ကုန်သွယ်ရေး စစ်ပွဲကြောင့် တခြား အာရှနိုင်ငံတွေကိုပါ ထိခိုက်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာခဲ့ရင် သူတို့ နှစ်နိုင်ငံတင် မက တရုတ်နဲ့ သွင်းကုန်လုပ်ငန်း ဆက်နွယ်မှု ရှိနေတဲ့ တခြား အာရှနိုင်ငံတွေ ဖြစ်တဲ့ တောင်ကိုရီးယား၊ ထိုင်ဝမ် ဒါမှမဟုတ် စင်္ကာပူ စတဲ့ နိုင်ငံတွေမှာ လည်း ကုန်သွယ်ရေး စစ်ပွဲရဲ့ ဒဏ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဒီအထဲမှာ စင်္ကာပူနိုင်ငံဟာ တရုတ်နဲ့ ကုန်သွယ်ရေးကို လုံးဝ မှီခိုအားထားတဲ့ နိုင်ငံတခု ဖြစ်တာမို့ အထိအနာဆုံး နိုင်ငံ ဖြစ်လိမ့်မယ်လို့ အရှေ့တောင် အာရှမှာ အကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ DBS စင်္ကာပူ ဖွံ့ဖြိုးရေး ဘဏ်ကြီးက သုံးသပ်ပါတယ်။
တကယ်လို့ တရုတ်နဲ့ အမေရိကန်က သူတို့ရဲ့ ကုန်တွေအားလုံးအပေါ် အခွန်နှုန်း ၂၅ ရာခိုင်နှုန်း ချမှတ်မယ် ဆိုရင် စင်္ကာပူနိုင်ငံအနေနဲ့ အခုနှစ် စီးပွားရေး တိုးတက်မှုနှုန်း ၀ ဒဿမ ၈ ရာခိုင်နှုန်း ထိုးကျသွားနိုင်သလို လာမယ့်နှစ်မှာလည်း ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
တခါကုန်ပစ္စည်းတွေကို သင်္ဘောနဲ့ တင်ပို့ရာ အချက်အချာ ဆုံရပ် ဖြစ်တဲ့ စင်္ကာပူ ဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်သေတ္တာကြီး ၁၀ ခုမှာ ၉ ခုဟာ တရုတ်နိုင်ငံဆီ သွားမယ့် ကုန်သေတ္တာ ကြီးတွေ ဖြစ်ပါတယ်။
တရုတ်မှာ နောက်ဆုံး အချောသတ် တပ်ဆင်မယ့် ကုန်ပစ္စည်း အတော်များများဟာ မလေးရှားနဲ့ အင်ဒိုနီးရှားလို တခြား အရှေ့တောင်အာရှ နိုင်ငံတွေကနေ လာကြတာ ဖြစ်ပြီး စင်္ကာပူနိုင်ငံကနေ တဆင့် တရုတ်နိုင်ငံကို ပို့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအချက်ဟာ ကမ္ဘာအနှံ့ ကုန်သွယ်မှုနဲ့ လွတ်လပ်စွာ ကုန်သွယ်မှုတွေရဲ့ အကျိုးအမြတ်ကို စင်္ကာပူနိုင်ငံ အကြီးအကျယ် ခံစားနေရတဲ့ အကြောင်းရင်းတွေထဲက တခု ဖြစ်ပြီး ငါးဖမ်းရွာငယ်လေး အဖြစ်ကနေ စီးပွားရေး နိုင်ငံကြီး နိုင်ငံတခုအဖြစ်ကို စင်္ကာပူ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံက ကုန်ပစ္စည်း တခု ထုတ်လုပ်ပြီး ကမ္ဘာတဝန်းကို ဖြန့်ကျက် ကုန်သွယ်တဲ့အတွက် ထုတ်လုပ်မှု တစိတ်တပိုင်းကို ထိခိုက်ရင် ကမ္ဘာတဝန်းကိုလည်း ထိခိုက်လာမှာ ဖြစ်တယ်၊ ကုန်ပစ္စည်းထုတ်လုပ်တဲ့ နိုင်ငံတခုတင်မက ကျန်တဲ့ နိုင်ငံတွေ အားလုံးကို ထိခိုက်လာစရာ ရှိတယ်လို့ စင်္ကာပူ ကုန်သွယ်ရေး ဝန်ကြီး ချန်ချွန်ဆင်း က ထောက်ပြပါတယ်။
ကမ္ဘာတဝန်း ကုန်သွယ်မှုအပေါ် ယုံကြည်စိတ်ချမှု လျော့လာရင် ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ထားကြလိမ့်မယ်၊ အဲ့ဒီနောက် ကမ္ဘာ့ စီးပွားရေးအတွက် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဖြစ်လာမယ်။ ဒါဆိုရင်တော့ အကြီးမားဆုံး စီးပွားရေး မတည်ငြိမ်မှုကြီးတခု ဖြစ်လာနိုင်တယ်လို့ စင်္ကာပူ ကုန်သွယ်ရေး ဝန်ကြီး ချန်ချွန်ဆင်း က ဆိုပါတယ်။
လာမယ့်နှစ်မှာ ကနဦး ခန့်မှန်းထားတဲ့ ၆ ဒသမ ၄ ရာခိုင်နှုန်းထက် လျော့ပြီး ၆ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေး ကျဆင်းမှုတွေ ရှိလာမယ် ဆိုရင် အာရှဒေသတွင်းက တခြားနိုင်ငံတွေမှာလည်း နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရဘွယ် ရှိတယ်လို့ UBS ဆွစ်ဇာလန်ဘဏ်ကလည်း ခန့်မှန်းထားပါတယ်။
တဖက်က ကြည့်မယ် ဆိုရင်တော့ ဗီယက်နမ်လို အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ပြောင်းရွှေ့ အခြေစိုက်ပြီး ထုတ်ကုန် ထုတ်လုပ်မှုတွေ လုပ်မယ် ဆိုရင်တော့ အဲဒီနိုင်ငံတွေအနေနဲ့ အကျိုးအမြတ်တွေ ခံစားရဖို့ ရှိနေပါတယ်။
ဒါပေမယ့် ဒီအကျိုးအမြတ်တွေက ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်လာမယ့် စီးပွားရေး ကျဆင်းမှုကို ထေနိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။









