သရဖူအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် မန်စီးတီးနဲ့ လစ်ဗာပူးလ်ပွဲ

ကစားသမားနဲ့ မန်နေဂျာတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

တနင်္ဂနွေနေ့မှာ ကစားကြမယ့် မန်ချက်စတာ စီးတီးနဲ့ လစ်ဗာပူးလ်တို့ ပွဲက ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်သူဖြစ်မလဲ ဆိုတာကို အဆုံးအဖြတ် ပေးကောင်း ပေးသွားနိုင်ပါတယ်။

နှစ်သင်းစလုံးဟာ ဖလား တော်တော်များများ ရဖို့ ကြိုးစားနေကြဆဲဖြစ်ပြီး လာမယ့် ဧပြီ ၁၆ ရက်မှာလည်း သူတို့ နှစ်သင်း အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ကစားကြရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအပတ် မန်စီးတီးရဲ့ အက်သီဟဒ် ကွင်းမှာ ကစားရမယ့် ပွဲကလည်း အမှတ်ပေး ချန်ပီယံ ဖြစ်ရေး ဆိုတော့ အရေးကြီးပါတယ်။ ဘယ်အသင်းက အားသာနေသလဲ၊ ဘယ်အသင်း အနိုင်ရမလဲ။

ဘီဘီစီရဲ့ ဘောလုံးသတင်းထောက်ချုပ် ဖေးလ် မက္ကနော့တီကတော့ မန်ချက်စတာ စီးတီးနဲ့ လစ်ဗာပူးလ် တို့ ဒီတကြိမ် ဆုံတဲ့ ပွဲက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေးကို အဆုံးအဖြတ် ပေးနိုင်တယ်လို့ ဆိုကြတာဟာ ဖြစ်သင့်ကြောင်း ပြောပါတယ်။

ဒါပေမယ့် လက်ရှိ အမှတ်ပေး ဇယားကို ဦးဆောင်နေကြတဲ့ သူတို့ နှစ်သင်းအကြား ခြေစွမ်းမကွာတော့ ဘယ်လို့ရလဒ် ရလာမလဲ မှန်းဖို့က ခက်ပါတယ်လို့ ဆိုပါတယ်။

ဘယ်နေရာကိုပဲ ကြည့်ကြည့် အချင်းချင်း ယှဥ်လို့ ရနေတာဖြစ်လို့ ဘယ်အသင်းက ဘယ်သူက အကောင်းဆုံးဆိုတာ ငြင်းခုံစရာတောင် ဖြစ်လို့နေတယ်၊ မန်ချက်စတာ စီးတီး ပရိတ်သတ်တွေကလည်း အောင်မြင်မှုတွေ အများအပြား ရယူပေးထားတဲ့ သူတို့ရဲ့ မန်နေဂျာ ပက် ဂွာဒီယိုလာနဲ့ လစ်ဗာပူးလ်ရဲ့ ယာဂန်ကလော့ပ် ကို လဲမှာ မဟုတ်သလို လစ်ဗာပူးလ် ပရိတ်သတ်တွေကလည်း ချန်ပီယံလိဂ် ဖလားကြီးနဲ့ နှစ် ၃၀ အကြာမှာ ပထမဆုံးအကြိမ် အမှတ်ပေး ဖလား ပြန်ကိုင်ဖို့ စွမ်းဆောင်ပေးခဲ့တဲ့ သူတို့ ဂျာမန်ကြီးသာလျှင် ကမ္ဘာ့အကောင်းဆုံး နည်းပြလို့ ယူဆကြပါတယ်။

အက်သီဟဒ် ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

လစ်ဗာပူးလ်မှာ တိုက်စစ်က ကမ္ဘာ့ အဆင့်ကစားသမားတွေနဲ့ပါ၊ မိုဟာမက် ဆာလာ နဲ့ ဆာဒီယို မာနေတို့ က ခြေစွမ်းထက်ကြပါတယ်။ ဒါပေမယ့် စီးတီးဘက်ကလည်း သူတို့ရဲ့ အသင်းမှာ မယ်မယ်ရရ တိုက်စစ်မှူး ဆိုတာ မရှိပေမဲ့ အလယ်တန်းက ဘာနာဒို ဆေးလ်ဗား နဲ့ ဖေးလ် ဖိုဒင်လို ကွင်းလယ်က ဖန်တီးပေးနိုင်သူတွေကို ပြသနိုင်သလို အသင်းခေါင်းဆောင် ကယ်ဗင် ဒီဘရိုင်းနား ဆို နှိုင်းပြစရာ တခြား ကစားသမားတောင် မရှိဘူးလို့ ထင်ကြပါတယ်။

ကွင်းလယ်ပြီးတော့ တောင်ပံတွေကို ကြည့်ရင်လည်း နောက်ခံတောင်ပံကစားသမားတွေက နှစ်သင်းအကြား အပြိုင်အဆိုင်ကို ကောင်းနေပြန်ပါတယ်။ လစ်ဗာပူးလ်ရဲ့ ထရဲန့် အလက်ဇန်းဒါး အာနိုး နဲ့ အဲန်ဒရူး ရော်ဘတ်ဆင်တို့ဟာ အင်မတန် အဖျက်အပို့ ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခြေရည်ကို စီးတီးရဲ့ ကိုင်းလ် ဝေါ့လ်ကာနဲ့ ဂျောင်း ကန်ဆယ်လို တို့က ကောင်းကောင်း ယှဥ်နိုင်ပါတယ်။

ဆိုတော့ ပရီးမီးယားလိဂ် ဖလားကြီး မန်ချက်စတာ မှာ ဆက်နေမလား လစ်ဗာပူးလ်ကို ခဏပြောင်းမလား ဆိုတာ မှန်းဆဖို့ ခက်နေဆဲဖြစ်ပါတယ်။ တကယ်လို သရေကျခဲ့ရင်လည်း ဒီ နှစ်သင်းစလုံး ရာသီ ကုန်တဲ့ အထိ ခြေကုန်ထုတ်မှ ဖလားကိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

သေချာတာကတော့ ခေတ်သစ်ဘောလုံး လောကရဲ့ အကောင်းဆုံး နှစ်သင်း ချန်ပီယံ ဖလားအတွက် ကန်ကြမှာ ဖြစ်တာကြောင့် တော်တော်ကြည့်လို့ကောင်းမယ့် အကြိတ်အနယ်ရှိတဲ့ ပွဲကောင်း တပွဲ ဖြစ်လာနိုင်ပါတယ်။