ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါမောက္ခနဲ့ စာသင်ခန်းထဲရောက် သူ့ရဲ့ မိခင်အို
တရုတ်နိုင်ငံက အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ တက္ကသိုလ် ပါမောက္ခ တယောက်နဲ့ သူ့ရဲ့ သက်ကြီးပိုင်း မိခင် ဖြစ်သူ အကြောင်းက လူပြောများနေပါတယ်။
Sina Weibo တရုတ် လူမှုကွန်ရက်မှာ ဘေဂျင်းလူငယ်နေ့စဉ် သတင်းစာက ဆောင်းပါး တပုဒ်အကြောင်းကို ဆွေးနွေး မှတ်ချက် နှစ်သက် ဝေမျှ သူ ထောင်သောင်းချီ ရှိနေတာပါ။
အဲဒီ ဆောင်းပါးမှာ တရုတ်ပြည် အနောက်တောင်ပိုင်း Guizhou ပြည်နယ်က ပါမောက္ခ ဟူမင်းက အသက်အရွယ် အိုမင်းနေပြီ ဖြစ်တဲ့ သူ့ရဲ့ မိခင် ဖြစ်သူကို စာသင်ခန်းထဲ ခေါ်လာတဲ့ အကြောင်းကို ရေးသားထားပါတယ်။
အသက် ၈၀ ကျော် အရွယ် မိခင်က ဦးနှောက် ပုံမှန် အလုပ်မလုပ်ဘဲ မှတ်ဉာဏ် ချို့ယွင်းစေတဲ့ ဇရာရောဂါ တမျိုးဖြစ်တဲ့ အဲလ်ဇိုင်းမား ရောဂါ ခံစားနေရရှာပါတယ်။
ပါမောက္ခဟူမင်းရဲ့ ဖခင်ဖြစ်သူကတော့ ၂၀၁၁ ခုနှစ် ကတည်းက ဦးနှောင် သွေးယိုတဲ့ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါပြီ။ မိခင်က အသိဉာဏ်ချို့ယွင်းပြီး ပါမောက္ခဟို တယောက်တည်းကိုသာ မှတ်မိနေလို့ နှမတွေ ရှိပေမယ့် သူကပဲ စောင့်ရှောက်နေတယ် ဆိုပါတယ်။
မိခင်က စာသင်ခန်းထဲမှာ တခါတလေ တရေးတမော အိပ်လေ့ရှိသလို တချို့ အချိန်တွေမှာတော့ သားဖြစ်သူရဲ့ သင်ခန်းစာကို လိုက်နားထောက်တတ်တယ်လို့ ပါမောက္ခဟိုက ပြောပါတယ်။ စာသင်ခန်းထဲမှာ မိခင်ဖြစ်သူက စည်းကမ်းတကျ နေထိုင်တယ်လို့လည်း သူက ဆိုပါတယ်။
မိခင် အတွက် အကူ အထိန်း တယောက် ဘာလို့ မခေါ်သလဲ ဆိုတဲ့ သတင်းစာရဲ့ မေးခွန်းကိုတော့ အမေကို သူပဲ စောင့်ရှောက်ပေးမယ်၊ ဒါက မေးခွန်းထုတ်ဖို့တောင် မလိုဘူးလို့ ပါမောက္ခက ဖြေပါတယ်။
သူက အသက် ၅၈ နှစ် ပဲ ရှိသေးပြီး အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ် မဟုတ်လို့ မိခင် ဖြစ်သူကို သီးသန့် အချိန်ယူ စောင့်ရှောက်ပေးဖို့လည်း မဖြစ်နိုင်သေးဘူးလို့ ပါမောက္ခဟူက ပြောပါတယ်။
ဘေဂျင်းလူငယ်နေ့စဉ် သတင်းစာရဲ့ Sina Weibo အွန်လိုင်းလူမှုကွန်ရက်က ဒီအကြောင်းရေးသားထားတဲ့ ပို့စ်ကို ကြိုက်နှစ်သက်ကြောင်း ပြသသူ ၁၀ဝ,ဝ၀ဝ ရှိပြီး မှတ်ချက် ရေးသားသူ ၉,ဝ၀ဝ နဲ့ ထပ်ဆင့် မျှဝေသူ ၇,ဝ၀ဝ ရှိနေပါတယ်။
Weibo သုံးစွဲသူအများစုက ပါမောက္ခဟူကို တာဝန်ကျေ သိတတ်တဲ့ သားအလိမ္မာ အဖြစ် ချီးကျူး စကား ဆိုကြပါတယ်။
သူ့ကို ဘောဂဗေဒ ပညာရပ်မှာတင် ဆရာကောင်းမဟုတ်ဘဲ လူငယ် စာသင်သားတွေရဲ့ ဘဝအတွက်လည်း စံနမူနာကောင်းကောင်းနဲ့ လမ်းညွှန်ပြသနေသူ စံပြ ပုဂ္ဂိုလ် အဖြစ် ညွှန်းဆိုနေကြပါတယ်။
တရုတ်ရိုးရာမှာ မိဘ၊ ဘိုးဘွားနဲ့ လူကြီးသူမတွေကို ချစ်ခင်မြတ်နိုး လေးစားသမှုပြုတာဟာ အဓိက တန်ဖိုး ယဉ်ကျေးမှု အဖြစ် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀ဝ ကတည်းက အမြစ်တွယ် တည်ရှိခဲ့တာ ဖြစ်သလို တရုတ်ရဲ့ အကျော်ကြားဆုံး ရှေးဦး အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ်ရဲ့ ဝါဒမှာလည်း သူတော်ကောင်းတရား အဖြစ် သွန်သင်ခဲ့ပြီး ဒီအကြောင်းအရာကို ဒီဘက်ခေတ် အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာ အမြဲလိုလို ဆွေးနွေးကြလေ့ရှိပါတယ်။
တပြိုင်တည်းမှာပဲ တရုတ်ရဲ့ သက်ကြီးပိုင်း လူဦးရေဟာလည်း တဟုန်ထိုး တိုးတက်လာနေပါတယ်။ New Scientist ရဲ့ သုတေသန တခုအရ သက္ကရာဇ် ၂၀၃၃ ခုနှစ် ရောက်တဲ့အချိန်မှာ အသက်အရွယ်အိုမင်းသူတွေ အများစု ပါဝင်မယ့် မှီခိုသူ အရေအတွက်ဟာ အလုပ် လုပ်နိုင်တဲ့ အရွယ် ဦးရေကို ကျော်တက်သွားဖွယ် ရှိပါတယ်။
ဒါ့အပြင် ၂၀၁၀ ခုနှစ်က ထုတ်ပြန်တဲ့ Lancet ဆေးပညာဂျာနယ်ရဲ့ လေ့လာမှု တခုမှာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ အဲလ်ဇိုင်းမား ရောဂါခံစားနေရသူ အများဆုံး နိုင်ငံ တခုလည်း ဖြစ်နေပါတယ်။
ဒီလို နောက်ခံအနေအထားမှာ ဝေဒနာရှင် မိခင်အိုကြီးကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ပါမောက္ခဟူမင်းရဲ့ ဇာတ်လမ်းက လူငယ်တွေ အသုံးများတဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်မှာ အနာဂတ် မျိုးဆက်သစ်ကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးသက်ရောက်လို့နေပါတယ်။