ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြွေပေါက်စရုပ်ကြွင်းပါတဲ့ ပယင်းကျောက် တွေ့ပြန်ပြီ
မြန်မာပြည် က ပယင်းကျောက်တခုထဲမှာ မွေးကင်းစ မြွေ လေးတကောင် လွန်ခဲ့တဲ့နှစ် သန်း ၁၀၀ နီးပါး ကတည်းက ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်ရှိနေတဲ့ အဖြစ်ကို ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
မြန်မာ့ ပယင်းတွေ ထဲမှာ အဲလို နှစ်ပေါင်း သန်းချီတဲ့ ကာလ က ရုပ်ကြွင်း တွေ အရင် ကလည်း တွေ့ဖူးခဲ့တာ ဖြစ်ပါတယ်။
ဒီတခါ ပညာရှင်တွေက ပယင်းထဲမှာ မွေးလာကစ မြွေပေါက်စလေး တကောင်ရဲ့ရုပ်ကြွင်း အထဲမှာ ပါလာတွေ ကို တွေ့ရတာ ဖြစ်ပါတယ်။
ဒီမြွေပေါက်စလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်း တုန်း ကတည်း က ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီမြွေလေး က မြန်မာပြည်မြောက်ပိုင်းမှာ နေခဲ့ပြီး ဒိုင်နိုဆောတွေ ရှိနေခဲ့တဲ့ ကာလ က မြွေလေး တကောင် ဖြစ်ပါတယ်။
ပညာရှင် တွေအခေါ်အရတော့ Cretaceous period ခရက် တက်စီးယပ်စ ကာ လ မှာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သစ်ပင် ကနေ စီးကျလာတဲ့ သစ်စေး ရည်တွေ ထဲမှာ နစ်မြုပ်သွားတဲ့ ဒီမြွေပေါက်စလေး ဟာ အခု အချိန်မှာ ပြန်တွေ့ ရတော့ ပယင်း ကျောက်ထဲက ရုပ်ကြွင်းတခု အဖြစ်နဲ့ ရှိနေတာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ အယ်ဘာတာ တက္ကသိုလ် က ပါမောက္ခ မိုက်ကယ် ကယ်လ်ဝဲလ် က မြွေသားပေါက်လေး တကောင်ကို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရတာ သူတို့တွေ့ဖူးတဲ့ အထဲ ဒါပထမဆုံးလို့ ပြောပြီး မယုံနိုင်စရာ ရှားပါးလှတဲ့ ရုပ်ကြွင်းတခု ပါလို့ မှတ်ချက်ချ ပါတယ်။
မြန်မာပြည်မြောက်ပိုင်း သစ်တောတွေအတွင်းကနေ ရခဲ့တဲ့ ပယင်းကျောက်တွေ ထဲမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း တရာ လောက် က ကျောက်ဖြစ်ရုပ်ကြွင်းတွေ ပါလာတာ ဒါဟာ ပထမဆုံး တွေ့ရှိရတာ မဟုတ်ပါဘူး။
အရင် ၂၀၁၆ တုန်း ကလည်း ဒိုင်နိုဆော အမြီး ကျောက်ဖြစ်ရုပ်ကြွင်း ပါဝင်တဲ့ ပယင်း ကို မြစ်ကြီးနား မြို့ထဲ မှာရှိတဲ့ စျေးတစျေး ကနေ တရုတ် ရှေးဟောင်း သုတေ သန ပညာရှင်တယောက် က ဝယ်သွားဖူးပါတယ်။
ဘေဂျင်းမှာ ရှိတဲ့ ဘူမိသိပ္ပံ တက္ကသိုလ် က ဒေါက်တာ လင်ဒါရှင်း က အဲဒီ ရုပ်ကြွင်း ကို ရခဲ့တာ ဖြစ်ပြီး ပယင်းကျောက်ထဲမှာ ရှိတဲ့ ဒိုင်နိုဆော အမြီးမွေး အရွယ် က စာကလေး တကောင် ရဲ့ အရွယ် အစားလောက် ကြီးပါတယ်။
အဲဒီ တရုတ်ပညာရှင် ဟာ အဲဒီ ပယင်းကျောက်တူးဖော်သူ နောက် လိုက်ရှာရှင်း အဲဒီ ပယင်း ကို ဘယ်နေရာ က တူးခဲ့တယ် ဆိုတဲ့ နေရာ ကို ရှာဖွေနိုင်ခဲ့ ပါတယ်။
မြန်မာပြည် က ဟူးကောင်း ချိုင့်ဝှမ်းမှာ ပယင်းကျောက်တွေ ကို တူးဖော် ရနိုင်ပြီး အဲဒီ ဒိုင်နိုဆော အမြီး ရုပ်ကြွင်း ကို တွေ့ရှိတဲ့ ဧရိယာ အတွင်းမှာပဲ ရှေးဟောင်းငှက် ရဲ့အတောင်ပံ က ရုပ်ကြွင်းအဖြစ် ပါဝင်နေတဲ့ ပယင်းကျောက် တခုကို အရင်တုံး က တွေ့ရှိဖူးခဲ့တာ ဖြစ်ပါတယ်။