အိန္ဒိယ ဖျက်ဆီးခဲ့တဲ့ ဂြိုဟ်တု အပိုင်းအစတွေ နိုင်ငံတကာ အာကာသ စခန်းကို ထိခိုက်နိုင်

ဓာတ်ပုံ ရင်းမြစ်, EPA
ဂြိုဟ်တုကို ဒုံးကျည်နဲ့ပစ် ဖျက်ဆီးခဲ့တဲ့ အိန္ဒိယရဲ့ အာကာသ လက်နက် စမ်းသပ်မှု အပေါ် အမေရိကန် နာဆာ အဖွဲ့က ဝေဖန်လိုက်ပါတယ်။
အိန္ဒိယရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ အာကာသစခန်း ISS ကို ထိခိုက် စေနိုင်တယ်လို့ အမေရိကန် အာကာသ အေဂျင်စီအဖွဲ့ နာဆာက ပြောပါတယ်။
ကမ္ဘာပတ်လမ်းထဲက ဂြိုဟ်တုတစ်လုံးကို အိန္ဒိယက ဒုံးကျည်နဲ့ပစ် ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ဒီလို အာကာသ လက်နက်စွမ်းရည်မျိုး အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးရင် သူတို့ပိုင်လာတာ ဖြစ်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဂုဏ်ယူ ပြောဆို ခဲ့ပါတယ်။
အိန္ဒိယရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာအကြား အာကာသလက်နက် အပြိုင်တပ်တာမျိုး ဖြစ်လာနိုင်တယ် ဆိုတဲ့ ဝေဖန်သံတွေ ထွက်လာစေခဲ့ပါတယ်။
ဒါ့အပြင် လတ်တလောမှာကို အိန္ဒိယဒုံးကျည်ကြောင့် ပျက်စီးသွားတဲ့ ဂြိုဟ်တုအပိုင်းအစတွေဟာ ISS ကို လာထိမှန်နိုင်တဲ့ အန္တရာယ် ရှိလာစေခဲ့တယ်လို့ အမေရိကန်က ထောက်ပြနေတာ ဖြစ်ပါတယ်။

ISS ထိခိုက်မယ့် အန္တရာယ် အဆမတန်တိုးလာခဲ့
အိန္ဒိယရဲ့ ဒုံးကျည်စမ်းသပ်မှု အပြီး ၁ဝ ရက် အတွင်း ISS ထိခိုက်နိုင်တဲ့ အန္တရာယ် ၄၄ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။
ISS ကို ခုထက်ထိတော့ ဂြိုဟ်တု အပျက်အစီး အပိုင်းအစတွေ လာထိမှန်တာမျိုး မရှိသေးပါဘူး။ လိုအပ်လာရင်တော့ ISS ကို နေရာရွှေ့ဖို့ စီစဉ်မယ်လို့ နာဆာ အကြီးအကဲ ဂျင်မ် ဘရိုင်ဒင်စတိုင်းက ဆိုပါတယ်။
အိန္ဒိယ ပစ်ခတ်ဖျက်ဆီးလိုက်တဲ့ ဂြိုဟ်တုကနေ အပိုင်းအစပေါင်း အနည်းဆုံး အခု ၄ဝဝ ထိ ကမ္ဘာပတ် လမ်းကြောင်းပေါ် ရှိလာစေပါတယ်။ အဲဒီထဲကမှ အချင်း ၁ဝ စင်တီမီတာထက် ပိုကြီးတဲ့ အပိုင်းအစ ပေါင်း ၆ဝ ကမ္ဘာပတ်လမ်းထဲ လှည့်နေတဲ့ လမ်းကြောင်းနောက် နာဆာက စောင့်ကြည့် နေခဲ့ပါတယ်။
အဲဒီ အပျက်အစီး အပိုင်းအစတွေနဲ့ ISS တို့ ဝင်တိုက်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ နာဆာက ပြောနေတာ ဖြစ်ပါတယ်။ ဂြိုဟ်တုကို ဖျက်ဆီးခဲ့တာဟာ အင်မတန် ဆိုးရွားတဲ့ အပြုအမူပဲလို့ မစ္စတာ ဘရိုင်ဒင်စတိုင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA/SCIENCE PHOTO LIBRARY
လူတွေ အာကာသခရီးသွားနိုင်ဖို့သာ အနာဂတ်နည်းပညာ
ဂြိုဟ်တုကို ဖျက်ချနိုင်စွမ်းတဲ့ လက်နက်မျိုး ပိုင်ဆိုင်နိုင်တဲ့ အပေါ် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက သူ့နိုင်ငံဟာ အာကာသပိုင်းဆိုင်ရာ အင်အားကြီး နိုင်ငံတွေ စာရင်းထဲ ပါဝင်လာနိုင်ပြီလို့ ပြောပေမယ့် နာဆာ အကြီးအကဲ ဘရိုင်ဒင်စတိုင်းကတော့ သဘောမတူပါဘူး။
အာကာသသိပ္ပံနဲ့ ပတ်သက်ပြီး အင်အားကြီး နိုင်ငံတွေ အာရုံစိုက်နေကြတဲ့ အပိုင်းဟာ အခုလို လက်နက်တပ်ဆင်ရေးမှာ မဟုတ်ပဲ လူတွေ အာကာသခရီး သွားလာရေး ပို အဆင့်မြင့် တိုးတက်လာဖို့ နယ်ပယ်မှာ ဖြစ်တယ်လို့ မစ္စတာ ဘရိုင်ဒင်စတိုင်းက ဆိုပါတယ်။
အိန္ဒိယကတော့ ဂြိုဟ်တုကို ဖျက်ဆီးခဲ့တဲ့ သူတို့ရဲ့ စမ်းသပ်မှုဟာ ကမ္ဘာ့မြေပြင်ကနေ ၁၈၆ မိုင် အကွာ ကမ္ဘာပတ်လမ်း အနိမ့် နယ်ပယ်ထဲ ပြုလုပ် ခဲ့တာကြောင့် အဲဒီ စမ်းသပ်ဖောက်ခွဲမှုကနေ ဖြစ်လာမယ့် အပျက်အစီး အပိုင်းအစတွေဟာ ISS ကို အန္တရာယ် ဖြစ်စေမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ကမ္ဘာပတ်လမ်း အနိမ့်ထဲမှာ ဆိုရင် အပိုင်းအစတွေ အချိန်အနည်းငယ်အတွင်း ကြေမွပျက်စီး သွားနိုင်တာကြောင့် စမ်းသပ်ဖောက်ခွဲမှု လုပ်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဆိုင်ရာ သုတေသန အဖွဲ့က ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

အာကာသလက်နက် အပြိုင်တပ်ကြမယ့် အန္တရာယ်
ဂြိုဟ်တုကို ဒုံးကျည်နဲ့ ပစ်ခတ် ဖောက်ခွဲပြတာမျိုး တရုတ်နိုင်ငံကလည်း ၂ဝဝ၇ ခုနှစ်မှာ ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း တရုတ်ရဲ့ အပြုအမူကြောင့် နိုင်ငံတကာကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။
တရုတ်ကဖောက်ခွဲခဲ့တဲ့ ဂြိုဟ်တုရဲ့ အပျက်အစီး အပိုင်းအစတွေ တော်တော်များများ ကမ္ဘာပတ်လမ်းထဲ အခုထိ ရှိနေသေးတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
ကမ္ဘာပတ်လမ်းထဲ ရှိနေကြတဲ့ လူလုပ် အာကာသ ပစ္စည်း အပျက်အစီး အပိုင်းအစပေါင်း တစ်သောင်းဝန်းကျင် ကို အမေရိကန်က စောင့်ကြည့်နေပြီး အဲဒီထဲက ၃ ပုံ ၁ ပုံ လောက်ဟာ တရုတ်ရဲ့ ၂ဝဝ၇ စမ်းသပ်မှုကြောင့် ပေါ်ပေါက်လာတဲ့ အပိုင်းအစတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အာကာသထဲက ပစ်မှတ်တွေကို ဖျက်ချနိုင်တဲ့ လက်နက်မျိုး ကမ္ဘာ့နိုင်ငံတွေကြား အပြိုင်တပ်ဆင် လာမှာကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
အိန္ဒိယ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုဆိုရင် ဂြိုဟ်တုဖျက် ဒုံးကျည် ASAT နည်းပညာလို့ ခေါ်ပါတယ်။ ASAT ဒုံးကျည် နည်းပညာကို ပိုင်လာတာကြောင့် တကယ်လို့သာ နိုင်ငံတခုခုနဲ့ ပဋိပက္ခဖြစ်ပြီဆိုရင် အဲဒီ နိုင်ငံက လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေကို အိန္ဒိယ အနေနဲ့ ဖျက်စီးနိုင်စွမ်း ရှိလာတာ ဖြစ်ပါတယ်။
ASAT နည်းပညာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတချို့ ရှိနေပေမယ့် စစ်ရေး ပဋိပက္ခတွေမှာ လက်တွေ့ အသုံးပြုတာမျိုးတော့ မရှိသေးပါဘူး။ အိန္ဒိယဆီမှာလည်း ASAT နည်းပညာ ရှိလာပြီ ဖြစ်တာကြောင့် အိန္ဒိယနဲ့တရုတ်ကြား ဒေသတွင်း စစ်လက်နက် အပြိုင်တပ်ဆင်မှု ပိုပြင်းထန် လာမယ်လို့ စစ်ရေး အကဲခတ်တွေက ဆိုပါတယ်။
ကုလသမဂ္ဂကတော့ အာကာသလက်နက်တွေ အပြိုင်တပ်တာမျိုး မလုပ်ကြဖို့ မနှစ်ကတည်းက သတိပေးတာတွေ ပြလုပ်ခဲ့ပြီး လက်နက်ထိန်းချုပ်ရေး နိုင်ငံတကာ စာချုပ်တစ်ရပ် ထားရှိကြဖို့လည်း တိုက်တွန်းနေပါတယ်။









