စက်ချို့ယွင်းတဲ့ ဆိုယုဇ် ဒုံးပျံက အာကာသယာဉ်မှူးတွေ လွတ်မြောက်
ရုရှား ဆိုယုဇ်ဒုံးပျံဟာ လွှတ်တင်ကာစ စက္ကန့်ပိုင်းမှာ စက်ချို့ယွင်းသွားခဲ့တာကြောင့် အမေရိကန်နဲ့ ရုရှား လေယာဉ်မှူးနှစ်ဦးတို့ဟာ အရေးပေါ် မြေပြင်ကို ပြန်ဆင်းခဲ့ရပါတယ်။
အခုတော့ ကာဇတ်စတန်မှာ အန္တရာယ်ကင်းစွာ မြေပြင်ကို ဆင်းသက်နိုင်ခဲ့တဲ့ အာကာသယာဉ်မှူးတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိ ခေါ်ဆောင်နေပြီ ဖြစ်ပါတယ်။
အမေရိကန် အာကာသယာဉ်မှူး နစ်ဟိတ် နဲ့ ရုရှား အာကာသယာဉ်မှူး အလက်ဆီ အောချီနင် တို့ နှစ်ဦးစလုံး အခြေအနေကောင်းတယ်လို့ အမေရိကန်အာကာသ အေဂျင်စီ နာဆာနဲ့ ရုရှားမီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။
ဒီဒုံးပျံဟာ အာကာသယာဉ်မှူးတွေကို နိုင်ငံတကာ အာကာသစခန်းဆီ ပို့ဆောင်ဖို့ လွှတ်တင်ခဲ့တာဖြစ်ပြီး စက္ကန့် ၉ဝ လောက်အကြာမှာ ဒုံးပျံရဲ့ အားဖြည့် ဒုံး စက်ချို့ယွင်းသွားတယ်လို့ အာကာသယာဉ်မှူးတွေက သတင်းပို့ခဲ့ပါတယ်။
သူတို့ လိုက်ပါလာတဲ့ အာကာသယာဉ်ငယ်ဟာ ကာဇတ်စတန် Baikonur လွှတ်တင်ရေးစခန်းနဲ့ မိုင်အနည်းငယ်အကွာကို ဆင်းသက်နိုင်ခဲ့ပါတယ်။
ဆိုယုဇ်ဒုံးပျံကို ကာဇတ်စတန်မှာရှိတဲ့ Baikonur လွှတ်တင်ရေးစခန်းကနေ ဒေသအချိန် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ က လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာကို လေးပတ်ပတ်ကာ နိုင်ငံတကာ အာကာသစခန်းဆီကို ခြောက်နာရီကြာ ခရီးနှင်ရမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ရုရှား အာကာသ ယာဉ်မှူး နှစ်ဦးတို့ဟာ အာကာသစခန်းမှာ ခြောက်လကြာနေထိုင်ပြီး သိပ္ပံ စမ်းသပ်မှု အတော်များများ လုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ရုရှားတို့တော့ ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP









