ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မလေးရှားမှာ ဝန်ကြီးချုပ်ကို ဆန္ဒပြနေကြ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ထောင်ချီတဲ့လူတွေက ဘဏ္ဍာရေးအရှုပ်တော်ပုံတခုမှာ ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆို နေကြပါတယ်။
ဆန္ဒပြသူတွေဟာ အဝါရောင်ဆင်တူ ဝတ်ဆင်ထားခဲ့ကြပြီး ဒီပွဲမှာ မစ္စတာ နာဂျစ်ရဲ့ ရက်စက်တဲ့ အစိုးရကို ဖြုတ်ချဖို့ ဝိုင်းကူရမယ်လို့ ပွဲတက်ရောက်ခဲ့တဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဟောပြောခဲ့ပါတယ်။
ဒီဆန္ဒပြမှုတွေကို ဘာဆီလို့ အမည်ရတဲ့ ရွေးကောက်ပုံ ပြုပြင်ပြောင်းလဲရေး အဖွဲ့တခုက ဦးစီးခဲ့တာ ဖြစ်ပြီး ပွဲမတိုင်ခင်မှာလည်း အဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပါတယ်။
ဝန်ကြီးချုပ် မစ္စတာ နာဂျစ်ဟာ သူထိန်းချုပ်တဲ့ 1MDB လို့ ခေါ်တဲ့ ရန်ပုံငွေ ဒေါ်လာ သန်းရာနဲ့ချီပြီး သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲ ထည့်ခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။
မစ္စတာ နာဂျစ်က စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး ဆန္ဒပြသူတွေ ပြောတိုင်း သူက နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အခုလို အဝါရောင် ဆင်တူ ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတွေနဲ့ တင်းမာမှုတွေ ရှိခဲ့ဖူးတဲ့ အနီရောင်ဝတ် တက်ကြွ လှုပ်ရှားသူ အနည်းစုကလည်း အစိုးရကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။