ဘာသာရေး စော်ကားမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက် ဆန္ဒပြသူ ၅၀၀၀ ကျော်ကို ပါကစ္စတန် အရေးယူ

ဓာတ်ပုံ ရင်းမြစ်, EPA
ပါကစ္စတန် နိုင်ငံမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အစ္စလာမ် အစွန်းရောက် တွေရဲ့ အကြမ်းဖက် ဆန္ဒပြမှု တွေ အတွင်း ပြည်သူပိုင် ပစ္စည်းတွေကို မီးရှို့မှုနဲ့ လူပေါင်း ၅၀၀၀ ကို တရားစွဲဆိုလိုက်ပါတယ်။
ခရစ်ယာန် အမျိုးသမီး အိုင်ရှာဘီဘီ အပေါ် ဘာသာရေးစော်ကားမှု နဲ့ သေဒဏ်ချတ်မှတ်ထားတာကို ပါကစ္စတန် တရားရုံး ချုပ် ကနေ အဲဒီပြစ်ဒဏ် ပြန်ရုပ်သိမ်းလိုက်တဲ့ အတွက် အစ္စလာမ်ဘာသာရေး အစွဲကြီးသူတွေ ရဲ့ ဆန္ဒပြမှုတွေကို အဆုံး သတ်နိုင်ဖို့ အစိုးရကနေ ညှိနှိုင်း သဘောတူ ညီမှုတခု လုပ်ခဲ့ပြီး နောက် တနေ့မှာပဲ အခုလို အရေးယူမှုတွေ လုပ်ခဲ့ တာပါ။
အဲဒီ သဘောတူညီချက်အရ အိုင်ရှာဘီဘီကို တိုင်းပြည်ကနေ ထွက်မသွားရအောင် အစိုးရက လုပ်ဆောင်ပေးမှာ ဖြစ်ပါ တယ်။
ဒါပေမယ့် လူမှုကွန်ရက်တွေမှာ ပိုဆိုးလာအောင် သွေးထိုး လှုံ့ဆော်မှုတွေ လုပ်တဲ့သူတွေကိုလည်း အရေးယူ သွားမှာလို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။
ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် မြို့ကြီး ၃ မြို့မှာ လုပ်ငန်းတွေ ၃ ရက်ကြာ ရပ်ဆိုင်း သွားခဲ့ရပြီး၊ အစိုးရ အနေနဲ့ လည်း နောက်ထပ် အညံ့ခံ နေရပြီလား ဆိုပြီး မီဒီယာတွေက ဝေဖန် ရေးသားခဲ့ကြ ပါတယ်။
သူ့ခင်ပွန်းဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိုင်ရှာဘီဘီရဲ့ ခင်ပွန်း Ashiq Masih ကတော့ သူတို့အနေနဲ့ ပါကစ္စတန်မှာ နေထိုင်ဖို့ အင်မတန်မှ အန္တရာယ် ကြီးတယ် လို့ ပြောပါတယ်။ ဒီအတွက် ဗြိတိန် အမေရိကန်နဲ့ ကနေဒါ တို့မှာ ခိုလှုံခွင့် လျှောက်ထားပါတယ်။
တရားရုံးချုပ်က သေဒဏ်ကို ပြန်ရုပ်သိမ်း လိုက်တာဟာ အထောက်အထား ခိုင်လုံမှု မရှိတဲ့ အတွက်လို့ ပြောပါ တယ်။
အိုင်ရှာဘီဘီ ကို အခုလို သေဒဏ် ပလပ် လိုက်တဲ့ အတွက် အကြမ်းဖက် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး၊ အစိုးရ ဟာ အခုတော့ သူ့ကို တိုင်းပြည်ကနေ ထွက်မသွားစေဖို့ လုပ်ဆောင်မယ်ဆိုပြီး သဘောတူခဲ့ပါတယ်။
အိုင်ရှာဘီဘီရဲ့ ရှေ့နေ Saif Mulook ကတော့ စနေနေ့က ပါကစ္စတန်ကနေ ထွက်ပြေးလာခဲ့ပြီး၊ သူ့အနေနဲ့ အသက် အန္တရာယ် အတွက် စိုးရိမ်နေတယ်လို့ ပြောပါတယ်။
ဘာကြောင့် ဒီအမှုက အငြင်းပွားဖွယ်ဖြစ်ရတာလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ပါကစ္စတန်မှာက အစ္စလာမ် ဘာသာဟာ နိုင်ငံတော် ဘာသာ ဖြစ်ပြီး၊ နိုင်ငံရဲ့ ဥပဒေ စနစ် အတွက် ကျောထောက်နောက်ခံ ပြုထားတာ လည်း ဖြစ်ပါတယ်။
တင်းကျပ်တဲ့ ဘာသာရေး စော်ကားမှု ဥပဒေ အပေါ် အများပြည်သူရဲ့ ထောက်ခံမှုက အင်မတန်မှ ကြီးမားပါတယ်။
ဒါပေမယ့် ဝေဖန်သူတွေ ပြောတာကတော့ ပုဂ္ဂိုလ်ရေး အရ အငြင်းပွားမှုတွေကို တုံ့ပြန်လက်စားချေဖို့ ဒီဥပဒေတွေကို မကြာ ခဏ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ဒီဥပဒေနဲ့ အပြစ်ပေးခံရတဲ့သူ အများစုဟာ မွတ်ဆလင်တွေ ဖြစ်ကြပြီး၊ ၁၉၉၀ နောက်ပိုင်းမှာတော့ ဒီဥပဒေနဲ့ အပြစ်ပေးခံရတဲ့ ခရစ်ယာန် တွေ များလာခဲ့ပါတယ်။ ခရစ်ယာန်က ပါကစ္စတန်မှာ လူဦးရေ ၁.၆ ရာခိုင်းနှုန်း ရှိပါတယ်။
၁၉၉၀ နောက်ပိုင်း ဘာသာရေး စော်ကားမှု နဲ့ အသတ်ခံရသူ အနည်းဆုံး ၆၅ ရှိခဲ့ပါတယ်။
ပါကစ္စတန်က ခရစ်ယာန် လူမှု အသိုင်းအဝန်း ဟာ မကြာသေးခင် နှစ်တွေက စလို့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ကြရပြီး၊ စိုးရိမ်မှုတွေ တိုးပွားလာနေခဲ့ပါတယ်။








