ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ ဆန်တိုစာကျွန်းမှာ တွေ့မယ်

ထရမ့်၊ ကင်ဂျုန်အွန်း၊ စင်္ကာပူ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ထရမ့်နဲ့ ကင်ဂျုန်အွန်းတို့ တွေ့ဆုံမယ့် ကြယ်ငါးပွင့် အဆင့်ရှိ Capella Hotel

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ဟာ ဇွန်လ ၁၂ရက်နေ့ကျရင် စင်္ကာပူ နိုင်ငံ က ဆန်တိုစာ ကျွန်းမှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ထိပ်သီး ခေါင်းဆောင် နှစ်ဦးဟာ ဆန်တိုစာကျွန်းပေါ်က ကြယ်ငါးပွင့် အဆင့်ရှိတဲ့ Capella Hotel မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပေမယ့် တည်းခိုတာကတော့ တခြား ဟိုတယ်တွေမှာ ဖြစ်ပါတယ်။

လတ်တလော သတင်းတွေ အရတော့ သမ္မတထရမ့်က အရင်တုန်းက အမေရိကန် သမ္မတတွေ တည်းခိုလေ့ ရှိတဲ့ Orchard လမ်းမကြီးနား က Shangri-La ဟိုတယ် မှာ နေထိုင်မှာ ဖြစ်ပြီး ကင်ဂျုံအွန်း ကတော့ St Regis Singapore ဟိုတယ်မှာ နေထိုင်ဖို့ စီစဉ်ထားပါတယ်။

လုံခြုံရေးအရ အလွယ်တကူ ထိန်းချုပ်နိုင် တာကြောင့် စတုရန်း မီတာ ၅၀၀ ကျော် သာ ကျယ်တဲ့ ဆန်တိုစာကျွန်းပေါ်မှာ အခုလို ထိပ်သီး ဆွေးနွေးပွဲ ကျင်းပတာလို့ သိရပါတယ်။

ဆန်တိုစာကျွန်းကို သွားဖို့ဆိုရင် Mono Rail၊ Cable Car ပြီးတော့ မြေအောက် ကားလမ်းကနေသာ သွားနိုင်တာပါ။

ဒီလမ်းကြောင်းတွေကို ပိတ်ထားလိုက်မယ် ဆိုရင်တော့ အပြင်လူတွေ ဝင်ရောက်လို့ မရနိုင်တာကြောင့် လုံခြုံရေးအရ အထူး ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။

ဆန်တိုစာကျွန်း၊ ထရမ့်၊ ကင်ဂျုံအွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တချိန်က သွေးကြောင်းစီးခဲ့တဲ့ ဆန်တိုစာကျွန်းဟာ အခုတော့ အေးချမ်း ငြိမ်သက်တဲ့ ကျွန်းတကျွန်း ဖြစ်နေပါပြီ။

စင်္ကာပူနိုင်ငံဟာ ကျွန်းပေါင်း ၃၆ ကျွန်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဆန်တိုစာကျွန်းကတော့ လူနေ အိမ်ယာ တွေ မထားပဲ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း အဖြစ် ပြောင်းလဲ ထားတာပါ။

အဲဒီမှာ ဟိုတယ်တွေ၊ ကစားကွင်းတွေနဲ့ ပြတိုက်တွေ ဖွင့်လှစ် ပေးထား ပါတယ်။

ကမ္ဘာကျော် ရုပ်ရှင် ဇာတ်လမ်းကြီးတွေ ထုတ်လုပ်တဲ့ ယူနီဗာဆယ် ကုမ္ပဏီရဲ့ ရုပ်ရှင် စတူဒီယို ကြီးလည်း အဲဒီကျွန်းပေါ်မှာ ရှိပါတယ်။

မလေး ဘာသာစကားနဲ့ ပီလော့ ဘက်ကန်း မာတီ လို့ တချိန်တုန်း က ခေါ်ကြပြီး ပင်လယ်ဓါးပြတွေ ကျက်စားခဲ့ကြဖူးတဲ့ အပြင် ဒုတိယ ကမ္ဘာ စစ်အတွင်း က ဂျပန်တော်လှန် ရေး စစ်ပွဲ သမိုင်းနောက်ခံတွေကြောင့် ဆန်တိုစာကျွန်းဟာ သွေးပင်လယ်ကျွန်း ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြား ခဲ့တာပါ။

အခုတော့ နျူကလီးယား ကင်းစင်ရေး အတွက် အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ဒီကျွန်းပေါ်မှာ တွေ့ဆုံ ဆွေးနွေးမယ့် ကိစ္စဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး လမ်းစများ ဖြစ်လာလေမလား ဆိုပြီး လူတွေက မျှော်လင့် နေကြပါတယ်။