ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားရဲ့ ၂၀၁၄ အာရှမြင်းအလှစီး ချန်ပီယံ အဖမ်းခံရ
တောင်ကိုရီးယား နိုင်ငံရေး အရှုပ်တော်ပုံရဲ့ အဓိကလူတယောက်ဖြစ်တဲ့ မစ္စစ် ချွိုင်စွန်စီရဲ့ သမီးဖြစ်သူ ချွန်ယူးရာကို ဒိန်မတ်အာဏာပိုင်တွေက တရားမဝင် နေထိုင်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
မစ္စ ချွန်ယူးရာဟာ ၂၀၁၄ အာရှ မြင်းအလှစီး ချန်ပီယံဖြစ်ပြီး တောင်ကိုရီးယားရဲ့ နာမည်ကြီး တက္ကသိုလ်တခုကို နိုင်ငံရေး အရှိန်အဝါသုံးပြီး ဝင်ခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး သူ့ကို တောင်ကိုရီးယားအာဏာပိုင်တွေက ဆင့်ခေါ်ခံထားရတာ ဖြစ်ပါတယ်။
ဒါပေမယ့် မစ္စ ချွန်ယူးရာက အကြောင်းမပြန်ခဲ့ပဲ ဥရောပမှာ ဆက်နေခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ မိခင်ဖြစ်သူ မစ္စစ် ချွိုင်စွန်စီဟာ သမ္မတနဲ့ မိတ်ဆွေဟောင်းဖြစ်တာကို အသုံးချပြီး အကြံပေးရာထူး အရှိန်အဝါနဲ့ ငွေကြေးနဲ့ မျက်နှာသာပေးမှုတွေကို ရအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ဒီစွပ်စွဲမှုတွေကို သားအမိ ၂ယောက်လုံးက ငြင်းဆိုထားပါတယ်။
ဒီအမှုမှာ မစ္စစ် ချွိုင်စွန်စီ ဆက်လက် အဖမ်းခံ ထားရစဲ ဖြစ်ပြီး သူ့ကို အကြံပေးအဖြစ် ခန့်ခဲ့တဲ့ သမ္မတ ပတ်ဂွန်ဟေးကတော့ သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်နိုင်ဖို့ အယုံအကြည်မရှိကြောင်း ပါလီမန်က မဲခွဲ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။
ဒီဆုံးဖြတ်မှုကို အခြေခံ ဖွဲ့စည်းပုံရုံးက အပြီးသတ် ဆုံးဖြတ်ဖို့ ၆လ အချိန်ရပြီး လောလောဆယ်မှာ တောင်ကိုရီးယား သမ္မတ ရာထူးကို ဝန်ကြီးချုပ်က တာဝန်ယူထားတာ ဖြစ်ပါတယ်။