ဗြိတိသျှ အမျိုးသား ပင်မဆဲလ်အစားထိုးကုထုံးကြောင့် အိပ်ချ်အိုင်ဗီ 'ကင်းလွတ်'

ဗြိတိန်က အိပ်ချ်အိုင်ဗီ ကူးစက်ခံနေရတဲ့ အမျိုးသားတယောက် ပင်မဆဲလ်အစားထိုး ကုထုံး ခံယူပြီးနောက် ဗိုင်းရပ်ပိုး "အစရှာမရဖြစ်သွား"ကြောင်း သဘာဝ သိပ္ပံဂျာနယ်က ဆေးပညာရှင်တွေရဲ့ ဆောင်းပါးတစောင်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ရပ်မျိုး ဒုတိယတကြိမ် ဖြစ်ပွားတာလို့လည်း သိရပါတယ်။

လန်ဒန်မှာ ကင်ဆာ ရောဂါအတွက် ဆေးကုနေတဲ့ လူနာမှာ ၁၈ လ ကြာ ရောဂါပိုး ကင်းနေတဲ့အတွက် အိပ်ချ်အိုင်ဗီ ဆေးတွေလည်း မသောက်ဘဲ နေလို့ရနေပါတယ်။

လူနာမှာ ပိုး လုံးဝကင်းစင် "ပျောက်ကင်းပြီ"လို့ ပြောဖို့ စောနေသေးကြောင်း သုတေသီတွေက ဆိုပါတယ်။

အိပ်ချ်အိုင်ဗီ ရောဂါရှင် အများစုကို ကုဖို့ ဒီကုထုံးက လက်တွေ့မကျဘူးလို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ တချိန်မှာတော့ လုံးဝပျောက်တဲ့ ကုနည်းကို တွေ့နိုင်တယ်လို့ ဆိုပါတယ်။

လန်ဒန်က အမည်မဖော်တဲ့ လူနာအမျိုးသားမှာ ၂ဝဝ၃ ကတည်းက အိပ်ချ်အိုင်ဗီ ရောဂါပိုး တွေ့ရှိခဲ့ပြီး ၂ဝ၁၂ မှာတော့ လင်ဖိုးမား ကင်ဆာ ရောဂါ ခံစားနေတာကို တွေ့ခဲ့ပါတယ်။

သူ့ကင်ဆာကို ကုဖို့ ဓာတ်ကင်နေခဲ့ပြီး အိပ်ချ်အိုင်ဗီကို ခုခံနိုင်တဲ့ အလှူရှင် တယောက် ဆီက ပင်မဆဲလ် ယူပြီး အစားထိုးပေးခဲ့ပါတယ်။

ဒီအတွက် ကင်ဆာရော အိပ်ချ်အိုင်ဗီပါ စင်တဲ့ အခြေအနေ ရောက်နေတာ ဖြစ်ပါတယ်။

လန်ဒန် တက္ကသိုလ်ကောလိပ်၊ အင်ပီရီယယ် ကောလိပ်၊ ကိန်းဘရစ်နဲ့ အောက်စဖို့ဒ် တက္ကသိုလ်တွေက သုတေသီတွေ ဒီကုသမှုမှာ ပူးပေါင်း ပါဝင်ကြပါတယ်။

'ထူးဆန်းတဲ့ ဖြစ်ရပ်မဟုတ်'

ဒါဟာ ဒီလိုနည်းနဲ့ ကုပြီး အိပ်ချ်အိုင်ဗီပိုး ကင်းတဲ့အဆင့် ရောက်လာတဲ့ ဒုတိယ လူနာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကလည်း ဘာလင်မှာ တခြားလူနာတယောက်မှာ ခြင်ဆီရိုး အစားထိုး ကုသမှု ခံယူခဲ့ပါတယ်။ သူ့ကိုလှူတဲ့သူက သဘာဝအရ ဒီဗိုင်းရပ်ပိုး ပြီးနေသူ ဖြစ်ပါတယ်။

အိပ်ချ်အိုင်ဗီ အေအိုင်ဒီအက်စ် ရောဂါ ကို ပထမဆုံး ကုသနိုင်တဲ့သူ ဆိုတဲ့ တင်မိုသီ ဘရောင်းကို လူကီးမီးယား သွေးကင်ဆာအတွက် တကိုယ်လုံး ဓာတ်ရောင်ခြည်ကင်တဲ့ ကုထုံးနဲ့ အစားထိုး ကုသမှု နှစ်ခု ပေးပါတယ်။ ဒါတွေက တော်တော် ကြမ်းတဲ့ ကုထုံးတွေ ဖြစ်ပါတယ်။

"ဆင်တူတဲ့ ကုထုံးနဲ့ ဒုတိယ လူနာတယောက်မှာ ရောဂါပိုး ကင်းတာကို တွေ့ရတဲ့အတွက် ဘာလင်မှာ ပျောက်ကင်းတဲ့ လူနာဖြစ်ရပ်ဟာ ထူးဆန်းတဲ့ ဖြစ်ရပ်မဟုတ်ဘဲ အိပ်ချ်အိုင်ဗီ ရောဂါကို လူနှစ်ယောက်မှာ ပျောက်ကင်းစေတဲ့ ကုထုံး ဆိုတာ သိလာရပါတယ်" လို့ လန်ဒန် တက္ကသိုလ်ကောလိပ်က ဦးဆောင်လေ့လာနေသူ ပါမောက္ခ ရာဗင်ဒရာ ဂုပတားက ပြောပါတယ်။

ပျောက်ကင်းဖို့ မျှော်လင့်ချက်လေလား

ဘီဘီစီ ကျန်းမာရေး အယ်ဒီတာ မီရှဲလ် ရောဘတ်

ဒီတွေ့ရှိချက်ဟာ စိတ်လှုပ်ရှားစရာ ဖြစ်ပေမယ့် ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ ဝေဒနာသည်တွေအတွက် ကုထုံးအသစ်တော့ မဟုတ်ပါဘူး။

ဒီလို ပြင်းထန်တဲ့ ကုသမှုမျိုးကို ကင်ဆာရောဂါအတွက် သုံးလေ့ရှိပေမယ့် အိပ်ချ်အိုင်ဗီ အတွက်တော့ မဟုတ်ပါဘူး။

လက်ရှိ ကျင့်သုံးနေတဲ့ အိပ်ချ်အိုင်ဗီ ကုထုံးတွေက တကယ် ထိရောက်မှု ရှိပါတယ်။ ဗိုင်းရပ်ပိုး ကူးစက်ခံရသူတွေမှာ ကျန်းမာ သက်ရှည်တဲ့ ဘဝတွေ ရလာပါတယ်။

ဒါပေမဲ့ ဒီလူနာရဲ့ အခြေအနေကြောင့် အိပ်ချ်အိုင်ဗီကို ကိုင်တွယ် နှိမ်နင်းရာမှာ နည်းသစ်တွေ ရလာဖို့နဲ့ အောင်မြင်အောင် ကုသနိုင်ဖို့ ရှာဖွေနေတဲ့ ပညာရှင်တွေကို ထွက်ပေါက်ရစေမလား အရေးကြီးလာစေပါတယ်။

ခန္ဓာကိုယ်က ရောဂါကို ဘယ်လို သဘာဝနည်းနဲ့ ခုခံနိုင်တယ် ဆိုတာကို သိနားလည်လာမှုကလည်း ဒီမျှော်လင့်ချက်ကို ပေးပါတယ်။

ပင်မဆဲလ် ကုထုံးရဲ့ အောင်မြင်မှုကနေ နည်းသစ်တွေကြောင့် ရောဂါပိုးကို ကိုင်တွယ်နိုင်တဲ့အထိ တိုးတက်လာဖို့ မျှော်လင့်ချက်တွေ ပေါ်လာစေကြောင်း ဒီသုတေသနမှာ ပါဝင်တဲ့ လန်ဒန် အင်ပီရီယယ် ကောလိပ်က ပါမောက္ခ အဒွါဒူ အိုလာဗာရီယာ က ပြောပါတယ်။

"ဒါပေမဲ့ လင်ဖိုးမားကို ကုရာမှာ လိုအပ်တဲ့ ဓာတ်ကင်တာရဲ့ ပြင်းထန်မှုကြောင့် ဒီနည်းဟာ အိပ်ချ်အိုင်ဗီ စံကုထုံး တခု ဖြစ်ဖို့တော့ မသင့်တော်ဘူး" လို့လည်း သူက ဆိုပါတယ်။

ဘယ်လိုကုသလဲ

ကမ္ဘာတဝှမ်း အတွေ့ရများတဲ့ အိပ်ချ်အိုင်ဗီ အမျိုးအစား ၁ မှာ ဆဲလ်တွေထဲ ဝင်ဖို့ အသုံးများတဲ့ CCR5 ဆိုတဲ့ လက်ခံနေရာ ရှိပါတယ်။

ဒါပေမဲ့ လူအနည်းစုမှာ CCR5 ကို ပုံမှားရိုက်နိုင်တဲ့ မူပွားတွေ ရှိပြီး အိပ်ချ်အိုင်ဗီပိုးကို ခုခံနိုင်တဲ့ မျိုးထွန်းမှု ရှိတတ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ဗိုင်းရပ်ပိုးက အရင်ကလို ဝင်ရောက်ထိုးဖောက်တာတွေ မလုပ်နိုင်တော့ပါဘူး။

လန်ဒန်က လူနာဟာ အိပ်ချ်အိုင်ဗီပိုးကို မျိုးဗီဇအရကို ခုခံနိုင်တဲ့ အလှူရှင် တယောက်ဆီကနေ ပင်မဆဲလ် ရယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူလည်း ရောဂါကို ခုခံနိုင်သွားတာပါ။

ဒါပေမဲ့ အိပ်ချ်အိုင်ဗီကို သယ်ဆောင်ထားတဲ့ ဆဲလ်တွေကတော့ ခန္ဓာကိုယ်ထဲ ဆက်ရှိနေနိုင်ပြီး နှစ်ပေါင်းများစွာ ငြိမ်ငြိမ်လေး ရှိနေနိုင်ပါတယ်။

ဒါကြောင့် အိပ်ချ်အိုင်ဗီ ပိုးရှိသူတွေရဲ့ CCR5 လက်ခံနေရာကို ပစ်မှတ်ထားပြီး မျိုးဗီဇ ကုထုံး သုံးတာတွေ ဖြစ်လာနိုင်တယ်လို့ ဗြိတိန်က သုတေသီတွေက ဆိုပါတယ်။ ဘာလင်က လူနာမှာ တွေ့ရတဲ့ သက်သာလာမှုဟာ ဖြစ်ရပ်ဆန်း မဟုတ်တော့ဘူး လို့လည်း ဆိုကြပါတယ်။

ရလဒ်တွေက "အားတက်စရာ" ဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေး သုတေသန အမျိုးသား အင်စတီကျုက ပါမောက္ခနဲ့ လန်ဒန် အင်ပီရီယယ် ကောလိပ်က ကူးစက်ရောဂါ ဆိုင်ရာ စာတော်ဖတ် ဂရေဟမ် ကွတ် က ပြောပါတယ်။

"တချို့လူနာတွေမှာ ဒီကုထုံးက အောင်မြင်ပြီး တခြားလူတွေမှာ မအောင်မြင်တာကို နားလည်ရင် အိပ်ချ်အိုင်ဗီကို လုံးဝ အမြစ်ပြတ် ကုသရာမှာ အောင်မြင်ဖို့ နီးစပ်လာပြီ။

"အခုအချိန်မှာတော့ ဒီကုထုံးကို နေကောင်းနေတဲ့ လူနာတွေမှာ သုံးဖို့ အန္တရာယ်တွေ များပါသေးတယ်" လို့လည်း ဆိုပါတယ်။

'တော်တော် အရေးကြီး'

ဒီဆောင်းပါးဟာ "စိတ်ဝင်စားစရာ ကောင်းပြီး တော်တော် အရေးပါတယ်"လို့ ကာဒစ် တက္ကသိုလ် ကူးစက်ရောဂါ ဆိုင်ရာ စာတော်ဖတ်နဲ့ အတိုင်ပင်ခံ သမားတော် ဒေါက်တာ အင်ဒရူး ဖရီးဒ်မန်းက ဆိုပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်ပိုး နောက်ထပ် ပြန်ပေါ်မလာဘူးဆိုတာ သေချာအောင် နောက်ထပ် ဆက်လေ့လာဖို့ လိုသေးတယ်လို့ သူက ပြောပါတယ်။

" တကမ္ဘာလုံးမှာ သန်းနဲ့ချီတဲ့ အိပ်ချ်အိုင်ဗီ ရောဂါရှင်တွေကို ကုဖို့ ဒီနည်းက လက်တွေ့ကျတာ မဟုတ်ပေမယ့် ဒီလို တွေ့ရှိချက်တွေကြောင့် အိပ်ချ်အိုင်ဗီ ရောဂါ လုံးဝ ပျောက်ကင်းရေးမှာ ကူညီလာနိုင်တယ်။

"ဒီကြားထဲမှာတော့ အိပ်ချ်အိုင်ဗီ ပိုးကို လူနာတွေမှာ မြန်မြန် ရှာဖွေနိုင်ဖို့နဲ့ လူနာတွေကို တသက်လုံး သောက်ရမယ့် အေအာရ်ဗီဆေးတွေ စပေးနိုင်ဖို့ အရေးထားရမယ် " လို့ သူကပြောပါတယ်။

ဒါမှ တခြားလူတွေကို ရောဂါထပ်မကူးအောင် ဟန့်တားနိုင်ပြီး အိပ်ချ်အိုင်ဗီရှိသူတွေကို သာမန်လူတွေနီးပါး နေနိုင်အောင် ကူညီနိုင်မှာ ဖြစ်ပါတယ်။