ပုဂံဒေသ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင် သွားပါပြီ။
ဒီကနေ အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်နေတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ပုဂံဒေသကို အခုလို သတ်မှတ်လိုက်တာလို့အဲဒီကိုရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ က ပြောပါတယ်။
၂၀၁၄ တုန်းက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း (၃)မြို့ ယူနက်စကို စာရင်းဝင်ခဲ့ပြီးနောက်ပိုင်း ပုဂံဟာ မြန်မာရဲ့ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ က နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ က ပုဂံကို အချိန်ယူ လေ့လာ စစ်ဆေးပြီး အတည်ပြုခဲ့ပါတယ်။
ယူနက်စကို ကမ္ဘာ့ ယဉ်ကျေးမှု ကော်မတီဝင် ၂၁ နိုင်ငံက ပုဂံကို ကမ္ဘာအမွေအနှစ်စာရင်း ထည့်သွင်းဖို့ အတွက်ကန့်ကွက်မှု မရှိဘဲ အတည်ပြုလိုက်တာလည်းဖြစ်ပါတယ် ။
ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ပုဂံဒေသ တစ်ခုလုံးကို လျှောက်ခဲ့တာဖြစ်ပြီး ဘုရားတစ်ဆူ ချင်းစီ ခွဲလျှောက်တာ မဟုတ်ဘူးလို့ လည်း အစည်းအဝေးတက်ရောက်နေတဲ့ ရှေးဟောင်း ယဉ်ကျေးမှုနဲ့ သုတေသန ဦးစီးဌာန အမွေအနှစ် ထိန်းသိမ်းသူ နိုင်ငံတကာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။ "ဘုရားတွေအကုန်ပေါင်းပြီး ဒီနေရာမှာ ၃၈၀၀ သော ဘုရား အဆူဆူရှိပြီး အမွေအနှစ်တွေရှိတယ် လို့ ဖော်ပြပြီး လျှောက်ခဲ့တာပါ"လို့ လည်းသူကရှင်းပြပါတယ် ။
အရှေတောင်အာရှက နိုင်ငံတွေထဲမှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတွေ အဖြစ် အင်ဒိုနီးရှားမှာ ၈ ခု ၊ထိုင်းမှာ ၅ ခု ဗီယက်နမ်မှာ ၈ ခု ဖိလစ်ပိုင်မှာ ၆ ခု စင်ကာပူမှာ ၁ ခု ကမ္ဘောဒီးယား မှာ ၃ ခု လာအို ၃ ခု နဲ့ မြန်မာ နိုင်ငံက ၁ ခုစီ သတ်မှတ်ခြင်း ခံထားရပါတယ်။
ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် ဖြစ် သတ်မှတ်ခံရတာ ကြောင့် ရှေးဟောင်းယဉ်ကျေးမှု ဒေသထဲ က လူနေအိမ်တွေ စီးပွားရေး လုပ်ငန်းတွေ ဟိုတယ်တွေဟာ သတ်မှတ်ပေးမယ့် အချိန်ကာလ တစ်ခု အတွင်း ရွှေ့ပြောင်းပေးရဖို့ရှိပါတယ်။
ဒီလိုပြောင်းပေးဖို့ အစီအစဉ် ရှိတယ်ဆိုပြီးတော့လည်း မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာနက ယူနက်စကို ကိုတင်ပြခဲ့ပါတယ်။
အခုလို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာ ပါသွားတဲ့ အတွက် နှစ်ပေါင်းထောင်ချီ ရှည်ကြာနေပြီဖြစ်တဲ့ ပုဂံက ရှေးဟောင်းအဆောက်အအုံတွေကို ရေရှည်ထိမ်းသိန်းရေးမှာ ယူနက်စကိုရဲ့ နည်းပညာ အကူညီတွေ ရလာတော့မှာဖြစ်ပါတယ်။








