟတ္တမဂန္ဒီ ဘဝ အထင်ကရ ၇ ခု - ပုန်ကန်သူ ဆယ်ကျော်သက်ကနေ အိန္ဒိယရဲ့ ဖခင်ကြီး ဖြစ်လာသူ
ခပ်ရိုးရိုး ဝတ်စားထားတဲ့ ငြိမ်းချမ်းရေးသမား တစ်ယောက်ကို အင်အားကြီးမားတဲ့ အင်ပါယာကြီး တစ်ခုဟာ ၁၉၄၀ နှစ်တွေမှာ လက်မြှောက် အရှုံးပေးခဲ့ရပါတယ်။
သူက မိုဟန်ဒါ ကာရမ်ချန်း ဂန္ဒီလို့ ခေါ်ပါတယ်။ အများကတော့ မဟတ္တမလို့ သိကြတယ်။ အဓိပ္ပာယ်ကတော့ ကြီးမြတ်တဲ့ လူသား ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အိန္ဒိယဟာ ဗြိတိသျှ အင်ပါယာရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
ဗြိတိသျှတွေ အုပ်ချုပ်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ အဖြစ် ရှိနေခဲ့တာပါ။
ပါးနပ် ထက်မြက်တဲ့ နိုင်ငံရေး လှုံ့ဆော်သူ တစ်ယောက် ဖြစ်တဲ့ ဂန္ဒီဟာ အိန္ဒိယ လွတ်လပ်ရေးနဲ့ နုံချာတဲ့ ဆင်းရဲသားတွေအတွက် အခွင့်အရေးတွေကို ဗြိတိသျှ အုပ်ချုပ်ရေး လက်အောက်ကနေ တိုက်ပွဲဝင်ခဲ့ပါတယ်။
သူ့ရဲ့ အကြမ်းမဖက် ဆန္ဒပြတဲ့ နည်းလမ်းကို အခုချိန်ထိ ကမ္ဘာတစ်ဝန်းလုံးက တန်ဖိုးထား လေးစားကြတုန်းပါပဲ။
အခု သူရဲ့ မွေးနေ့ နှစ် ၁၅၀ ပြည့်ပါပြီ။ သူ့ဘဝ ဇာတ်ကြောင်း တစ်လျှောက် ထူးခြားတဲ့ ဖြစ်ရပ်တွေကို ကြည့်ကြရအောင်ပါ။
ချမ်းသာတဲ့ အသိုင်းအဝိုင်းမှာ မွေးဖွားခဲ့သူ
ဂန္ဒီကို အိန္ဒိယ အနောက်မြောက်ပိုင်းက မင်းသားတစ်ပါး အုပ်ချုပ်တဲ့ ပေါ်ဘန်ဒါပြည်နယ်မှာ ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်မှာ မွေးပါတယ်။
မိသားစုက အထက်တန်းလွှာ အသိုင်းအဝိုင်း ဖြစ်ပါတယ်။ အဖေက သူတို့ ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ပါ။
အမေက သူ့ကို ဟိန္ဒူသွေး အပြည့်ပါအောင် လုပ်ပေးခဲ့သူပါ။ သက်သတ်လွတ်စား၊ ခြိုးခြိုးခြံခြံ ဘာသာရေးသမား၊ ရိုးရိုးကုပ်ကုပ် နေတတ်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း မနှစ်သက်တဲ့ အကျင့်တွေကို သူ့အမေဆီကနေ သူရခဲ့တာပါ။
အဖေသေဆုံးချိန် အနားမှာမရှိ
အသက် ၁၃ နှစ်မှာ ဂန္ဒီ အိမ်ထောင်ပြုတယ်။ မိန်းကလေးက အသက် ၁၄ နှစ်။ ကတ်စတာဘာလို့ ခေါ်ပါတယ်။
ဆယ်ကျော်သက်လေး ဂန္ဒီဟာ မိသားစုရဲ့ တင်းကြပ်တဲ့ ဘာသာရေး အယူအဆတွေကို ဆန့်ကျင်ခဲ့တယ်။ အသားစားတယ်။ ပြည့်တာဆန်အိမ် သွားတာမျိုးတောင် သူလုပ်ခဲ့ပါတယ်၊ ဒါကိုတော့ သူက သွားရုံပဲ သွားတာ ဘာမှ မလုပ်ဘူးလို့ ပြောပါတယ်။
မကောင်းတာတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားရဲ့ မေတ္တာတရားက ဒီလိုလျှောက်လုပ်နေတဲ့ သူ့ကို တားနိုင်ခဲ့တယ်လို့ သူက နောက်ပိုင်းမှာ စာရေးခဲ့ပါတယ်။
ဒီလိုတွေ လုပ်ခဲ့ပေမဲ့ သူက သူ့ကိုယ်သူ တိုးတက်အောင် အားထုတ်ခဲ့တယ်။ သူလုပ်ခဲ့တဲ့ ကိုယ်ကျင့်တရား ပျက်တာတွေအတွက် ပြန်ဆင်ခြင်ခဲ့တယ်။
အဖေ နေမကောင်းလို့ သေလုမျောပါး ဖြစ်နေချိန်မှာ မိန်းမနဲ့ပဲ အိပ်မယ်ဆိုပြီး အဖေ့အနား မနေဘဲ ထွက်သွားလို့ အဖေသေတော့ အနားမှာ သူရှိမနေခဲ့ ပါဘူး။
သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ အဲဒီကိစ္စအတွက် သူဘယ်လောက်တောင် တမြေ့မြေ့ ဆွေးရတယ် ဆိုတာကို ရေးခဲ့ပါတယ်။
"ကျွန်တော် အရမ်းကို ရှက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ရတယ်။ အဖေ့ အခန်းထဲကို ပြေးဝင်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ အဲဒီ တိရိစ္ဆာန်စိတ်ကသာ အကန်းလို ဖြစ်အောင် မလုပ်ခဲ့ဘူး ဆိုရင် အဖေ့ နောက်ဆုံးအချိန်မှာ ကျွန်တော့်လက်ပေါ်မှာပဲ ရှိခဲ့မှာ"
နောက်တော့ မိန်းမက ကိုယ်ဝန်ရလာ၊ မွေးပြီး မကြာဘဲ ကလေး သေသွားခဲ့တော့ အဖေ သေခါနီး သူမရှိခဲ့လို့ သူ့ကို နတ်တွေက ဒဏ်ခတ်တာလို့ သူက ထင်ခဲ့တယ်။
ဗြဟ္မစရိယ အကျင့်ကျင့်
လန်ဒန်မှာ ဥပဒေ ကျောင်းသား ဖြစ်ခဲ့တုန်းက ဓမ္မအသင်းက လူတွေနဲ့ ဂန္ဒီတွေ့ခဲ့တယ်။ ဟိန္ဒူ ကျမ်းစာတွေကို ပိုသေချာ လေ့လာ ကြည့်ဖို့ သူ့ကို သူတို့က အားပေးခဲ့တယ်။ အထူးသဖြင့် ဂီတနတ်အကြောင်းကို သူ ပိုလေ့လာခဲ့တယ်။
နောက်ပိုင်းမှာတော့ ရှေးဟောင်း အိန္ဒိယ စာပေတွေက သူ့ကို စိတ်သက်သာရာ ရစေခဲ့တယ်လို့ သူက ပြောပါတယ်။
ဟိန္ဒူဝါဒကို သူ ပို သဘောကျလာခဲ့တယ်။ ဒါနဲ့ တခြား ဘာသာတွေကိုလည်း သူ ပိုလေ့လာ ဖြစ်ခဲ့တယ်။ အဲဒါကနေ ခရစ်ယာန်ဘာသာရဲ့ ကိုယ်ကျင့် တရားနဲ့ ဆိုင်တဲ့ အယူအဆတွေ သူ့ကို လွှမ်းမိုးလာခဲ့တယ်။ ပြီးတော့ ရုရှားစာရေးဆရာ လီယို တော်စတွိုင်းရဲ့ စာတွေကလည်း သူ့ကို ပြောင်းလဲ လာစေခဲ့တယ်။
ဒါတွေကနေ သူ့ကို သူ့ငယ်ဘဝ ရိုးရာ ဟိန္ဒူ အကျင့်တွေဘက်ကို ပြန်ကျင့်ဖို့ ဖြစ်လာခဲ့တယ်။ သက်သတ်လွတ်သမား၊ အရက်ရှောင် ပြီးတော့ လိင်မှုတွေကိုလည်း ရှောင်သူ ဖြစ်လာခဲ့တယ်။
ကလေး လေးယောက် အဖေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ လိင်မှုတွေ ရှောင်ကြဉ်တဲ့ ဗြဟ္မစရိယ အကျင့်ကျင့်သူ ဖြစ်လာတယ်။ ပြီးတော့ ဝတ်ဖြူ စင်ကြယ် ဒိုတီကိုပဲ ဝတ်တော့တယ်။
လူတွေအကြားမှာ ပြောစရာ ဖြစ်တဲ့ စမ်းသပ်မှု တစ်ခုကိုလည်း သူလုပ်ခဲ့တယ်။ သူ့မြေးဝမ်းကွဲ မာနုနဲ့ တခြား မိန်းမတွေကို သူအဝတ်မပါဘဲ အိပ်တဲ့ အိပ်ရာကို ခေါ်ခဲ့တယ်။ သူ့ရဲ့ ဗြဟ္မစရိယ အကျင့်သီလကို စမ်းသပ်ဖို့လို့ ဆိုတယ်လို့ သူ့ရဲ့ အတ္ထုပ္ပတ္တိ ရေးသူက ပြောတယ်။
သူ သီလ ခိုင်မြဲခဲ့သလား ဆိုတာ မသိရပေမဲ့ အဲဒီ စမ်းသပ်မှုကတော့ နှစ်ပတ်လောက်ပဲ ခံခဲ့ပါတယ်။ ဒါက လူတွေအကြား ဝေဖန်စရာကြီး ဖြစ်လာခဲ့တာကိုး။
တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်
ဘွဲ့ရပြီးတဲ့နောက် ရှေ့နေလုပ်ဖို့ အိန္ဒိယကို သူပြန်လာခဲ့တယ်။
ဒါပေမဲ့ သူပထမဆုံး လိုက်တဲ့ အမှုမှာ ရှုံးပြီး ရုံးကနေ ဆွဲထုတ်ခံရတယ်။
အရှက်ခွဲ ခံလိုက်ရတဲ့ သူဟာ တောင်အာဖရိကမှာ အလုပ်ပေါ်လာတာကို လက်ခံလိုက်တယ်။ ၁၈၉၃ ခုနှစ် ဧပြီမှာ သင်္ဘောနဲ့ ထွက်ခဲ့တယ်။ နောက်တော့ အဲဒီမှာ သူ ၂၁ နှစ်တောင် နေဖြစ်ခဲ့တယ်။
အဲဒီမှာ သူခရီးသွားလာတဲ့အခါ ရထား ပထမတန်းကို သူမစီးရဘူး။ သူ့အသားရောင်ကြောင့် မစီးရတာ။
အိန္ဒိယက လာတဲ့သူတွေကို ဒီလို ဆက်ဆံတာတွေကို တိုက်ဖျက်ဖို့ "နေတယ်လ် အိန္ဒိယ ကွန်ဂရက်" ကို တည်ထောင်ခဲ့တယ်။ အဲဒီအဖွဲ့အစည်းက လူမျိုးရေး ခွဲခြားတာကို တိုက်ဖို့နဲ့ အကြမ်းမဖက် ဆန္ဒထုတ်ဖော်တဲ့ နည်းတွေကို ပျိုးထောင်ခဲ့တယ်။
အိန္ဒိယနွယ်ဖွားတွေအပေါ် အခွန်ကောက်တာကို ဆန့်ကျင် ဆန္ဒပြခဲ့မှု၊ ဆန္ဒပြဖို့ စီစဉ်ခဲ့မှုတွေနဲ့ သူအဖမ်းခံခဲ့ရတယ်။ ဒါပေမဲ့ ဗြိတိသျှတွေ အခွန်ကောက်တာ လျှော့ပေးခဲ့ရပြီး သူ့ကိုလည်း လွှတ်ပေးခဲ့ရပါတယ်။
သူ့ရဲ့ အောင်မြင်မှုသတင်းက အင်္ဂလန်ကို ရောက်သွားခဲ့ပြီး ဂန္ဒီလည်း နိုင်ငံတကာမှာ ထင်ရှား ကျော်ကြားလာခဲ့ပါတယ်။
ဆူပူအောင် လှုံ့ဆော်မှုနဲ့ အဖမ်းခံရ
နောက်တော့ ဂန္ဒီ အိန္ဒိယကို ပြန်လာခဲ့တယ်။ ဆစ်ခ်တွေရဲ့ အထွဋ်အမြတ် ထားတဲ့ အမ်မရစ်စတာ မြို့မှာ လူအများအပြား အသတ်ခံရပြီးတဲ့နောက် အိန္ဒိယ လွတ်လပ်ရေးအတွက် နှိုးဆော်ခဲ့တယ်။ အဲဒီ လူအများအပြား အသတ်ခံရမှုမှာ ဆန္ဒပြသမား ၄၀၀ လောက် အသတ်ခံရပြီး လူ ၁၃၀၀ လောက် ဒဏ်ရာရခဲ့တယ်။
သူ အကြမ်းမဖက်နည်းနဲ့ ဆန္ဒပြဖို့ လှုံ့ဆော်တာကို အိန္ဒိယက အလွှာပေါင်းစုံ ဘာသာပေါင်းစုံက လက်ခံ ကြိုဆိုခဲ့ကြတယ်။
သူက အင်္ဂလိပ် အစိုးရနဲ့ မပူးပေါင်းကြဖို့ လူတွေကို တိုက်တွန်းခဲ့တယ်။ အဲဒီလို တိုက်တွန်းတဲ့အထဲမှာ အင်္ဂလိပ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ လည်း ပါခဲ့တယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အင်္ဂလိပ် အစိုးရက သူ့ကို ဆူပူအောင် လှုံ့ဆော်မှုနဲ့ ဖမ်းတယ်။ ပြီးတော့ ထောင် ၂ နှစ် ချလိုက်တယ်။
ဆူပူအောင် လှုံ့ဆော်မှုအတွက် နှိမ်နင်းတဲ့ အငြင်းပွားဖွယ် ဥပဒေကို ၁၈၇၀ ခုနှစ်မှာ အင်္ဂလိပ် အစိုးရက စတင် အသက်သွင်းခဲ့တယ်။ ဒီဥပဒေက ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဖြိုခွဲဖို့ ဖြစ်တယ်။
ဒီဥပဒေက နိုင်ငံသားတွေရဲ့ လွတ်လပ်မှုကို ဖိနှိပ်ဖို့ လုပ်ထားတဲ့ ဥပဒေလို့ ကျော်ကြားတဲ့စကားကို ဂန္ဒီက ပြောခဲ့တယ်။
အဲဒီ ဥပဒေက အခုချိန်ထိ အိန္ဒိယ ရာဇဝတ် ဥပဒေမှာ ဆက်ရှိနေသေးပြီး အစိုးရ အဆက်ဆက် ဆက်သုံးနေတဲ့ ဥပဒေ ဖြစ်တယ်။ ကျောင်းသားတွေ၊ သတင်း မီဒီယာသမားတွေ၊ ပညာရှင်တွေ၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရကို ဝေဖန်သူတွေကို ဒီဥပဒေနဲ့ ဖိနှိပ်ခဲ့တယ်။
မအောင်မြင်တဲ့ ဆွေးနွေးပွဲတွေ
ဂန္ဒီဟာ ၁၉၃၁ ခုနှစ်မှာ အိန္ဒိယ အမျိုးသား ကွန်ဂရက်ရဲ့ ကိုယ်စားလှယ် အနေနဲ့ လန်ဒန်ကို ဆွေးနွေးဖို့ သွားခဲ့တယ်။
သူက အိန္ဒိယ ရိုးရာ အဝတ်အစားကို ဝတ်သွားခဲ့ပြီး သူ့ရဲ့ခိုင်မာ ပြတ်သားတဲ့ပုံစံကို ပြခဲ့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ အသက် ၆၂ နှစ် ရှိနေပြီ ဖြစ်တဲ့ သူ့အတွက် ဒီဆွေးနွေးပွဲဟာ မအောင်မြင်တဲ့ ဆွေးနွေးပွဲပဲ ဖြစ်ခဲ့တယ်။
အိန္ဒိယကို လွတ်လပ်ရေး ပေးဖို့ ဗြိတိသျှတွေ အဆင်သင့် မဖြစ်ကြသေးဘူး။ ဒီလိုပဲ မွတ်ဆလင်တွေ၊ ဆစ်ခ်တွေနဲ့ တခြား ကိုယ်စားလှယ်တွေကလည်း သူမြင်တဲ့ စည်းလုံးညီညွတ်တဲ့ အိန္ဒိယ ဆိုတဲ့ ပုံစံမျိုးကို သဘောမတူ မထောက်ခံခဲ့ကြဘူး။ ဂန္ဒီက အိန္ဒိယသားတွေ အားလုံးအတွက် ပြောပေးတယ်လို့ သူတို့တွေက မယုံကြဘူး။
အဲဒါလည်း ပြီးရော ကွန်ဂရက်ပါတီနဲ့ နိုင်ငံရေးကနေ သူနောက်ဆုတ်ပေးခဲ့တယ်။
ဒါပေမဲ့ ဇာတ်နိမ့်သူတွေလို့ အရင်က သတ်မှတ်ခဲ့ကြတဲ့ ဒါလစ်တွေအတွက် တရားမျှတ ညီမျှမှု ရအောင် တောင်းဆိုပေးတာတွေကို သူဆက်လုပ်နေ ခဲ့တယ်။
အဲဒီလို သူ့ရဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ လူတွေကို လှုံ့ဆော်နိုင်ခဲ့တာက တဖြည်းဖြည်းနဲ့ အင်္ဂလိပ် အစိုးရကို သူနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဖြစ်လာစေခဲ့တယ်။
အင်ပါယာကြီးကို ဖြိုချ
ဒုတိယ ကမ္ဘာစစ်က ဗြိတိသျှ အင်ပါယာကို အားနည်းသွားစေခဲ့တယ်။ ၁၉၄၇ ခုနှစ်မှာတော့ သူချစ်တဲ့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်။
ဒါပေမဲ့ သူမျှော်လင့်ထားတဲ့ ဟိန္ဒူတွေနဲ့ မွတ်ဆလင်တွေ တစ်နိုင်ငံတည်းမှာ အတူနေကြမယ် ဆိုတာမျိုးတော့ ဖြစ်မလာခဲ့ပါဘူး။ နိုင်ငံက နှစ်ခြမ်း ကွဲသွားခဲ့တယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး နှစ်နိုင်ငံ ဖြစ်လာတယ်။
ဒီလို ခွဲခြားခံလိုက်ရတာက အကြမ်းဖက်တာတွေကို ပိုဖြစ်လာစေခဲ့တယ်။
ဒေလီကို ဂန္ဒီ ပြန်လာခဲ့တယ်။ အိန္ဒိယဘက်မှာ ကျန်နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ မွတ်ဆလင်တွေကို ကူညီဖို့ ဖြစ်တယ်။
ဒီမွတ်ဆလင်တွေရဲ့ အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့တယ်။
လွတ်လပ်ရေးရပြီး ခြောက်လ မပြည့်ခင်မှာပဲ သူသေနတ်နဲ့ အပစ်ခံရတယ်။
ဟိန္ဒူ အစွန်းရောက် လူငယ်တစ်ယောက်က ပစ်ခဲ့တာပါ။
အဲဒီအချိန်မှာ သူက မြို့ထဲက ဆုတောင်းပွဲကို လာနေတဲ့ လမ်းမှာ ဖြစ်တယ်။
ပစ်တဲ့သူက မွတ်ဆလင်နဲ့ ပါကစ္စတန်တွေအတွက် ဂန္ဒီ လှုပ်ရှား တောင်းဆိုပေးနေတာတွေကို ဒေါသထွက်နေတဲ့သူ ဖြစ်တယ်။
ကမ္ဘာ့ ငြိမ်းချမ်းရေးသမားကြီး သေဆုံးမှုအတွက် တစ်ကမ္ဘာလုံးက လူတွေ ဝမ်းနည်း ကြေကွဲခဲ့ကြတယ်။ ဘာသာ၊ လူမျိုး၊ လူတန်းစား မခွဲခြားဘဲ အိန္ဒိယမှာ အတူတူနေကြမယ်ဆိုတဲ့ အိပ်မက်ကို လက်တွေ့ဘဝမှာ ဘယ်တော့ မမြင်ခဲ့ရသူ တစ်ယောက် အတွက် အားလုံး ကြေကွဲခဲ့ကြရတယ်။