အီရတ်မှာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့နဲ့ တိုက်ပွဲပြီးပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ် အဘာဒီက ပြည်တွင်းမှာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ IS ကို စစ်ဆင်နွှဲမှု ပြီးဆုံးပြီလို့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
အီရတ် တပ်ဖွဲ့ဝင်တွေဟာ နီနယ်ဗာနဲ့ အန်ဘာမြို့သာမက အီရတ် ဆီးရီးယား နယ်စပ်ကို လုံးဝ ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းကောင်း ပါးချင်ပါတယ် ဆိုပြီး မစ္စတာ အဘာဒီက မြို့တော် ဘဂ္ဂဒက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ရုရှားကလည်း ဆီးရီးယားမှာ IS တွေရဲ့ တပ်စခန်းတွေ မကျန်တော့ပဲ သူတို့ရဲ့ စစ်ဆင်ရေးလည်း အဆုံးသတ်ပြီဆိုပြီး ပြီးခဲ့တဲ့ ၂ ရက်ကမှ ကြေညာခဲ့တာ ဖြစ်ပြီး ဆီးရီးယား အခြေစိုက် ရုရှားစစ်တပ်ဟာ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးမယ်လို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျန်နေသေးတဲ့ IS အဖွဲ့ဝင်တချို့ကတော့ မြို့ငယ်၊ ရွာငယ်တွေ တလျှောက် ပြန့်နှံ့ ရောက်ရှိသွားပြီး ပြည်ပက ရောက်နေတဲ့ IS အဖွဲ့ဝင်တွေကတော့ တူရကီဘက် နယ်စပ်ကဆင့် လွတ်မြောက်သွားတယ်လို့ ယူဆထားကြပါတယ်။
အစ္စလာမ္မစ်နိုင်ငံအဖွဲ့ IS အုပ်စုတွေဟာ ၂၀၁၄ ခုနှစ်ကစလို့ ဆီးရီးယားနဲ့ အီရတ်က နယ်မြေတွေကို ခြေကုပ်ယူပြီး အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က အုပ်ချုပ်တဲ့ နိုင်ငံတော် ဆိုတဲ့ ကာလီဖိတ်အဖြစ် ကြေညာကာ လူပေါင်း ၁၀ သန်းလောက်အထိကို အုပ်ချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ အတွင်းမှာ IS အဖွဲ့ ဆုံးရှုံးမှုတွေ စကြုံလာရပြီး ဒီနှစ် ဇူလိုင်မှာ သူတို့ ခြေကုပ်ယူထားတဲ့ အီရတ် ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ မိုဆူးလ်မြို့နဲ့ သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ ဆီးရီးယားမြောက်ပိုင်းက ရက္ကာမြို့တို့ကို စတင် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ အီရတ်နိုင်ငံအတွင်း IS တွေ နောက်ဆုံး လက်ကျန် ထိန်းချုပ်ထားရာ ရာဝါမြို့ကို လက်လွှတ်ရအပြီးမှာ ဆီးရီးယားနဲ့ နယ်စပ်နားက မြို့ငယ်တွေမှာပဲ ခိုလှုံနေရာကနေ အခုလို ခြေကုပ်စခန်း လုံးဝ မရှိတော့ပဲ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီလို အီရတ်နဲ့ ဆီးရီးယားမှာ IS တွေ အရှုံးပေးလိုက်ရပေမယ့် အကြမ်းဖက်သမားတွေရဲ့ ပြစ်မှတ်က ဥရောပနိုင်ငံတွေဘက် လှည့်လာမယ့် အလားအလာတွေ ဖြစ်တဲ့IS တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေသလို အီရတ်တပ်တွေ ပြန်လည် ထိန်းချုပ်ထားတဲ့ IS နယ်မြေဟောင်း မြို့တွေမှာတောင် ဂျီဟတ်ဒ် အကြမ်းဖက်ဝါဒ ဆက်လက် ရှင်သန်နေပြီး နိုင်ငံတလွှား အသေခံ ဗုံးခွဲသူတွေ ရှိလာမှာကိုလည်း စိုးရိမ်စရာတွေ ဆက်ရှိနေပါတယ်။
အီရတ်ရဲ့ IS တို့ရဲ့ အဓိက တိုက်ပွဲဖြစ်စဉ်များ
- ၂၀၁၄ ဇန်နဝါရီလ ။ ။ လဗန့်လို့ ခေါ်တဲ့ မြေထဲပင်လယ်ရဲ့ အရှေ့ဘက် ဒေသ ဆိုင်ရာနဲ့ အီရတ်နိုင်ငံဆိုင်ရာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ISIL ရဲ့ တပ်သားတွေက ဖလူဂျာနဲ့ ရာမာဒီမြို့တွေကို သိမ်း
- ၂၀၁၄ ဇွန်လ ။ ။ အီရတ်ရဲ့ ဒုတိယ အကြီးဆုံး မိုဆူးလ်မြို့ကို ဂျီဟတ်ဒ် ဝါဒီတွေက ခြောက်ရက်တိုက်ပွဲ အပြီး သိမ်းပိုက်
- ၂၀၁၄ ဇွန်လ ၂၉ ရက် ။ ။ အဘူဘက္ကာ အယ်လ် ဘာဂါဒီ ရဲ့ ဦးဆောင်မှုနဲ့ ကာလီဖိတ်ကြေညာပြီး ISIL ကနေ အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ IS လို့ အမည်ပြောင်း
- ၂၀၁၄ သြဂုတ်လ ။ ။ IS အဖွဲ့ဝင်တွေက ဆင်ဂျာမြို့ကို သိမ်းပိုက်၊ ရာဒီဇီ လူမျိုးတွေ အများစုပါဝင် အရပ်သား ၂ သိန်းလောက် ဆင်ဂျာ တောင်တန်းတွေဆီကို ထွက်ပြေး၊ အမေရိကန်က လေကြောင်းနဲ့ အစားအစာတွေ ချပေးရ
- ၂၀၁၅ မတ်လ ။ ။ အီရတ်နဲ့ ရှီအာ စစ်သွေးကြွတွေ မဟာမိတ်ဖွဲ့ပြီး တီကရစ်မြို့ကို IS လက်က ပြန်သိမ်း
- ၂၀၁၅ ဒီဇင်ဘာလ ။ ။ ရာမာဒီမြို့ကို IS လက် ပြန်သိမ်း
- ၂၀၁၆ ဇွန်လ ။ ။ ဖလူဂျာမြို့ကို IS လက်က ပြန်သိမ်း
- ၂၀၁၆ အောက်တိုဘာလ ။ ။ အီရတ်တပ်ဖွဲ့၊ ရှီအာ စစ်သွေးကြွ၊ ကာ့ဒ်တပ်ဖွဲ့နဲ့ နိုင်ငံတကာ မဟာမိတ်တွေက မိုဆူးလ်မြို့ကို ဝိုင်းတိုက်
- ၂၀၁၇ ဇူလိုင် ။ ။ မိုဆူးလ်မြို့ကို IS လက်က ပြန်သိမ်း
- ၂၀၁၇ ဒီဇင်ဘာလ ။ ။ အီရတ်ဝန်ကြီးချုပ်က IS နဲ့ စစ်ပွဲ ပြီးဆုံးကြောင်း ကြေညာ









