စစ်အေးကာလ လက်နက်ထိန်းချုပ်တဲ့ စာချုပ်မှာ ပါဝင်မှုကို အမေရိကန်နဲ့ ရုရှားတို့ ရပ်ဆိုင်း

အမေရိကန်က စာချုပ်မှာ ပါဝင်ဖို့ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့က စပြီး ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမေရိကန်က စာချုပ်မှာ ပါဝင်ဖို့ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့က စပြီး ဆိုင်းငံ့

ဖေဖော်ဝါရီ ၁ ရက်နေ့က အမေရိကန်ဘက်က စစ်အေးခေတ် တာတိုနဲ့ တာလတ်ပစ် နျူကလီးယား လက်နက် စာချုပ်(INF)ကနေ ပါဝင်တာကို ရပ်ဆိုင်းမယ်လို့ ကြေညာခဲ့အပြီး သမ္မတ ပူတင်ကလည်း အမေရိကန်လိုပဲ အလားတူလိုက်လုပ်မယ်လို့ ပြောပါ တယ်။

ရုရှားအနေနဲ့ အသံထက်မြန်တဲ့ တာလတ်ပစ် ဒုံးတွေကို စတင် တည်ဆောက်မယ်လို့ သမ္မတ ပူတင်က အခုလို ပြောပါတယ်။

"ကျွန်တော်တို့ရဲ့တုံ့ပြန်မှုကလည်း အလားတူပါ။ ကျွန်တော်တို့ရဲ့ လက်တွဲဖော် အမေရိကန်က စာချုပ်ကနေ ပါဝင်မှုကို ရပ်ဆိုင်းတယ်ဆိုတော့ ကျွန်တော်တို့လည်း စာချုပ်မှာ ပါဝင်တာကို ရပ်လိုက်ပါတယ်"လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ တံခါးဖွင့်ထားပေမယ့် လက်နက် ထိန်းချုပ်ရေး ပြောဆိုဆွေးနွေးတာတွေကို ရုရှားဝန်ကြီးတွေ အနေနဲ့ စ မလုပ်ဖို့ ညွန်ကြားထားတယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ဘက်က အလားတူ လက်နက်မျိုးတွေ ဥရောပမှာ မတပ်ဆင် သရွေ့ ရုရှားအနေနဲ့လည်း ဥရောပမှာ တပ်ဆင်သွားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

စာချုပ်မှာ ပါဝင်ဖို့ ရပ်ဆိုင်းတဲ့ ဂယက်

ရုရှားဘက်က အခုလို စာချုပ်မှာ ပါဝင်မှု ရပ်ဆိုင်းလိုက်တာဟာ ဥရောပအတွက် စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။

ဒါ့ကြောင့် အနောက်အုပ်စုအနေနဲ့ ရုရှား နျူကလီးယား ဒုံးလက်နက် အန္တရာယ်ကနေ ကာကွယ်မှုတွေ လုပ်ရမယ်လို့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ယန်း စတိုဂျင်ဘက် (Jens Stoltenberg)က ပြောပါတယ်။

ရုရှားက စာချုပ်ကို နှစ်ပေါင်းများစွာ ချိုးဖောက်နေပြီး နျူကလီးယား ဒုံးတွေကို ဥရောပမှာ ပိုလို့ တပ်ဆင်လာတာကြောင့် ဥရောပ မဟာမိတ်တွေက အမေရိကန်နဲ့ သဘောတူတယ်လို့ သူက ဆိုပါတယ်။

ရုရှားက အခုလို စာချုပ်ကို ချိုးဖောက်ပြီး လက်နက်တွေ တပ်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုဟာ အရင် သမ္မတ အိုဘားမားလက်ထက်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားက အခုလို စာချုပ်ကို ချိုးဖောက်ပြီး လက်နက်တွေ တပ်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုဟာ အရင် သမ္မတ အိုဘားမားလက်ထက်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

ရုရှားက ဘာတွေလုပ်နေလဲ

INF စာချုပ်က တားမြစ်ထားတဲ့ မိုင် ၃၁၀ကနေ ၃၄၀ဝအတွင်း ပစ်ခတ်နိုင်တဲ့ လက်နက်တွေ ရုရှားက တည်ဆောက်နေတယ်ဆိုတာ သက်သေ အထောက် အထားရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒုံးကျည် 9M729 ဒါမှမဟုတ် SSC-8လို့ အသိများတဲ့ ဒုံးကျည်တွေကို ချထားတယ်လို့လည်း ဆိုပါတယ်။

ဒီသက်သေအထောက်အထားတွေကို အမေရိကန်က နေတိုးမဟာမိတ်အဖွဲ့ကို တင်ပြထားပြီး အဖွဲ့ဝင် အားလုံးက ဒီအချက်ကို ထောက်ခံတယ်လို့ အမေရိကန်က ပြောပါတယ်။

ရုရှားက အခုလို စာချုပ်ကို ချိုးဖောက်ပြီး လက်နက်တွေ တပ်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုဟာ အရင် သမ္မတ အိုဘားမားလက်ထက်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်တွေကို ရုရှားဘက်က ငြင်းခဲ့ပါတယ်။ နောက်ပြီး အမေရိကန်တို့ဟာ အရှေ့ ဥရောပမှာ တိုက်ချင်းပစ် ဒုံးကျည်တွေကို ကြားဖြတ် နိုင်တဲ့ လက်နက်တွေ ဖြန့်ချထားပြီး ဒါဟာ INF စာချုပ်ပါ အချက်ကို အမေရိကန်က ချိုးဖောက်တာလို့ ရုရှားတို့ ပြန်စွပ်စွဲခဲ့ပါတယ်။

၁၉၈၇ ခုနှစ်က အမေရိကန် သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက် ပြည်ထောင်စု ခေါင်းဆောင် မီခေး ဂိုဘာချောက်တို့ INF စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၁၉၈၇ ခုနှစ်က အမေရိကန် သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက် ပြည်ထောင်စု ခေါင်းဆောင် မီခေး ဂိုဘာချောက်တို့ INF စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုး

INF စာချုပ်က ဘာတွေသဘောတူညီထားလဲ

INF စာချုပ်ကို ၁၉၈၇ ခုနှစ်က အမေရိကန် သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက် ပြည်ထောင်စု ခေါင်းဆောင် မီခေး ဂိုဘာချော့တို့က သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဒီစာချုပ်အရ မြေပြင်မှာ မိုင် ၃၁၀ ကနေ ၃၁၀ဝ မိုင်အတွင်း ပစ်ခတ်ရတဲ့ တာတိုနဲ့ တာလတ် ဒုံးကျည်တွေ တည်ဆောက် အသုံးပြုတာကို တားမြစ်ထားပါတယ်။

စာချုပ်အရ ၁၉၉၁ ခုနှစ်မှာ ဒုံးကျည် ၂၇၀ဝကို ဖျက်ဆီးခဲ့ပြီး နှစ်နိုင်ငံက ဒီလက်နက်တွေ ထုတ်လုပ်တာ ရှိမရှိ အပြန်အလှန် စစ်ဆေးခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀ဝ၂ ခုနှစ် အမေရိကန်က တိုက်ချင်းပစ်ဒုံးဆန့်ကျင်ရေး စာချုပ်ကနေ နုတ်ထွက်ခဲ့ပြီးတဲ့ နောက် ၂၀ဝ၇ ခုနှစ်မှာ INF စာချုပ်ဟာ ရုရှားရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ သမ္မတ ပူတင်က ကြေညာခဲ့ပါတယ်။

ဒီနောက် အမေရိကန်နဲ့ ရုရှားတို့အကြား စာချုပ်ကို ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပြန်အလှန် လုပ်ခဲ့ကြပြီး တင်းမာတဲ့ အခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ရုရှားကနေ ပစ်ခတ်ရင် ဥရောပက မြို့ အတော်များများဟာ ဒီဒုံးကျည် ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိတာကြောင့် စစ်အေးခေတ်ကို ပြန်ရောက် မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာ
ဓာတ်ပုံ ပုံစာ, ရုရှားကနေ ပစ်ခတ်ရင် ဥရောပက မြို့ အတော်များများဟာ ဒီဒုံးကျည် ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိတာကြောင့် စစ်အေးခေတ်ကို ပြန်ရောက် မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာ

အမေရိကန်က စာချုပ်ကနေ ပါဝင်မှုရပ်ဆိုင်းပြီးရင် ဘာဖြစ်မလဲ

INF စာချုပ်ကို ထိန်းသိမ်းဖို့ အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အကြိမ် ၃၀ လောက် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် တစုံတရာ သဘော တူညီချက်မရခဲ့ပါဘူး။

အမေရိကန်က စာချုပ်မှာ ပါဝင်ဖို့ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့က စပြီး ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

စာချုပ်ကို လိုက်နာဖို့ ရပ်ဆိုင်းပြီး ၆ လကြာလို့မှ ရုရှားနဲ့ တစုံတရာ သဘောတူညီချက် မရဘူးဆိုရင် စာချုပ်ကနေ နုတ်ထွက်တာက အတည်ဖြစ်သွားမှာ ဖြစ်ပါတယ်။

နျူလက်နက် သဘောတူညီချက်က အမေရိကန်နဲ့ ရုရှားတို့သာ လက်မှတ် ထိုးထား ပေမယ့် ကမ္ဘာ့ပေါ်မှာ နျူလက်နက်နဲ့ ပတ်သက်ရင် နောက်ထပ် အင်အားကြီးတဲ့ တရုတ်က ဒီစာချုပ်မှာ မပါတာဟာ အမေရိကန်အတွက် စိုးရိမ်မှု တခုလို့ စစ်ရေးသုံးသပ်သူအများစုက ထောက်ပြနေပါတယ်။

ကမ္ဘာ့ပေါ်မှာ နျူလက်နက်နဲ့ ပတ်သက်ရင် နောက်ထပ် အင်အားကြီးတဲ့ တရုတ်က ဒီစာချုပ်မှာ မပါတာ အမေရိကန်အတွက် စိုးရိမ်မှု တခုလို့ စစ်ရေးသုံးသပ်သူအများစုက ထောက်ပြနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ပေါ်မှာ နျူလက်နက်နဲ့ ပတ်သက်ရင် နောက်ထပ် အင်အားကြီးတဲ့ တရုတ်က ဒီစာချုပ်မှာ မပါတာ အမေရိကန်အတွက် စိုးရိမ်မှု တခုလို့ စစ်ရေးသုံးသပ်သူအများစုက ထောက်ပြနေ

အနောက်နဲ့ ရုရှား ဆက်ဆံရေးက ဆိုးဝါးနေသလို အမေရိကန်သာ အဓိကဆိုတဲ့ မူဝါဒကို အမေရိကန် သမ္မတက ဦးစားပေးလုပ်လာတာတွေ၊ ရုရှားရဲ့ နိုင်ငံကို အသားပေးလွန်းတဲ့ ငါသိငါတတ် နိုင်ငံခြားရေး မူဝါဒတို့ကြောင့် INF စာချုပ်က ဆက်လက် တည်တံ့ဖို့က ခက်တယ်လို့လည်း စစ်ရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

ဒါကြောင့်လည်း နျူကလီးယားလက်နက် ထိန်းချုပ်ရေး အခြေအနေတွေက မရေရာတဲ့ အနေ အထားကို ရောက်ရှိသွားပါတယ်။ အထူးသဖြင့် ဒီတာလတ်ဒုံးတွေက ပြောင်းရွှေ့ရလွယ်ပြီး နျူကလီးယား တပ်ဆင် ထားသလို ဘယ်နေရာမှာ ရှိတယ်ဆိုတာ ရှာဖွေ သိရှိဖို့ ခက်ခဲတယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

ဒါ့အပြင် ရုရှားကနေ ပစ်ခတ်ရင် ဥရောပက မြို့ အတော်များများဟာ ဒီဒုံးကျည် ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိတာကြောင့် စစ်အေးခေတ်ကို ပြန်ရောက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ရုရှားရဲ့ ဆက်ဆံရေး အမြန်ပြန်ကောင်းဖို့ကလည်း မလွယ်သလို စစ်ရေး နဲ့ စီးပွားရေး သြဇာလွမ်းမိုးနိုင်ရေး ပြိုင်ဆိုင်မှုတွေက လက်နက် ထိန်းချုပ်ရေး စာချုပ်မရှိတော့တဲ့ အတွက် ပိုအန္တရာယ်များနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။