ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီ လက်ထပ်တော့မယ်

ဓာတ်ပုံ ရင်းမြစ်, Empics
ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသားတစ်ဦးဖြစ်တဲ့ မင်းသားဟယ်ရီဟာ သူ့ချစ်သူ အမေရိကန် ရုပ်ရှင်မင်းသမီး မက်ဂန် မာကဲလ်နဲ့ လက်ထပ်တော့မယ်လို့ အိမ်ရှေ့မင်းသား ချားလ်စ်ရဲ့ အိမ်တော်က ကြေညာလိုက်ပါတယ်။
မင်းသားဟယ်ရီဟာ လာမယ့်နွေဦးမှာ လက်ထပ်ပြီးတဲ့နောက် ကန်ဆင်တန် နန်းတော်က နော့တင်ဟမ်အိမ်တော်မှာ နေထိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာ ထုတ်ပြန်ခဲ့တဲ့ လက်ထပ်မယ့် သတင်းကို ဗြိတိန် ဝန်ကြီးချုပ်အပါအဝင် ထင်ရှားသူတွေက ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
မင်းသားဟယ်ရီ ဘယ်သူလဲ
မင်းသားဟယ်ရီဟာ အယ်လီဇဘက် ဘုရင်မကြီးရဲ့ မြေးဖြစ်ပြီး အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကွယ်လွန်သူ မင်းသမီး ဒိုင်ယာနာတို့ရဲ့ ဒုတိယ မြောက် သားတော်ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဟယ်ရီဟာ ဗြိတိန်နန်းမွေဆက်ခံမယ့် စာရင်းမှာ ပဥ္စမနေရာမှာ ရှိနေပါတယ်။
မာကဲလ်ဘယ်သူလဲ
မင်းသမီး မာကဲလ်ဟာ အမေရိကန် ရိုမန်ကက်သလစ်ဘာသာဝင် အမေရိကန် လူလတ်တန်းစား မိသားစုက ပေါက်ဖွားလာသူတစ်ဦးပါ။
သူဟာ ကျားမတန်းတူ အရေးနဲ့ လူသားချင်း စာနာထောက်ထားတဲ့ ကိစ္စရပ်တွေမှာ ဆောင်ရွက်ခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် မာကဲလ်ဟာ ရုပ်ရှင်နဲ့ တီဗီထုတ်လုပ်ရေးမှူးတစ်ဦးနဲ့ အရင်က အိမ်ထောင် ၂ နှစ် ကျဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Google
သူတို့နှစ်ဦး ဘယ်လို တွေ့ခဲ့ကြ
ကုလသမဂ္ဂရဲ့ လုပ်ငန်းတာဝန်တချို့ကို ဟယ်ရီနဲ့ မာကဲလ်တို့ နီးနီးကပ်ကပ် ထမ်းဆောင်ခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
၂၀၁၆ ဇူလိုင်လမှာ သူတို့ အချစ်ဇာတ်လမ်း စတင်ခဲ့ပြီး နိုဝင်ဘာလမှာတော့ သူတို့ စေ့စပ်ခဲ့ကြပါတယ်။
ဒီနှစ် စက်တင်ဘာလကျမှ သူတို့ နှစ်ဦးဟာ လူတွေကြားထဲ ပေါ်ပေါ်ထင်ထင် တွဲခဲ့ကြတာ ဖြစ်ပါတယ်။
အရပ်သူကို လက်ထပ်လို့ ဘာကြုံရမလဲ
အရင်တုန်းကတော့ ဗြိတိန်တော်ဝင်မျိုးဆက်တွေက ရိုမန်ကတ်သလစ်ဘာသာဝင်တွေကို လက်ထပ်လိုက်ရင် ထီးနန်းဆက်ခံခွင့်ရမှာ မဟုတ်ဘူးလို့ ပြဌာန်းထားပါတယ်။
ဒါပေမယ့် ၂၀၁၅ ခုနှစ်က အတည်ပြုထားတဲ့ ထီးနန်းဆက်ခံရေး နည်းဥပဒေသစ်က ဒါကို ပယ်ဖျက်ထားပါတယ်။
အရင်တုန်းကလည်း ဗြိတိန်တော်ဝင်မင်းဆက်တွေ သာမန်အရပ်သူတွေကို လက်ထပ်ခဲ့လို့ ထီးနန်းစွန့်ခဲ့ရတဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးပေမယ့် မင်းသား ဟယ်ရီကတော့ ဒါတွေကို အလေးမထားပဲ အချစ်ရေးကို ဦးစားပေးခဲ့သူပါ။
မာဂမ် မာကယ်ဟာ တော်ဝင်မျိုးနွယ်က ဆင်းသက်လာသူတစ်ဦး မဟုတ်တာကြောင့် မင်းသား ဟယ်ရီနဲ့ လက်ထပ်တော့မှာ ဖြစ်ပေမယ့်လည်း သူ့နာမည်ရှေ့မှာ မင်းသမီး ဂုဏ်ပုဒ်ကို တပ်ခွင့်ရမှာ မဟုတ်ပါဘူး။








