ပျောက်ဆုံး ရေငုပ်သင်္ဘောရှာမှုရပ်ဆိုင်း

ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘော

လွန်ခဲ့တဲ့ နှစ်ပတ်ကပျော က်ဆုံးသွားတဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘောကို အခုအခါ အာဂျင်တီးနား ရေတပ်က ရှာဖွေမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။။

ဒီပျောက်ဆုံးနေတဲ့ရေငုပ်သင်္ဘောဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ၁၅ရက်က နောက်ဆုံးအဆက်အသွယ်ရခဲ့တာဖြစ်ပါတယ်။

သင်္ဘောသား၄၄ယောက်ကို ကယ်ဆယ်နိုင်မယ့် အလားအလာရှိတဲ့ သတ်မှတ်ရက်ထက် ၂ဆအချိန်ယူပြီး ရှာဖွေခဲ့ပေမယ့် ရေငုပ်သင်္ဘော တည်နေရာကိုရှာလို့ မရဘူးလို့ရေတပ် ပြောခွင့်ရ ပုဂ္ဂိုလ်ကဆိုပါတယ်။

အခုအခါ ပင်လယ်ကြမ်းပြင်မှာအဖွဲ့ငယ်တခုနဲ့ သင်္ဘောကို ဆက်ရှာမယ်လို့ ဆိုပါတယ်။ ပြောခွင့်ရသူ ဘဲလ်ဘီက သတင်းထောက်တွေကို အင်္ဂါနေ့ကပြောရာမှာ ရေငုပ်သွားတဲ့အခါ အပေါ်ကလေ ရှူနိုင်တဲ့ ပြွန်ပေါက်ကနေ ရေဝင်သွားတာ ဖြစ်နိုင်တယ်လို့ ရှင်းပြပါတယ်။

အဲဒီကတဆင့် ဆားငံရေဟာ သင်္ဘောထဲက ဘက်ထရီ ထားတဲ့အခန်းကို စိမ့်ဝင်ပြီး ဘက်ထရီရှော့ ဖြစ်သွားတာ ဖြစ်ပုံရတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ ရှာဖွေရေး အဖွဲ့မှာ နိုင်ငံ၁၂နိုင်ငံကျော်က လူပေါင်း၄၀၀၀ ပါဝင်ရှာဖွေတာဖြစ်ပါတယ်

အာဂျင်တီးနားရေတပ်နဲ့ နောက်ဆုံး အဆက်အသွယ်ရတဲ့ နိုဝင်ဘာလ ၁၅ရက်ကတော့ သင်္ဘော ကပ္ပတိန်က သင်္ဘောသားတွေ အားလုံး အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။

နောက်ဆုံး အဆက်အသွယ် မပြတ်မီနာရီ အနည်းငယ် လောက်မှာပေါက်ကွဲသံတခု ထောက်လှမ်းရရှိတယ်လို့ ရေငုပ်သင်္ဘော ပျောက်ဆုံးပြီး ၈ရက်အကြာမှာ ဗီယင်နာ အခြေစိုက် နျူးကလီးယား စမ်းသပ်မှုတားဆီးရေး စာချုပ်အဖွဲ့က ပြောပါတယ်။

နျူးကလီးယား ပေါက်ကွဲမှုတွေကို စောင့်ကြည့် နားထောင်တဲ့အဲဒီ အဖွဲ့ကရေ ငုပ်သင်္ဘော နောက်ဆုံးရှိနိုင်တဲ့ နေရာကနေ မြောက်ဖက် ရေမိုင်၃၀လောက်မှာ ရေအောက် ကပေါက်ကွဲတဲ့ အသံတမျိုးကြားရတယ်လို့ ပြောပါတယ်။

ဒီအသံဟာ ရေငုပ်သင်္ဘော အတွင်းမှာ ပေါက်ကွဲတဲ့ အသံဖြစ်နိုင်တယ်လို့ အာဂျင်တီးနား ရေတပ်က ခန့်မှန်းပြောဆိုပါတယ်။ အဲဒီလို ပြောကြားတဲ့ သတင်းကြောင့် ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေရဲ့ မိသားစုတွေအနေနဲ့ အတော်စိတ် ထိခိုက်သွားရပါတယ်။