တရုတ်ပြည်မနဲ့ ဟောင်ကောင် ရထားလမ်းသစ်ကို ဟောင်ကောင် ဒေသခံတွေ ဆန္ဒပြ

တရုတ်ပြည်မနဲ့ ဟောင်ကောင် ရထားလမ်းသစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်မနဲ့ ဟောင်ကောင် ရထားလမ်းသစ်

စက်တင်ဘာ ၂၂ ရက်နေ့ ကျင်းပတဲ့ အမြန်ရထားလမ်းဖွင့်တဲ့ အခမ်းအနားမှာ ပထမဆုံး ခရီးစဉ်အဖြစ် ဟောင်ကောင်ကနေ တရုတ်နိုင်ငံ Guangzhouကို ၄၅ မိနစ်ကြာ သွားမယ့် ရထားပေါ်မှာ ဟောင်ကောင်ခေါင်းဆောင် Carrie Lamက စီးနင်းလိုက်ပါလာခဲ့ ပါတယ်။

ဒီရထားလမ်းဟာ Greater Bay Area လို့ ခေါ်တဲ့ ပင်လယ်အော်ဒေသ ဖွံ့ဖြိုးရေး အတွက် အလျင်စလို အကောင်ထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်ပြီး ဂွမ်ဂျိုး၊ ရှန်ဂျင်းနဲ့ ဟောင်ကောင်မြို့ကြီး ၃ မြို့ကို ချိတ်ဆက် ပေးထားပါ တယ်။

စက်တင်ဘာ ၂၃ ရက်နေ့ကနေ စပြီး ဒီရထားလမ်းကို အများပြည်သူတွေ အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ Guangzhouကို ၄၅ မိနစ်ကြာ သွားမယ့် ရထားပေါ်မှာ ဟောင်ကောင်ခေါင်းဆောင် Carrie Lamက စီးနင်းလိုက်ပါ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံ Guangzhouကို ၄၅ မိနစ်ကြာ သွားမယ့် ရထားပေါ်မှာ ဟောင်ကောင်ခေါင်းဆောင် Carrie Lamက စီးနင်းလိုက်ပါ

ဖွင့်ပွဲအခမ်းအနားမှာ အခု ရထားလမ်းဟာ ဒီဧရိယာတဝိုက်မှာ ခရီးစဉ်အသစ်တွေကို ဖန်တီးပေးတာလို့ ခေါင်းဆောင် Carrie Lamက ပြောပါတယ်။

ခရီးသွားလာဖို့ လမ်းကြောင်းတွေ တိုးတက်လာစေတဲ့အပြင်၊ အဓိကျတဲ့ ပင်လယ်အော် ဒေသ အတွင်းမှာ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ဖို့ ရထားလမ်းသစ်က အထောက်အကူပေးမှာ ဖြစ်သလို ဒီလမ်းကြောင်းက ဟောင်ကောင်ကို စီးပွားရေးဇုန်နဲ့ ယန်စီး မြစ်ဝကျွန်းပေါ် ဒေသတွေကို ချိတ်ဆက် ပေးမှာလို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီလမ်းကြောင်းက ဟောင်ကောင်နဲ့ ပြည်မကြီး ဆက်သွယ်ထားတဲ့ ခရီး အကွာအဝေးကို ပိုမို တိုတောင်းသွားစေမယ်လို့ ဂွမ်ဒုံး ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရထားလက်မှတ်များ ရောင်းချနေစဉ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရထားလက်မှတ်များ ရောင်းချနေစဉ်။

အမြန်ရထားလမ်းကြောင်းသစ်နဲ့ပတ်သက်လို့ အစိုးရဘက်ပိုင်းက အခုလို အပြု သဘော ရှုမြင်နေပေမယ့် ဒီရထားလမ်းကြောင်း သစ်အပေါ်မှာ ဟောင်ကောင် ဒေသခံတွေကတော့ ဝေဖန် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

သူတို့ ဆန္ဒပြရတဲ့ အဓိက အကြောင်းအရင်းက ဟောင်ကောင်ဘက်ခြမ်းမှာ ရှိတဲ့ ဘူတာရုံမှာ တရုတ်အစိုးရ အရာရှိတွေ စီမံခန့်ခွဲပိုင်ခွင့် ပေးလိုက်ရမှာကြောင့် ဖြစ်ပါတယ်။

ဒီလို ပေးလိုက်ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင်ရဲ့ တရားဝင် ရပ်တည်ချက်ကို ထိခိုက်တယ်လို့လည်း ဆန္ဒပြသူတွေက ယူဆနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ဟောင်ကောင် ဘူတာ ပြင်ပမှာ အမြန်ရထားလမ်းဖွင့်လိုက်တာဟာ ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးရေးကို အဆုံးသတ်စေတယ်လို့ ဟောင်ကောင် ဘူတာရုံပြင်ပမှာ အော်ဟစ်နေကြ ပါတယ်။

ဟောင်ကောင် ဘူတာ ပြင်ပမှာ အမြန်ရထားလမ်းဖွင့်လိုက်တာဟာ ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးရေးကို အဆုံးသတ်စေတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဟောင်ကောင် ဘူတာ ပြင်ပမှာ အမြန်ရထားလမ်းဖွင့်လိုက်တာဟာ ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးရေးကို အဆုံးသတ်စေတယ်

ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေး သမား Gary Fan Kwok-Waiက ဒီရထား လမ်းက ဟောင်ကောင်ရဲ့ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ပြောပါတယ်။

ရထားလမ်းကြောင့် တရုတ်ပြည်မရဲ့ ဥပဒေက ဟောင်ကောင်ကို သက်ရောက်လာ နိုင်တာကြောင့် နိုင်ငံတနိုင်ငံ စနစ် နှစ်ခုနဲ့ တရား ဥပဒေစိုးမိုးမှုကို ထိခိုက်စေ တယ်လို့ သူက ဆိုပါတယ်။

ဗီဒီယို ပုံစာ, တရုတ်လက်အောက် ရောက်တာ နှစ် ၂၀ ပြည့် ဟောင်ကောင်

သူပြောတဲ့ နိုင်ငံတနိုင်ငံ စနစ် ၂ ခုဆိုတာ တရုတ်နိုင်ငံထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ ဟောင်ကောင်က စနစ်တခုနဲ့ တရုတ် ပြည်မက စနစ်တခုနဲ့ စီမံခန့်ခွဲနေကို ရည်ညွန်းတာဖြစ်ပါတယ်။

ဒါ့အပြင် အမြန် ရထားလမ်းဟာ အသုံးစရိတ်ကို ပိုမို သုံးစွဲထားပြီး နှောင့်နှေး ကြန့်ကြာမှုတွေကြောင့် ရထားဟာ အမြန်နှုန်းနဲ့ မသွားနိုင်သလို ထင်ထားသလောက် အဆင်မပြေဘူးလို့ ဆန္ဒပြသူတွေက ထောက်ပြနေပါတယ်။