သီရိလင်္ကာ တိုက်ခိုက်မှု - လျှို့ဝှက်အိမ်ကို ဝင်စီးနင်းရာက ဇာရန်းဟာရှင်ရဲ့ အဖေနဲ့ညီအစ်ကိုတွေ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာနိုင်ငံမှာ အီစတာ တနင်္ဂနွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုတွေကို အဓိက ဦးဆောင် စီစဉ်ခဲ့သူလို့ ယူဆထားတဲ့ ဇာရန်း ဟာရှင်မ်ရဲ့ အဖေနဲ့ ညီအစ်ကိုတွေဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စီးနင်းမှုတစ်ခု အတွင်း သေဆုံးသွားပါတယ်။
အဲဒီသူတွေ လျှို့ဝှက် ပုန်းခိုနေတဲ့ အိမ်ကို သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ သောကြောနေ့ ဧပြီ ၂၆ ရက်နေ့က ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စီးနင်းမှုအတွင်း ဇာရန်း ဟာရှင်မ်ရဲ့ ဖခင်နဲ့ ညီအစ်ကို တော်စပ်သူ နှစ်ဦး သေဆုံး သွားတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တချို့က ပြောပေမယ့် ဖြစ်ပျက်ပုံ အသေးစိတ်ကိုတော့ ထုတ် မပြောပါဘူး။
သီရိလင်္ကာနိုင်ငံထဲက ခရစ်ယာန် ပစ်မှတ်တွေကို အဓိက ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာမှာ အဓိက ဦးဆောင်သူလို့ ယူဆ ထားတဲ့ ဇာရန်း ဟာရှင်လည်း ကိုလံဘိုမြို့တော်က ဟိုတယ်တစ်လုံးမှာ ကိုယ်တိုင် အသေခံ ဗုံးခွဲ ခဲ့ပါတယ်။
သူဟာ NTJ ဆိုတဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့ရဲ့ ခေါင်းဆောင် တရားဟောဆရာ တစ်ဦး ဖြစ်ပြီး၊ အယူအဆ သဘောထား တင်းမာသူ တစ်ဦး အဖြစ် နားလည် ရပါတယ်။ အခုတော့ NTJ အဖွဲ့ကိုလည်း သီရိလင်္ကာမှာ မတရားအသင်း အဖြစ် သတ်မှတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အိန္ဒိယထဲမှာလည်း စီးနင်းမှုတွေပြုလုပ်
သီရိလင်္ကာ အသေခံ ဗုံးခွဲမှုတွေနဲ့ ဆက်စပ်ပြီး အိန္ဒိယ နိုင်ငံထဲမှာလည်း အိမ်တွေကို ဝင်ရောက် စီးနင်း ရှာဖွေတာတွေ ပြုလုပ်နေပါတယ်။
တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်တဲ့ ကာရာလာမှာ နေအိမ်တချို့ကို အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် စီးနင်းခဲ့တာမှာ သီရိလင်္ကာ တိုက်ခိုက်မှုကို ကျုးလွန် ခဲ့ကြတဲ့ ဂျီဟာ့ဒ်ဝါဒီတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရသူ နှစ်ဦးကို တွေ့ရှိ ထားတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဆိုပါတယ်။
စာရွက်စာတမ်းတွေ၊ မိုဘိုင်းဖုန်းတွေလည်း သိမ်းဆည်း ရမိထားတယ် လို့လည်း အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။
ကာရာလာ ပြည်နယ်ထဲက အိန္ဒိယ နိုင်ငံသား မွတ်ဆလင်တွေထဲမှာလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း ဆီးရီးယားနဲ့ အီရတ်တို့ကို သွားပြီး အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့နဲ့ ပူးပေါင်းခဲ့သူတွေ အရေအတွက် အတော်အတန် ရှိပါတယ်။
အီစတာနေ့ တိုက်ခိုက်ခံလိုက်ရတာ သီတင်းတစ်ပတ်ပြည့်ပြီ
အီစတာ တနင်္ဂနွေ တိုက်ခိုက်ခံရမှု တစ်ပတ်ပြည့်မြောက်တဲ့ အခုတစ်ပတ် ဧပြီ ၂၈ ရက် တနင်္ဂနွေနေ့မှာတော့ သီရိလင်္ကာ နိုင်ငံက ခရစ်ယာန်တွေဟာ မိမိတို့ရဲ့ နေအိမ်တွေမှာပဲ ဘုရားဝတ်ပြု ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ချာ့ချ်ကျောင်းတွေမှာ လောလောဆယ် စုပေါင်း ဝတ်ပြု ဆုတောင်းပွဲတွေ မလုပ်ဖို့ ဆိုင်းငံ့ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာနိုင်ငံရဲ့ အကြီးဆုံး ကက်သလစ် ခရစ်ယာန် သာသနာပိုင် ဖြစ်တဲ့ ကာဒီနယ် ရဟန်းအမတ် မယ်လ်ကွမ် ရန်းဂျိသ်က သူ့ရဲ့ စံအိမ် ဘုရားဝတ်ကျောင်းထဲ ကနေ တနင်္ဂနွေနေ့ စုပေါင်း ဝတ်ပြုပွဲ အတွက် တရားဒေသနာတွေကို ဟောကြားပြီး ရုပ်မြင်သံကြားကနေ တဆင့် တစ်တိုင်းပြည်လုံးကို တိုက်ရိုက် ပြသခဲ့ပါတယ်။
တနင်္ဂနွေ စုပေါင်း ဝတ်ပြုပွဲကို လုံခြုံရေး စိုးရွံ့မှုတွေကြောင့် ချာ့ချ်တွေမှာ မလုပ်ရပေမယ့် ရုပ်သံကနေ တဆင့် ကာဒီနယ်ကိုယ်တိုင် ဦးဆောင်ပြီး ပြုလုပ်တဲ့ သဘောဖြစ်ပါတယ်။
ကာဒီနယ်နဲ့ အတူ သီရိလင်္ကာ သမ္မတ မိုင်ထရီပါလ ဆီရီဆီးနား၊ ဝန်ကြီးချုပ် ရာနေးလ် ဝစ်ကရာမာဆင်းဂါးတို့လည်း အတူ ရှိနေခဲ့ပါတယ်။
ကာဒီနယ် မယ်လ်ကွမ် ရန်းဂျိသ်က အီစတာ တနင်္ဂနွေ တိုက်ခိုက်မှုတွေဟာ "လူသားမျိုးနွယ် တစ်ရပ်လုံး အပေါ်မှာ လွန်ကျူးစော်ကား တိုက်ခိုက်မှု" ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံက ချာ့ချ်ကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထားခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင်း လူပေါင်း အနည်းဆုံး ၂၅ဝ သေဆုံး ခဲ့ရပါတယ်။









