ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘာသာရေးစော်ကားမှုနဲ့ သေဒဏ်ပေးခဲ့ရပြီးမှ တရားသေလွတ်လာခဲ့တဲ့ အာဆီယာဘီဘီ ပါကစ္စတန်ကထွက်သွားပြီ
ပါကစ္စတန်နိုင်ငံမှာ အစ္စလမ် ဘာသာကို စော်ကားမှုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၈နှစ်ကြာ နေခဲ့ရသူ ခရစ်ယာန် အမျိုးသမီး အာဆီယာဘီဘီဟာ တရားရုံးက တရားသေ လွှတ်ခဲ့အပြီး အခုအခါ နိုင်ငံကထွက်သွားပြီလို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဆီယာဘီဘီကို တရားသေ လွှတ်ဖို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တဲ့အတွက် အစ္စလာမစ် ဝါဒီတွေရဲ့ အကြမ်းဖက် ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး သူ့ကို ပါကစ္စတန်ထဲကနေ ထွက်ခွာခွင့် မပြုဖို့ တောင်းဆိုမှုတွေကို အစိုးရက သဘောတူခဲ့ရပါတယ်။
အိမ်နီးချင်း မွတ်ဆလင် အမျိုးသမီးတွေနဲ့ စကားများရာကနေ တမန်တော် မိုဟာမက်ကို စော်ကားတယ်လို့ သူ့ကို စွပ်စွဲပြီး ၂ဝ၁ဝ ခုနှစ်မှာ တရားစွဲဆို အပြစ်ပေးခံခဲ့ရတာဖြစ်ပါတယ်။
အာဆီယာဘီဘီကတော့ သူ့မှာ အပြစ်မရှိဘူးလို့ တောက်လျှောက်ပြောဆိုနေခဲ့ပေမယ့် ဒီအမှုနဲ့ပတ်သက်လို့ ပါကစ္စတန်က အယူစွဲပြင်းထန်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် ပါကစ္စတန် အာဏာပိုင်တွေက သူ ပါကစ္စတန်က ထွက်သွားပြီလို့သာ အတည်ပြုပြီး သူဘယ်နိုင်ငံကို သွားတယ်၊ ဘယ်အချိန်က ထွက်သွားတယ်ဆိုတဲ့ အသေးစိတ်ကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့် အာဆီယာဘီဘီဟာ သမီး နှစ်ယောက် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရထားတဲ့ ကနေဒါနိုင်ငံကို ရောက်သွားပြီလို့ သူရဲ့ ရှေ့နေ ဆာအိ အူလ် မာလုပ်က ဘီဘီစီ ကို ပြောပါတယ်။
သူနိုင်ငံက ထွက်ခွာထို့ စီစဉ်နေတဲ့ အချိန်အတွင်း သူ့ဟာ လျှို့ဝှက်တဲ့ နေရာတခုမှာ နေနေခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက တရားရုံးချုပ်က သူ့ရဲ့ သေဒဏ်ကို ပယ်ဖျက်ပြီး တရားသေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ ပါကစ္စတန်နိုင်ငံတွင်း အစ္စလမ်ဘာသာ အယူစွဲ ပြင်းထန်သူတွေရဲ့ အကြမ်းဖက်ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမယ့် အလယ်အလတ်သဘောထားရှိသူတွေကတော့ သူ့ကို ပြန်လွှတ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
သူဘာကြောင့် စွပ်စွဲခံရတာလဲ
၂၀၀၉ ခုနှစ်က အမျိုးသမီးတွေနဲ့ အာဆီယာဘီဘီ ဟင်းသီးဟင်းရွက်ခူး ထွက်ခဲ့ကြရာမှာ ရေသောက်ကြရာက ရန်ဖြစ်စကားများခဲ့တာဖြစ်ပါတယ်။
ခရစ်ယာန် ဘာသာဝင်တဦးဖြစ်တဲ့ အာဆီယာဘီဘီ သောက်တဲ့ ရေခွက်ကို မွတ်ဆလင် အမျိုးသမီးတွေက မသန့်လို့ မသောက်နိုင်ဘူးလို့ ပြောရာကနေ အပြန်အလှန် စကားများခဲ့ကြတာပါ။
အဲဒီနောက် မွတ်ဆလင် အမျိုးသမီးတွေက အာဆီယာဘီဘီကို အစ္စလာမ်ဘာသာ ကူးပြောင်းဖို့ ဝိုင်းပြောခဲ့ကြရာမှာ အာဆီယာ ဘီဘီက တမန်တော် မိုဟာမက်ကို စော်ကားတဲ့ စကားတွေနဲ့ ပြန် တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် သူ့ကို ဝိုင်းရိုက်နှက်ခဲ့ကြစဉ်မှာ အာဆီယာဘီဘီ က အစ္စလာမ် ဘာသာကို သူစော်ကား မိကြောင်း ဝန်ခံခဲ့တယ်လို့ စွပ်စွဲသူတွေက ပြောပါတယ်။
အဲဒီနောက် သူ အဖမ်းခံရပြီး ဘာသာရေး စော်ကားမှုနဲ့ မူလတရားရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။
ဒါပေမယ့် ၂၀၁၈ အောက်တိုဘာလမှာ အထောက်အထားမခိုင်လုံဘူးဆိုပြီး တရားရုံချုပ်က တရားသေလွှတ်လိုက်တာဖြစ်ပါတယ်။
အစ္စလာမ် ဘာသာဟာ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံတော် ဘာသာ ဖြစ်ပြီး တရားရေး စနစ်နဲ့လည်း ပတ်သက် ဆက်နွှယ်နေတာပါ။
ဘာသာရေး စော်ကားမှုဆိုင်ရာ တင်းကြပ်တဲ့ ဥပဒေတွေကို လူထုက အခိုင်အမာ ထောက်ခံကြပါတယ်။
ဒီဥပဒေ ချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာကိုလည်း အယူစွဲ ပြင်းထန်တဲ့ နိုင်ငံရေး သမားတွေက ထောက်ခံပြီး သူတို့အပေါ် ထောက်ခံအားပေးသူတွေ ပိုများအောင် စည်းရုံးလေ့ ရှိပါတယ်။
ဒါပေမယ့် ဒီဥပဒေတွေကို ပုဂ္ဂိုလ်ရေး အငြင်းပွားမှုတွေကို ကလဲ့စားချေဖို့ အသုံးချလေ့ ရှိပြီး အထောက်အထား မခိုင်လုံပဲ ပြစ်မှုထင်ရှားကြောင်း အပြစ်ပေးလေ့ ရှိတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။
အာဆီယာဘီဘီကို ၁၉၇၁ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး သူမှာ ကလေး ၄ ယောက်ရှိပါတယ်။ သူဟာ ပါကစ္စတန်မှာ ဘာသာရေးစော်ကားမှု ဥပဒေနဲ့ တရားစွဲခံရပြီး သေဒဏ်အပြစ်ပေးခဲ့ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။