ဆော်ဒီထဲကို စစ်တပ် စေလွှတ်ဖို့ ဆုံးဖြတ်တဲ့ အမေရိကန် ကို ချေမှုန်းမယ်လို့ အီရန် ကြေညာ
အီရန် နိုင်ငံ အနေနဲ့ ကျူးကျော်လာသူ တွေကို အမြစ်ပြတ် ချေမှုန်း ဖို့ အသင့် ရှိတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ ရဲ့ ဗိုလ်ချုပ်ကြီး ဟူစိန် ဆလာမီ က ပြောဆို လိုက်ပါတယ်။
ဒါက အမေရိကန် အနေနဲ့ သူရဲ့ စစ်တပ် ကို ဆော်ဒီအာရေးဘီးယား နိုင်ငံ ကို စေလွှတ် သွားမယ်လို့ ကြေညာ ခဲ့ပြီးနောက်မှာ အီရန် ဘက် က အခုလို တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်။
စက်တင်ဘာလ အစောပိုင်း က ဖြစ်ခဲ့တဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံ အတွင်း က ကမ္ဘာ့ အကြီးဆုံး ရေနံချက် စက်ရုံ ၂ ရုံ ကို ဒရုန်း နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ် ခဲ့ပြီးတဲ့ နောက်မှာ အခုလို တင်းမာ မှုတွေ ပေါ်ပေါက် ခဲ့တာပါ။
အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေကို ယီမင် အခြေစိုက် ဟူသီ သူပုန်တွေ က သူတို့ ရဲ့ လက်ချက် လို့ ဝန်ခံ ထားပေမယ့် ဒါဟာ အီရန် ရဲ့ တိုက်ခိုက်မှု ဖြစ်ကြောင်း ဆော်ဒီ နဲ့ အမေရိကန် ဘက်က စွပ်စွဲ နေပါတယ်။
ဒါ့အပြင် အီရန် နဲ့ သဘောတူညီထားတဲ့ နျူကလီးယား သဘောတူ စာချုပ် ကို သမ္မတ ဒေါ်နယ် ထရမ့် က တဘက်သတ် ဖျက်သိမ်း ခဲ့ပြီးနောက်မှာ အီရန်၊ ဆော်ဒီအာရေးဘီးယား နဲ့ အမေရိကန် တို့ အကြားမှာ တင်းမာ မှုတွေ ပိုမို ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန် ဘက် က ဘာပြောလဲ
ကျူးကျော် ရန်စမှုတွေကို တုံ့ပြန် ဖို့ အီရန် ဘက် က အမြဲ အသင့်ပဲလို့ အီရန် တော်လှန်ရေး တပ်ဖွဲ့ ခေါင်းဆောင် က စက်တင်ဘာလ ၂၁ ရက်နေ့မှာ သတင်း ဌာန တွေနဲ့ တွေ့ဆုံ စဉ်မှာ ပြောဆို ထားပါတယ်။
ဒါ့အပြင် စစ်ပွဲ ဖြစ်ပေါ် လာ နိုင်တဲ့ အခြေအနေ ကိုလည်း ခွင့်မပြု နိုင်ဘူးလို့ သူက ပြောဆို ပါတယ်။
တီဟီရန် မှာ လုပ်တဲ့ အီရန် ဘက် က ဖမ်းဆီး ရမိထားတဲ့ ဒရုန်း ယာဉ်တွေကို ထုတ်ပြတဲ့ ပွဲမှာ အခုလို ပြောဆို သွားခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ပြီး အီရန် ရဲ့ နယ်စပ် နား ကျူးကျော် လာသူ မှန်သမျှ ကိုလည်း ချေမှုန်း ပစ်မယ်လို့ ဗိုလ်ချုပ်ကြီး က ဆိုပါတယ်။
ဒီ အီရန် ရဲ့ IRGC လို့ ခေါ်တဲ့ တော်လှန်ရေး အထူး တပ်ဖွဲ့ ကိုတော့ အမေရိကန် တို့ က အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ရဲ့ လုပ်ဆောင်မှု
စက်တင်ဘာ ၂၀ ရက်နေ့ သောကြာနေ့တုန်း က အမေရိကန် ကာကွယ်ရေး ဝန်ကြီး မက် အက်စပါ ဟာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး ဆော်ဒီအာရေးဘီးယား နိုင်ငံ ဆီကို စစ်တပ် စေလွှတ်မယ့် အကြောင်း ရှင်းလင်းခဲ့ပါတယ်။
ဒါဟာ အမေရိကန် နိုင်ငံ ကို ခုခံ ကာကွယ်တဲ့ နည်းလမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး ကန် တပ်ဖွဲ့တွေ စေလွှတ်ဖို့ ဆော်ဒီ နဲ့ အာရပ် စော်ဘွား များ ပြည်ထောင်စု က တောင်းဆိုတဲ့အတွက်ကြောင့် လို့လည်း သူက ပြော ပါတယ်။

အဲဒီ ကြေညာချက် ထုတ်ပြန်ပြီး သိပ်မကြာခင်မှာဘဲ အီရန် အပေါ် ကို ပိတ်ဆို့မှု အသစ်တွေ ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က လက်မှတ် ရေးထိုး ထုတ် ပြန် လိုက်ပါတယ်။
ဒီ တစ်ကြိမ်မှာတော့ အီရန် ဗဟိုဘဏ် နဲ့ အစိုးရ ပိုင် စီးပွားရေး လုပ်ငန်း တွေကို ဦးတည်ပြီး အမေရိကန် တို့ က ပိတ်ဆို့မှုတွေ ချမှတ် လိုက်တာ ဖြစ်ပါတယ်။
နောက်ထပ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ဖြစ်ပေမယ့် အီရန် ရဲ့ အရေးပါတဲ့ လူတွေ ချဉ်းကပ်လာရင်တော့ ပြေငြိမ်းပေး နိုင်တယ် ဆိုတဲ့ စကား တွေ ကိုလည်း ဒေါ်နယ် ထရမ့် က အိမ်ဖြူတော်မှာ ပြောဆို ခဲ့ပါတယ်။
နိုင်ငံရေး လေ့လာသူတွေ ကတော့ အမေရိကန် တပ်ဖွဲ့တွေ ဆော်ဒီအာရေးဘီးယား ကို စေလွှတ်ဖို့ ဆုံးဖြတ်ချက် ဟာ အန္တရာယ် ခံတွင်းဝ အထိ တိုးဝင် စွန့်စားတဲ့ မူဝါဒ အဖြစ် ပြောဆို ကြပါတယ်။
နောက်ပြီး အမေရိကန် သမ္မတ ဟာ အီရန် ကို အလုံးစုံ ဖိအား ပေးရေး ဆိုတဲ့ မူဝါဒ ကို ဆက်လက် အသုံးပြုနေပြီး၊ ထိပ်တိုက် ရင်ဆိုင် အောင် ကြိုးစား နေတယ်ဆိုပြီးတော့လည်း ဝေဖန်နေ ကြပါတယ်။










