ဒီဇင်ဘာလ ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာဆက်ရပ်တည်
မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတဲ့ သတင်းအပါ အဝင် ဒီဇင်ဘာ ၁၃ ရက် ဘီဘီစီ ရဲ့ နိုင်ငံတဝန်းသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။
အနှစ်ချုပ်
- ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်(၃၁၇)အနီးကရဲစခန်းကို နွားထိုးကြီး PDF ဝင်တိုက်
- တာချီလိတ်မှာ ငွေလဲလုပ်ငန်းလုပ်သူအမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ
- ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်ကပြန်ဖွင့်ပေး
- မြန်မာမှာ အကြမ်းဖက်မှုတွေတိုးနေပြီး အဆုံးသတ်ဖို့ ကုလ တောင်းဆို
- ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာဆက်ရပ်တည်နေတယ်လို့ UNODC ထုတ်ပြန်
- ဉာဏ်ရည်တုနည်းပညာ(Al)ကို လေ့လာစမ်းသပ် တီထွင်ထုတ်လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နည်းပညာတက္ကသိုလ်ဆင်း ဗိုလ်လောင်းတွေကိုပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
PDF မဟာမိတ်တွေရဲ့ ၁၀၂၇ အလွန် စစ်ရေးရည်မှန်းချက်

ဓာတ်ပုံ ရင်းမြစ်, Dr Soe Thuya Zaw
ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း Mdy PDF ရဲ့ စစ်ဦးစီးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်နဲ့ မဟာမိတ်တပ်တွေကို အတူတွေ့မြင်ရစဉ် တရုတ်ရဲ့ ကြားဝင်မှုကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားမယ်လို့ ကြေညာတဲ့ TNLA က စစ်ရှိန်တန့်နေပါတယ်။
ဒီလိုထိုးစစ်ရပ်တန့်သွားတာကြောင့် တရုတ်ဖိအားက မြောက်ပိုင်းသုံးဖွဲ့အပြင် သူ့ရဲ့မဟာမိတ်တပ်တွေ အပေါ် ပါ သက်ရောက်မှုရှိနေပြီလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။
တရုတ်ဖိအားကြောင့် မြောက်ပိုင်းမဟာမိတ်တပ်တွေထိုးစစ်ရပ်ခဲ့ရင် ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ အလားအလာက ဘယ်လိုဆက်ရှိနေမလဲ။
ဆောင်းပါးအပြည့်အစုံကို လင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အစ္စရေးက ဆီးရီးယားကိုဘာကြောင့်တိုက်တာလဲ
ဆီးရီးယားက စစ်စခန်းတွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ရာချီ လုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဂိုလန်ကုန်းမြင့်က စစ်မဲ့ ကြားခံဇုန်ကို ပို့လိုက်ပါတယ်။ ဒါဟာ အစ္စရေး ထိန်းချုပ်ထားတဲ့ ဆီးရီးယားနယ်မြေတွေကို ထပ်ပြီးချဲ့ယူလိုက်တာ ဖြစ်ပါတယ်။
ဒီလို လုပ်တာဟာ အစ္စရေး နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် သေချာအောင် လုပ်တာဖြစ်တယ်လို့ အစ္စရေးက ပြောပေမဲ့ တခြားသူတွေကတော့ ကာလရှည် ရန်ဘက် ဖြစ်ခဲ့သူကို အားနည်းသွားအောင် အခွင့်အရေး ယူတာလို့ ပြောပါတယ်။
အာဆတ်အစိုးရ ပြုတ်ကျသွားပြီးတဲ့ တနင်္ဂနွေနေ့ကတည်းက စပြီး အစ္စရေး စစ်တပ် IDF က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ မက လုပ်ခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ SOHR က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေဟာ မြောက်ဘက်က အလက်ပိုကနေ တောင်ဘက် ဒမတ်စကပ်အထိ လက်နက်ခဲယမ်း ဂိုဒေါင်တွေ၊ လေဆိပ်တွေ၊ ရေတပ်စခန်းတွေနဲ့ သုတေသနဌာနတွေ အပါအဝင် ဆီးရီးယား စစ်ဘက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့် ကိုနိုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
အမြန်လမ်းပေါ်က ရဲစခန်းကို နွားထိုးကြီး PDF ဝင်တိုက်

ဓာတ်ပုံ ရင်းမြစ်, နွားထိုးကြီး PDF
ဓာတ်ပုံ ပုံစာ, နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များ(ပုံဟောင်း) ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင်(၃၁၇)အနီးကရဲစခန်းကို နွားထိုးကြီး PDF က မနေ့က ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မျက်မြင်ခရီးသွားတွေက ပြောပြီး ကားတွေကိုရပ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့ကတိုက်ပွဲအတွင်း ရှားထူးဝေါ် ဒရုန်းနည်းပညာနဲ့ ၅ ကြိမ်တိုက်ခိုက်ခဲ့ပြီးမှ ပြေမြင်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ နွားထိုးကြီး PDF က ထုတ်ပြန်ပါတယ်။
နွားထိုးကြီး PDF ဘက်က လူ ၄ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ပြီး မြန်မာစစ်တပ်ဘက်မှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် အသွားအလာ ဂရုစိုက်ကြဖို့နဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ကလည်း မြင်းခြံခရိုင် နွားထိုးကြီးမြိုနယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံ မှာ အထိုင်ချတပ်စွဲထားတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ၄ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း ရန်ကုန်- မန်းလေး အမြန်လမ်းပိုင်း မိုင်တိုင် အမှတ်(၃၁၇) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွားထိုးကြီး PDF မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။
တာချီလိတ်မှာ ငွေလဲလုပ်ငန်းလုပ်သူတစ်ဦး ပြန်ပေးဆွဲခံရ

ဓာတ်ပုံ ရင်းမြစ်, SS
ဓာတ်ပုံ ပုံစာ, ကားနဲ့ပြန်ပေးဆွဲနေတဲ့ မြင်ကွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အမှတ် (၄)လမ်းမကြီးဘေးမှာရှိတဲ့ KBZ ဘဏ်ခွဲ (၂) ရှေ့ က ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး ဒီကနေ့မနက်ပိုင်းက ပြန်ပေးဆွဲခံခဲ့ရပါတယ်။
လူမှုကွန်ရက်ပေါ်မှာတွေ့ရတဲ့ ပြန်ပေးဆွဲခံရတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာဆိုရင် ငွေလဲဆိုင်ရှေ့ကို အဖြူရောင်ကားတစ်စီး ထိုးစိုက်လာပြီး လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ဦးဆင်းလာကာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးကို ကားပေါ်အတင်းဆွဲခေါ်သွားတာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ နေအိမ်ထဲက အမျိုးသမီးတစ်ဦးထွက်လာပြီး ကားပေါ်မှာပါသွားတဲ့ အမျိုးသားကို ပြန်ဆွဲလုနေချိန် ကားမောင်းထွက်သွားလို့ အဲဒီအမျိုးသမီးလည်း တရွတ်တိုက်ပါသွားပြီး ခပ်လှမ်းလှမ်း မှာ ကားပေါ်က ကျကျန်ခဲ့တာကိုလည်းတွေ့ရပါတယ်။
ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ အနီးနားမှာဖြစ်ပြီး အသက်(၇၈)နှစ်ရှိ သူ ဦးရန်ထင်ချန်း ပြန်ပေးဆွဲခံရတာလို့ မြို့ခံသတင်းမီဒီယာတွေက ရေးသားကြပါတယ်။
“ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ ဘက်မှာဖြစ်တာ။ တာချီလိတ်မြို့က ဖြစ်နေကြပါပဲ။ ညပိုင်းဆို ဆိုင်ကယ်စီးသွားရင် မှောင်ရိပ်ခိုပြီး ဆိုင်ကယ်ကိုရိုက်လူတာ။ ည ၇ နောက်ပိုင်းဆို မှောင်တဲ့နေရာတွေ သိပ်မသွားရဲကြဘူး” လို့ မြို့ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။
တာချီလိတ်မြို့မှ ပြန်ပေးဆွဲခံရတာတွေနဲ့ မူးယစ်ဆေးဝါးတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးရမိတာမျိုး မကြာခဏဖြစ်လေ့ရှိတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးမှာ ငွေကျပ်သိန်း ၉,၂၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၅ ကီလို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ထားပါတယ်။
ကချင်က နယ်စပ်ဂိတ်တွေ တရုတ်ပြန်ဖွင့်ပေး

ဓာတ်ပုံ ရင်းမြစ်, Kachin News Group
ဓာတ်ပုံ ပုံစာ, နယ်စပ်ဂိတ်က အတားအဆီးတွေကိုဖယ်နေတဲ့ ကေအိုင်အေစစ်သားနှစ်ဦး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အဖွဲ့ နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံမှုအပြီးမှာပဲ တရုတ်ဘက်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်ပေးလိုက်ပြီလို့ လိုင်ဇာကလာတဲ့ သတင်းတွေအရသိရပါတယ်။
မနေ့ကကူမင်းတွေ့ဆုံပွဲအပြီးမှာပဲ ကချင်အထူးဒေသ(၁)ကို ကေအိုင်အေ ထိုးစစ်မရပ်လို့ဆိုပြီး ပိတ်ထားခဲ့တဲ့ နယ်စပ်ဂိတ်တွေကို တရုတ်က ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း CPPCC ဗဟိုအဖွဲ့ဝင် မစ္စတာဝူကန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြတာလို့ ဖြစ်ပါတယ်။
KIO/KIA နဲ့တွေ့ဆုံခဲ့တဲ့ တရုတ်ကိုယ်စားလှယ် မစ္စတာဝူကန်းဟာ မြန်မာ့အရေးတာဝန်ယူထားတဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းထက် အဆင့်မြင့်သူဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။
ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီ မြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ KIA ကိုဆွေးနွေးဖို့ တရုတ်ဘက်ကဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
KIA ဟာ တရုတ်-မြန်မာ နယ်စပ်ဂိတ်နဲ့ ကုန်သွယ်ရေးဇုန်ရှိတဲ့ ကံပိုင်တည်မြို့နဲ့ မြေရှားသတ္တုတွင်း တွေရှိတဲ့ ပန်ဝါဒေသအပါအဝင် ကချင်အထူးဒေသ (၁) ထဲက နေရာတော်တော်များများကို ပြီးခဲ့တဲ့ လအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
တရုတ်နဲ့ KIA အဖွဲ့တို့ ဘာတွေကိုအဓိကဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ နှစ်ဘက်လုံးက တရားဝင်ထုတ် ပြန်ထားတာမရှိသေးပါဘူး။ ဘီဘီစီ က KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ဆီကို ဆက်သွယ် နေဆဲဖြစ်ပါတယ်။
မြန်မာမှာ အကြမ်းဖက်မှုတွေတိုးနေပြီး အဆုံးသတ်ဖို့ ကုလ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, လိုင်ဇာမြို့အနီးမှာ လူ ၂ ဒါဇင်ကျော်သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာတာကြောင့် တိုက်ပွဲတွေရပ်တန့်ဖို့ ပါဝင်ပတ်သက်သူတွေကို ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာ့ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူအားလုံးဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရ မယ်လို့ ကုလ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ်က တောင်းဆို ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဂါဇာဒေသမှာ ဆေးဝါးပြတ်တောက်နေတဲ့အခြေအနေ၊ အာဖရိကနိုင်ငံမှာ တရားမျှတမှု ပြန်ရဖို့နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေတိုးလာတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ မစ္စတာ ဂူတာရက်စ်ရဲ့ သဘောထားကို ကုလ က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေရ တဲ့ အခြေအနေတွေကို အလွန်စိုးရိမ်တယ်လို့လည်း မစ္စတာ ဂူတာရက်စ် ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးနေရပြီး အရပ်သားတွေကို နိုင်ငံတကာဥပဒေအောက်မှာ အကာအကွယ်ပေးဖို့လို့တယ်လို့လည်း သူကပြောပါတယ်။
တဆက်ထဲမှာပဲ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ပင်မအရင်းမြစ်နေတယ်လို့ လည်း ကုလကပြောပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ ၂၀၂၄ အစီအရင်ခံစာ ထဲမှာ မြန်မာဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် နေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မနှစ်နဲ့ နှိုင်းယှဥ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်နေတယ်လို့လည်း UNODC က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့တယ်လို့လည်း UNODC က ပြောပါတယ်။
မြန်မာစစ်တပ်မှာ AI နည်းပညာ စမ်းသပ်တီထွင်ဖို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Cincds
ဓာတ်ပုံ ပုံစာ, တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၆) သင်တန်းဆင်း ညစာစားပွဲတက်ရောက်လာတဲ့ စစ်ခေါင်းဆောင် မြန်မာစစ်တပ်မှာ ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence - AI)ကိုလေ့လာပြီးစမ်းသပ် တီထွင်ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ပြင်ဦးလွင်မြို့မှာလုပ်ခဲ့တဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။
ခေတ်သစ်စစ်ပွဲတွေဟာ အဆင့်မြင့်နည်းပညာတွေသုံးပြီး အီလက်ထရောနစ် စစ်ဆင်ရေး နဲ့ သတင်းအချက်အလက်စစ်ဆင်ရေးတွေကို ထိရောက်စွာ ပုံဖော်တိုက်ခိုက်နေတာကို တွေ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါအပြင် မျက်မှောက်ခေတ်စစ်မြေပြင်ဟာ သတင်းအချက်အလက်နည်းပညာကိုအခြေခံပြီး နည်းပညာတိုက်ပွဲ Digitalized Battle Field အသွင်ဆောင်လာတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
အင်ဂျင်နီယာကောင်းတစ်ယောက်ဟာ အင်ဂျင်နီယာပညာဒဿန ရှိဖို့လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းဆင်းတွေ ကို ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာဆက်ရပ်တည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဖေဖော်ဝါရီက ရိုက်ကူးထားတဲ့ ကယားပြည်နယ်ထဲက ဘိန်းစိုက်ခင်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်လက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မနှစ်နဲ့ နှိုင်းယှဥ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်နေတယ်လို့လည်း UNODC က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့တယ်လို့လည်း UNODC က ပြောပါတယ်။
အဲဒီအထဲမှာ ရှမ်းပြည်နယ်ဟာ နိုင်ငံတဝန်း ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ၈၈ ရာခိုင်နှုန်းနဲ့ အများဆုံး ရှိခဲ့ပါတယ်။ အထူးသဖြင့် ရှမ်းတောင်မှာ ၉ ရာခိုင်နှုန်းနဲ့ ရှမ်းမြောက်မှာ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပေမယ့် ရှမ်းအရှေ့မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာဟာ ၂၀၂၃ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းတိုးလာတယ်လို့လည်း UNODC က ပြောပါတယ်။
ဒါအပြင် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းအထိ တိုးလာပြီး ကယားပြည်နယ် (ကရင်နီဒေသ)မှာတော့ ၈ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့လည်း UNODC ကပြောပါတယ်။ ကချင်ပြည်နယ်အတွင်းမှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
အရင်က ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၂၂ ခုနှစ်က တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၂၃ ခုနှစ်ကစလို့ မြန်မာက ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာ ခဲ့တာဖြစ်ပါတယ်။
