ရခိုင်ပြည်နယ်တိုက်ပွဲ- မင်းချောင်းတံတား ပစ်ခတ်မှု၊ တစ်ဦး သေဆုံး တစ်ဦး ဖမ်းခံထားရ

ရခိုင်ပြည်နယ်ထဲ အစိုးရတပ်နဲ့ အေအေ လက်နက်ကိုင်တွေကြား ဆက်လက် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံး ဒဏ်ရာရမှု အရေအတွက်လည်း ဆက်လက် မြင့်တက် နေပါတယ်။
ဩဂုတ်လ ၁ ရက်၊ ကြာသပတေး ညပိုင်းက စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်နှစ်ခုကြားက မင်းချောင်း တံတားပေါ်မှာ လူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၂ ရက်၊ သောကြာနေ့ ကျောက်တော်မြို့နယ်ထဲ ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲမှာတော့ အမျိုးသမီးငယ်တစ်ဦးနဲ့ အမျိုးသားလူငယ် တစ်ဦး စုစုပေါင်း နှစ်ဦး သေနတ် ထိမှန် ခဲ့တဲ့ အတွက် ဆေးရုံ ပို့ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်တွင်း လှုပ်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ပြုစုထားတဲ့ စာရင်းဇယားတွေ အရ ၈ လ အတွင်း အရပ်သား သေဆုံးမှု အယောက် ၇ဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
မင်းချောင်းတံတား ပစ်ခတ်မှု
ဩဂုတ်လ ၁ ရက် ညပိုင်း လူငယ် တစ်ဦး သေဆုံးခဲ့ရတဲ့ မင်းချောင်းတံတား ဖြစ်ရပ်မှာ ပစ်ခတ်သူတွေဟာ အစိုးရတပ်က ဖြစ်တယ်လို့ သေဆုံးသူရဲ့ မိသားစုက ပြောပါတယ်။
သေဆုံးခဲ့သူဟာ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှာနေတဲ့ ချစ်သူအောင်၊ အသက် ၂၆ နှစ် ဖြစ်ပါတယ်။
မင်းချောင်းတံတားပေါ်မှာ စစ်တပ်က ပစ်တဲ့ သေနတ်ဒဏ်ရာ ၆ ချက်နဲ့ ချစ်သူအောင် သေဆုံးခဲ့ရတာ ဖြစ်တယ် ဆိုပြီး အဒေါ်တော်စပ်သူ ဒေါ်ရွှေနှင်းဆီက ဘီဘီစီကို ပြောပါတယ်။
ဒီလို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း စစ်တွေ ဆေးရုံမှာ ရှိနေတယ် ဆိုတာကို ရဲအုပ်တစ်ယောက်က အကြောင်းကြားလာတဲ့ အတွက် ဩဂုတ်လ ၂ ရက် မနက်ပိုင်း ရောက်မှ သိရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခင်းဖြစ်ရာ တံတားဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ် နှစ်ခုကြားမှာ ရှိပါတယ်။

ပုဏ္ဏားကျွန်း မြို့နယ်ထဲမှာ ည ၉ နာရီကနေ မနက် ၅ နာရီ အထိ အပြင် မထွက်ရ ကာဖျုး အမိန့် ထုတ်ထားပြီး၊ စစ်တွေမှာတော့ အဲဒီလို ည မထွက်ရ အမိန့်မျိုး ထုတ်ထားတာ မရှိပါဘူး။
ချစ်သူအောင်ဟာ စစ်တွေမြို့နယ်ထဲ ပါဝင်တဲ့ ကျေးရွာမှာ နေထိုင်သူ ဖြစ်ပေမယ့် သူ အလုပ်လုပ်ကိုင်တဲ့ တရုတ်ပိုင် ဂဏန်းဒိုင်ကတော့ ပုဏ္ဏားကျွန်းထဲ ပါဝင်ပါတယ်။
ည ၁ဝ နာရီကျော် အလုပ်အဆင်း၊ ဆိုင်ကယ်နဲ့ အိမ်အပြန်မှာ မင်းချောင်းတံတားပေါ် ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
ချစ်သူအောင်နဲ့ အတူ ယောက်ဖတော်စပ်သူလည်း အတူပါလာခဲ့တာ ဖြစ်ပြီး၊ စစ်တပ်က အဲဒီသူကို ဖမ်းဆီးထားတယ်လို့လည်း မိသားစုက ပြောပါတယ်။
ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး၊ တပ်မတော်ဘက်ကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးရဲ့ ဖုန်းမအားသေးကြောင်း အကြောင်းပြန်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ကျောက်တော် တိုက်ပွဲ
ဩဂုတ် ၂ ရက်နေ့မှာ ကျောက်တော် မြို့နယ်ထဲ တိုက်ပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျောက်တန်းနဲ့ ဝက်မိုင်းဆိုတဲ့ ရွာနှစ်ရွာကြား အစိုးရတပ်နဲ့ အေအေ အပြန်အလှန် ပစ်ခတ်မှုတွေ အတွင်း အသက် ၁၄ နှစ် အရွယ် မိန်းကလေး တစ်ဦးနဲ့၊ အသက် ၂၄ နှစ် အရွယ် အမျိုးသား လူငယ်တစ်ဦး သေနတ်ကျည်တွေ ထိမှန်ခဲ့ပါတယ်။
ယောက်ျားလေး ဖြစ်သူရဲ့ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စစ်တွေ ဆေးရုံ အထိ ပို့ဆောင်ထားတယ်လို့ ကယာကံရှင်ရဲ့ အစ်မ တော်စပ်သူ ဒေါ်မသိန်းဦးက ပြောပါတယ်။
ဇူလိုင် လကုန်နဲ့ အခု ဩဂုတ်လဆန်းမှာ အရပ်သား ထိခိုက်မှုတွေ ဆက်တိုက် ကြားလာရတာ ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်ထဲမှာပဲ ဇူလိုင် ၃ဝ မနက်ပိုင်းက လိပ်မဆိုတဲ့ ရွာထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ ကျန်တဲ့ ရွာသားတွေလည်း ရွာကနေ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။
တခါ၊ ဇူလိုင် ၂၈ ရက် နေ့ ညတုန်းကလည်း မြောက်ဦးမြို့ပေါ်မှာ ဆိုင်ကယ်စီး သွားလာနေတဲ့ လူငယ်နှစ်ယောက်ကို အစိုးရတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ တစ်ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီ ဒဏ်ရရသွားသူဟာ နိုင်ငံတကာ ကူညီရေး အဖွဲ့တစ်ခုမှာ အလုပ်လုပ်နေတဲ့ အတွက် ပြည်တွင်း ပြည်ပ ဝေဖန်သံတွေ ထွက်ခဲ့ပြီး၊ တပ်မတော်ဘက်ကတော့ အဲဒီ ဆိုင်ကယ်ပေါ် ဗုံးတစ်လုံးပါလာတာ ရှာတွေ့ထားတယ် ဆိုပြီး ထုတ်ပြန်ထားပါတယ်။









