ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားမှာ အမျိုးသမီး ပင်စင်သက် ၆ဝ၊ အမျိုးသား ၆၅ နှစ်
ရုရှားမှာ အမျိုးသမီးတွေ ပင်စင်ယူရမယ့် အသက်ကို ၅၅ နှစ်ကနေ အသက် ၆ဝ ကို တိုးမြှင့်မယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။
ဒါဟာ ၆၃ နှစ် အထိ တိုးမြှင့်ဖို့ စီစဉ် ထားတာကနေ လျှော့ပေါ့ ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမျိုးသားတွေ အတွက် လက်ရှိ ပင်စင်သက် ၆ဝ ကို ၅ နှစ်တိုးမြှင့်ဖို့ ရည်မှန်းထားတာကိုတော့ ဆက်ပြီး အကောင်အထည်ဖော်မယ်လို့ သမ္မတ ပူတင်က ကြေညာပါတယ်။
ပင်စင်သက်တွေ တိုးမြှင့် သတ်မှတ်မယ်ဆိုပြီး ရုရှား အစိုးရ စိုင်းပြင်းလာတုန်းမှာပဲ လူတွေရဲ့ ဒေါသတကြီး တုံ့ပြန်တာတွေ၊ ဆန္ဒပြ ကန့်ကွက်တာတွေ ကြုံလာရပါတယ်။
ဒီနောက်မှာတော့ သမ္မတ ပူတင်က သူပြုလုပ်လေ့ ပြုလုပ်ထ မရှိတဲ့ ရုပ်သံပေါ်ကနေ မိန့်ခွန်း ပြောတာမျိုး ဒီ ပင်စင် ကိစ္စ မှာတော့ ပြုလုပ်လာတာ ဖြစ်ပါတယ်။
ရုရှားပြည်ကြီးမှာ လူဦးရေ အချိုးအစား၊ လူသား အရင်းမြစ်နဲ့ ပတ်သက်ပြီး ပြဿနာ ကြီးကြီးမားမား ကြုံတွေ့နေရတာ မှန်ပေမယ့်၊ အမျိုးသမီးတွေ အနေနနဲ့ ယောက်ျားသား တွေထက် ပိုပြီးတော့ နစ်နာတာမျိုး မဖြစ်သင့်ဘူးလို့ မစ္စတာ ပူတင်က ဆိုပါတယ်။
"အမျိုးသမီးတွေဟာ ကိုယ်စီ အလုပ်ခွင်တွေမှာ တာဝန်ထမ်းရတာမျိုးတွေတင်မက အိမ်ထောင့် တာဝန်ကိုလည်း ကြီးကြီးမားမား ယူထားရတယ်၊ မိသားစုကိုလည်း ပြုစုရတယ်၊ အမျိုးသမီးတွေရဲ့ ပင်စင်သက်ဟာ အမျိုးသားတွေထက် မများသင့်ဘူး" လို့ သမ္မတ ပူတင် က သူ့ မိန့်ခွန်းထဲ ပြောသွားပါတယ်။
အခု ပင်စင် ဥပဒေသစ် အသက်ဝင်လာပြီ ဆိုရင် အမျိုးသမီးတွေက အသက် ၆ဝမှာ၊ အမျိုးသားတွေက ၆၅ နှစ်မှာ ပင်စင် ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။
သားသမီး ၃ ဦးနဲ့ အထက် ရှိသူ အမျိုးသမီးတွေ ဆိုရင် အသက် ၆ဝ ထက် စောပြီးတော့ကို ပင်စင် ခံစားခွင့် ရှိရစေမယ်လို့လည်း သမ္မတ ပူတင်က ဆိုပါတယ်။
ရုရှားမှာ ပင်စင်သက်ကို တိုးမြှင့်မှာကို မလိုလားတဲ့ စိတ်မျိုးတွေ ရှိနေတာ ဘာ့ကြောင့်လဲ ဆိုတာကို အလုပ်သမား သမဂ္ဂတွေက ထောက်ပြ နေကြတာကတော့ လူတွေဟာ အလုပ်တွေတော့ လုပ်လာပြီးမှ ပင်စင်ခံစားခွင့် အသက်ထိ မရောက်ဘဲ သေသွားကြမယ့် သူမျိုးတွေ အများကြီး ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။
လာမယ့် ၂ဝ၁၉ မှာ စတင် သက်ဝင်လာဖို့ ရည်မှန်းထားတဲ့ လူမုန်းများတဲ့ ဒီ ဥပဒေနဲ့ သမ္မတပူတင်ဟာ အရင်ကတော့ မဆိုင်သလို ခပ်ခွာခွာ နေခဲ့ရာကနေ အခု တိုင်းပြည်ကို ရုပ်သံမိန့်ခွန်း ထွက်ပြောလာတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဥပဒေသစ် ပြဋ္ဌာန်းဖို့ ကြိုးစားနေသူတွေ ထဲ အဓိက အခရာကျသူဟာ သူကိုယ်တိုင်ပဲ ဆိုတာ သိလာရတာဖြစ်တယ် ဆိုပြီး ဘီဘီစီ သတင်းထောက် စတိဗ် ရိုဇင်ဘာ့ဂ်က ပြောပါတယ်။
အစိုးရက ပင်စင်သက် တိုးမြှင့်မယ်လည်း ဆိုရော သမ္မတ ပူတင် အပေါ် လူကြိုက်များမှု ရာခိုင်နှုန်းတောင် ၈ဝ ကနေ ၆၄ ရာခိုင်နှုန်း အထိ ကျဆင်း သွားပါတယ်။
ပင်စင်သက် တိုးမှာကို ကန့်ကွက်တဲ့ ဆန္ဒပြ ချီတက်ပွဲတွေ အခု သီတင်းပတ်တွေထဲမှာပဲ ရုရှားနိုင်ငံ တဝန်း ပေါ်ပေါက် လာခဲ့ပြီး လူတွေ သိန်းနဲ့ချီ ပါဝင် ခဲ့ကြပါတယ်။
"ပင်စင်သက် မပြည့်ခင် သေဆုံးခြင်း အားဖြင့် တိုင်းပြည်ကြီးကို ကူညီကြ" ဆိုတဲ့ သရော်သံနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်မျိုးတွေ ကိုင်ထားတာကို အဲဒီ ဆန္ဒပြပွဲတွေ အတွင်း တွေ့ခဲ့ရသလို အစိုးရ ထွက်ပေးဖို့ အထိ တောင်းဆိုမှုတွေလည်း ပြုလုပ် ခဲ့ပါတယ်။
ရုရှား အစိုးရကတော့ တိုင်းပြည်မှာ သက်ကြီးရွယ်အို ဦးရေ တိုးလာပြီး ပင်စင်ငွေတွေ အတွက် ပိုပြီး သုံးစွဲလာနေရတဲ့ အတွက် ပင်စင်သက် တိုးမှကို ရမယ်လို့ ယူဆနေပြီး ဒီ အယူအဆ အပေါ် စီးပွားရေး ပညာရှင် တော်တော်များများကလည်း ထောက်ခံနေကြပါတယ်။
ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေ အရလည်း လာမယ့် ခရစ်နှစ် ၂ဝ၅ဝ ဆိုရင် ရုရှားမှာ အသက် ၆၅ နှစ်အထက်ဟာ လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။