ဂူဂယ်လ် ပိတ်လိုက်တာက ဟွာဝေး သုံးသူတွေကို ဘယ်လို ထိခိုက်နိုင်သလဲ

ဟွာဝေး

ဓာတ်ပုံ ရင်းမြစ်, Chesnot

ဂူဂယ်လ်က ဟွာဝေးကို ပေးနေတဲ့ နည်းပညာ ဝန်ဆောင်မှုတွေကို အမေရိကန် အစိုးရ အမိန့်အရ ဆက်ပေးတော့မှာ မဟုတ်တော့တဲ့အတွက် ဟွာဝေးကုမ္ပဏီနဲ့ သုံးစွဲသူတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

အဲလို ပိတ်ပင်လိုက်လို့ ဟွာဝေးရဲ့ နောက်ထပ်ထုတ်မယ့် ဖုန်းဒီဇိုင်းအသစ်တွေမှာ ဂူဂယ်လ် နည်းပညာတွေနဲ့ အက်ပလီကေးရှင်းတွေ သုံးလို့ ရတော့မှာ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ လောလောဆယ်မှာတော့ နိုင်ငံတကာမှာ လက်ရှိ ဟွာဝေး Huawei နဲ့ Honor စမတ်ဖုန်းနဲ့ တက်ဘလက် သုံးနေသူတွေကို လုံခြုံရေး အဆင့်မြှင့်တင်မှုတွေနဲ့ ရောင်းချပြီး ဝန်ဆောင်မှုတွေ ဆက်ပေးသွားမယ်လို့ ဟွာဝေးကပြောပါတယ်။

ပြီးတော့ တရုတ်အစိုးရကလည်း ဟွာဝေးကို ဥပဒေအရ ကာကွယ်နိုင်မယ့် ကိစ္စတွေ အထောက်အပံ့ ပေးမယ်လို့လည်း ပြောထားပါတယ်။

ဟွာဝေးသုံးသူတွေကို ဘယ်လိုထိခိုက်နိုင်သလဲ

လက်ရှိဟွာဝေး စမတ်ဖုန်း သုံးနေသူတွေအနေနဲ့ အက်ပလီကေးရှင်း တွေကို အဆင့်မြှင့်တာနဲ့ ဂူဂယ်လ် ပလေးစတိုးရဲ့ ဝန်ဆောင်မှုတွေကို ဆက်ပြီး အဆင့်မြှင့်လို့တော့ ရဦးမှာပါ။

ဒါပေမဲ့ ဂူဂယ်လ်က အခုနှစ် နောက်ပိုင်းမှာ အသစ်ထုတ်မယ့် အန်းဒရိုက်စနစ် အသစ်ကိုတော့ ဟွာဝေး ပစ္စည်းတွေမှာ သုံးလို့ ရတော့မှာ မဟုတ်ပါဘူး။

ဟွာဝေးက နောက်ထပ်ထုတ်မယ့် ဖုန်းတွေ၊ တက်ဘလက်တွေမှာ ယူကျု (YouTube)တို့၊ ဂူဂယ်မြေပုံစနစ်တို့လည်း ပါလာမှာ မဟုတ်တော့ပါဘူး။

ဟွာဝေးဖုန်းကသုံးထားတဲ့ ဆော့ဖ်ဝဲ အန်းဒရိုက်စနစ်ကတော့ (open source lincence အရ) ဆက်သုံးလို့ ရမှာ ဖြစ်ပါတယ်။

အခု ဂူဂယ်လ်ရဲ့ ပိတ်ပင်မှုဟာ ဟွာဝေးရဲ့ ဈေးကွက်ကို ကြီးကြီးမားမား ရိုက်ခတ်သွားစေနိုင်တယ်လို့ CCS Insight အကြံပေးအဖွဲ့အစည်းက ဘန်ဝုဒ်က သုံးသပ်ပါတယ်။

ဟွာဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဟွာဝေးကရော ဘယ်လို တုံ့ပြန်နိုင်သလဲ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် အစိုးရ ခွင့်ပြုချက်မရဘဲ အမေရိကန် ကုမ္ပဏီတွေဆီက နည်းပညာ ရယူခွင့်မရှိတဲ့ စာရင်းထဲမှာ ဟွာဝေးကို ထည့်လိုက်တာ ဖြစ်ပါတယ်။

အဲလို စာရင်းထဲမှာ ပါလာတာနဲ့ ပတ်သက်ပြီး ဟွာဝေးရဲ့ အမှုဆောင်ချုပ် ရန် ကျန်းဖေ့က သူတို့ ကြိုပြင်ထားပြီး ဖြစ်တယ်လို့ ဂျပန် မီဒီယာတွေကို စနေနေ့က ပြောပါတယ်။

နီကေး စီးပွားရေး သတင်းစာ အဆိုအရ တစ်နှစ် နည်းပညာ ပစ္စည်းဝယ်ယူစရိတ် ၆၇ ဘီလျံ ဒေါ်လာလောက် သုံးတဲ့ ဟွာဝေးဟာ သူတို့ ကိုယ်ပိုင် နည်းပညာ အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်အောင် ပိုတွန်းအားပေးမယ့် သဘောရှိပါတယ်။

5G မိုဘိုင်းလ် ကွန်ရက်တွေမှာ ဟွာဝေးပစ္စည်းတွေသုံးရင် လုံခြုံရေး အန္တရာယ်ရှိတယ်ဆိုပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ အတားအဆီးတွေနဲ့ ဟွာဝေး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တရုတ်အစိုးရက ထောက်လှမ်းရေးအတွက် ဟွာဝေး ပစ္စည်းတွေကို သုံးနေတယ်ဆိုပြီး နိုင်ငံတော်တော်များများမှာ စိုးရိမ်မှုတွေ တိုးလာနေတာပါ။ ဒါကိုလည်း ဟွာဝေးက ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။

ဟွာဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဟွာဝေးကတော့ သူတို့က ဘယ်လို လုံခြုံရေးအန္တရာယ်မှ မရှိသလို တရုတ်အစိုးရနဲ့လည်း ကင်းကင်းရှင်းရှင်း ရှိတယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ 5G မိုဘိုင်းလ် ကွန်ရက်တွေမှာ ဟွာဝေးပစ္စည်းတွေမသုံးဖို့ တယ်လီကွန်း ကုမ္ပဏီတွေကို တားမြစ်ထားပါတယ်။

ယူကေမှာတော့ တရားဝင် တားမြစ်တာမျိုးကို လုပ်ဖို့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။

ဟွာဝေးက သူတို့ကိုယ်ပိုင် အက်ပလီကေးရှင်းတွေနဲ့ သူတို့ ချစ်ပ်တွေမှာ သုံးနိုင်မယ့် တခြား ဆော့ဖ်ဝဲတွေကို လုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ အဲဒီလို အားထုတ်မှုတွေက သူတို့ ရပ်တည်မှုကို သူတို့ကိုယ်တိုင် အလုံးစုံ ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူးလို့ ဝုဒ်က ပြောပါတယ်။

line

ဟွာဝေးအတွက် ရေတို ဆုံးရှုံးမှုလား

လီယို ကယ်လီယန် - ဘီဘီစီ နည်းပညာ အယ်ဒီတာ

ရေတိုကာလမှာဆိုရင် အခု ဂူဂယ်လ်ရဲ့ ပိတ်ပင်မှုက ဟွာဝေးကို အနောက်နိုင်ငံဈေးကွက်မှာ အင်မတန် အထိနာစေနိုင်ပါတယ်။

ဂူဂယ်လ် ပလေးစတိုး၊ virtual assistant နဲ့ လုံခြုံရေး အဆင့်မြှင့်တဲ့ ဝန်ဆောင်မှုတွေ သုံးလို့မရတဲ့ အန်းဒရိုက်ဖုန်းတစ်လုံးကို စမတ်ဖုန်း ဝယ်တဲ့သူတွေက လိုချင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ရေရှည်မှာဆိုရင်တော့ အခုလို ပိတ်လိုက်တာက စမတ်ဖုန်း ထုတ်လုပ်သူတွေအနေနဲ့ ဂူဂယ်လ် နည်းပညာ အစား တခြား စနစ် ပြောင်းသုံးဖို့ သေချာ စဉ်းစားစရာ အကြောင်းပြချက် ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ဂူဂယ်လ်အနေနဲ့ သူတို့ ထုတ်တဲ့ Pixel ဖုန်းကို ထုတ်လုပ် ရောင်းချနေချိန်မျိုးမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေတွေအရ နောက်ဆုံးမှာ ဟွာဝေးအနေနဲ့ အမေရိကန် နည်းပညာတွေကို လုံးဝ ဆက်မသုံးတော့ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။

ပြီးတော့ ဟွာဝေးက သူတို့ကိုယ်ပိုင် ဆော့ဖ်ဝဲ (OS) ပြင်ဆင်နေပါတယ်။ အဲဒါက သူတို့အတွက် တခြား ရွေးစရာ လမ်းကြောင်းဖြစ်ပါတယ်လို့ ဟွာဝေးက ပြောထားပါတယ်။

ဒါပေမဲ့ အခုလို ပိတ်ပင်တားဆီးလာတာတွေကြောင့် ဟွာဝေးက ၂၀၂၀ မှာ ဆမ်ဆောင်းကို ကျော်တက်ပြီး ကမ္ဘာ့အရောင်းရဆုံး ဖုန်းဖြစ်လာအောင် မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်ကိုတော့ ထိခိုက်စေမှာ သေချာပါတယ်။

line
ဟွာဝေးရောင်းအား

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ

အခုနောက်ဆုံး ဟွာဝေးကို ပစ်မှတ်ထား ပိတ်ပင်လိုက်တဲ့ ကိစ္စက ဟွာဝေးကုမ္ပဏီနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာတယ်ဆိုတာကို ပြလိုက်တာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီဟာ အမေရိကန်အစိုးရ အဖွဲ့အစည်းတွေရဲ့ တရားစွဲဆိုမှု နှစ်ဒါဇင်လောက်နဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ ဒီဇင်ဘာလတုန်းက ကနေဒါမှာ ဖမ်းဆီးခံထားရတဲ့ ဟွာဝေးရဲ့ ဘဏ္ဍာရေး အကြီးအကဲ မန်ဝန်ကျိုး ကို လွှဲပြောင်း ရယူနိုင်ဖို့လည်း အမေရိကန် အစိုးရက နည်းလမ်းရှာနေပါတယ်။

အဲဒါလို ဖမ်းဆီးခံရတာက တရုတ်နဲ့ အမေရိကန် အစိုးရကြား ကုန်သွယ်ရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဖြစ်ပေါ်လာခဲ့တာပါ။

ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေတဲ့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးနှစ်ခုဟာ ပြီးခဲ့တဲ့ နှစ်မှာ ဘီလျံနဲ့ ချီတဲ့ ကုန်သွယ်ခွန်တွေ အပြန်အလှန် ကောက်ခံခဲ့ကြပါတယ်။

အခုလ အစပိုင်းမှာ အမေရိကန် အစိုးရက ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို အခွန် နှစ်ဆမက တိုးလိုက်ပါတယ်။ လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ကလည်း အမေရိကန် ထုတ်ကုန်တွေကို အခွန် တိုးမြှင့်လိုက်ပါတယ်။

ကမ္ဘာ့ဈေးကွက်ကို ရိုက်ခတ်ခဲ့တဲ့ အံ့အားသင့်စရာ လုပ်ဆောင်ချက်တွေ အဆုံးသတ်ဖို့ နီးစပ်လာတဲ့ အခြေအနေလို့လည်း ယူဆစရာ ရှိပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲက ကမ္ဘာ့ ဈေးကွက်ကို ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ရိုက်ခတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် မသေချာ မရေရာမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။