မစ္စတာ ထရမ့် မဲဆွယ်မှုနဲ့ ရုရှားအကြား လျှို့ဝှက် ဆောင်ရွက်ခဲ့တဲ့ အထောက်အထားမတွေ့ရ

trump, russia

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, စွပ်စွဲချက်တွေကို မစ္စတာ နူးနက်စ်ရဲ့ ကွန်ဂရက်စ် ကော်မီတီက တနင်္လာနေ့မှာ ကြားနာမယ်။

အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ ကွန်ဂရက်စ် ကော်မီတီ ဥက္ကဋ္ဌ Devin Nunes က ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်စွက်ဖို့ ကြိုးစားခဲ့တယ်လို့ သူယူဆခဲ့ပေမယ့် Donald Trumpရဲ့ မဲဆွယ် စည်းရုံးမှုတွေနဲ့ ရုရှားအစိုးရအကြား လျှို့ဝှက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သက်သေအထောက်အထား တစုံတရာ မတွေ့ရဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မဲဆွယ်ကာလအတွင်းတုန်းက မစ္စတာ ထရမ့်ရဲ့Trump Tower ဌာနချုပ်ရဲ့ ဖုန်းအဆက်အသွယ်တွေကို ခိုးနားထောင်ဖို့ သမ္မတဟောင်း ဘာရက်ခ် အိုဘားမားက ညွှန်ကြားခဲ့တယ် ဆိုတဲ့ အထောက်အထားတွေလည်း မတွေ့ခဲ့ရဘူးလို့ မစ္စတာ ဒက်ဗင် နူးနက်စ် က ပြောသွားပါတယ်။

ဒါပေမယ့်လည်း သတင်းမီဒီယာတွေဆီ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ပါဝင် ပတ်သက်ခဲ့သလား ဆိုတာကို ထောက်လှမ်းရေး ကော်မီတီ ရှေ့မှာ FBI အမေရိကန် ဖယ်ဒရယ် ထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး James Comey မထွက်ဆိုခင် တရက် အလိုမှာ မစ္စတာ ဒက်ဗင် နူးနက်စ်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။