ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပစ ၁၆ ကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အနီးကပ်တိုက်ခိုက်

စစ်တပ်ရဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံနားကို အာရက္ခတပ်တော်-အေအေနဲ့ ပူးပေါင်းအဖွဲ့တွေက အနီးကပ်တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် မတ် ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့တဝန်းထူးခြားသတင်းတွကို တိုက်ရိုက်တင်ဆက်ပေးနေပါပြီ။

အနှစ်ချုပ်

  • စစ်ကော်မရှင်တပ်ရဲ့ လက်နက်ခဲယမ်းတွေမှာ သုံးဖို့ယမ်းတွေ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုရတဲ့အက်စစ်ကို ထုတ်လုပ်ရတဲ့ စက်ရုံအမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံကို အာရက္ခတပ်တော်(အေအေ)နဲ့ ပူးပေါင်းအဖွဲ့တွေက အနီးကပ်တိုက်ခိုက်
  • မြန်မာစစ်တပ်ကို ကန့်သတ်ပိတ်ဆို့မှုတွေပါဝင်တဲ့ BRAVE Burma အက်ဥပဒေကို ဝါရင့်အထက်လွှတ်တော် အမတ်တွေက လွှတ်တော်ကို တင်သွင်း၊ ဒီအက်ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၉ ရက်က အတည်ပြုခဲ့တာလည်းဖြစ်
  • နည်းပညာအသုံးပြု စောင့်ကြည့်ထောက်လှမ်းမှုတွေ ပြုလုပ်နေတယ်လို့ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ထောက်ပြတာခံနေရတဲ့ စစ်ကော်မရှင်ဟာ မိုဘိုင်းဖုန်းတွေမှာပါဝင်တဲ့ စက်ပစ္စည်းတွေရဲ့မူရင်းအမှတ်အသား (IMEI) ကုတ်နံပါတ်တွေကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register-CEIR) မှာ မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ဒီနေ့မှာ ထုတ်ပြန်
  • စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ရန်ကုန်မှာရှိတဲ့ဥရောပသမဂ္ဂသံရုံးက စာထုတ် တောင်းဆို
  • ဟုမ္မလင်းမြို့နယ်၊ နောင်ဖွတ်မော်ရပ်ကွက်မှာ နာဂနှစ်ခြင်းအသင်းတော်က အသင်းဝင် ကျောင်းသားကျောင်းသူ ၁၁ ယောက်ဟာ မတ်လ ၄ ရက်မှာ ချင်းတွင်းမြစ်ထဲ ရေကူးကစားနေတုန်း ၄ ယောက် ရေနစ်ပျောက်ဆုံးခဲ့ပြီး ကျောင်းသား ၁ ဦးရဲ့ရုပ်အလောင်းကို ပြန်တွေ့
  • ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ စစ်သုံ့ပန်း တွေကို ထိန်းသိမ်းထားတဲ့ စခန်းကို စစ်တပ်က မတ် ၅ ရက် မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် စစ်သုံ့ပန်း မိသားစုဝင် ၅ ယောက် သေဆုံး
  • ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသကနေ တောင်ငူမြို့နယ်ကို ဈေးဝယ်လာတဲ့ကား တိမ်းမှောက်တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နောက်ထပ်လူ ၁၇ ဦး ဒဏ်ရာရ၊ ကားတိမ်းမှောက်မှု ဖြစ်တဲ့နေရာကို ပရဟိတအဖွဲ့ရဲ့ကားတွေ မရောက်ခင်မှာ ဒဏ်ရာရသူတွေကို ကုန်တင်ကားတစ်စီးက ကူညီသယ်ဆောင်ခဲ့ပြီး လမ်းခုလတ်မှာ ပရဟိတအဖွဲ့တွေကို လွှဲပြောင်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဟိုပင်မြို့မှာ တစ်နှစ်အရွယ် ကလေးအပါအဝင် မိသားစု ၆ ယောက် အသတ်ခံရ

    ကချင်ပြည်နယ်၊ ဟိုပင်မြို့ ၊ မြသာယာရပ်ကွက်မှာ မတ် ၄ ရက်ညပိုင်းက တစ်နှစ်အရွယ် ကလေးအပါအဝင် မိသားစု ၆ ယောက် အသတ်ခံရတဲ့အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

    ဇနီးမောင်နှံ နှစ်ယောက်၊ သူတို့ရဲ့ တစ်နှစ်အရွယ် ကလေးအပါအဝင် သားသမီး ၃ ယောက်နဲ့ အိမ်အကူတစ်ယောက်တို့ အသတ်ခံရတာလို့ ပြောပါတယ်။

    အသတ်ခံရတဲ့ မိသားစုနေတဲ့ အိမ်ထဲမှာ ည ၁၁ နာရီ ဝန်းကျင်လောက်က ဆူညံသံတွေကို ရပ်ကွက်ထဲက လူတွေကြားခဲ့ကြပေမဲ့ အမှုအမှတ်မဲ့နေခဲ့ကြရာကနေ မနက်ပိုင်းရောက်မှ အိမ်ထဲမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ရုပ်အလောင်းတွေကို တွေ့ခဲ့ကြတာလို့ အခြေအနေသိတဲ့ မြို့ခံက ပြောပါတယ်။

    “လင်မယား ရန်ဖြစ်တယ်လို့ ထင်တာ၊ မနက်ကျမှ အသတ်ခံရတာကို သိကြတာ။ အိမ်တခါးက လူတစ်ယောက်ဝင်စာလေး ပွင့်နေတာ၊ မီးခံသေတ္တာက မ လို့မရလို့ ကျန်ခဲ့တာနဲ့ တူတယ်”လို့ မြို့ခံက ပြောပါတယ်။

    အမျိုးသားဖြစ်သူက ကျောက်သွေးခုံနားနဲ့ အမျိုးသမီးဖြစ်သူက အိပ်ခန်းထဲ၊ သားသမီးတွေက ထမင်းစားခန်းတွေမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို အိမ်နီးချင်းတွေက တွေ့ခဲ့တာလို့လည်း သူက ပြောပါတယ်။

    မတ် ၅ ရက် မနက်ပိုင်းမှာတော့ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။

  3. အမေရိကန်နဲ့ အစ္စရေးက အီရန်ကို လေကြောင်းတိုက်တဲ့စစ် ၆ ရက်ထဲဝင်လာ

    အရှေ့အလယ်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို လေကြောင်းတိုက်ခိုက်မှုနဲ့ အီရန်က ပြန်လည်တုံ့ပြန်ပစ်ခတ်မှုဖြစ်တာ ၆ ရက်ထဲ ဝင်လာပြီဖြစ်ပါတယ်။

    - အစ္စရေးဟာ အီရန်နဲ့ လက်ဘနွန်ကို တိုက်ခိုက်မှုဆက်လုပ်နေလို့ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲမှုတွေ မြင်ရပါတယ်။

    - အီရန်က အစ္စရေးကို ပြန်လည်တိုက်ခိုက်တဲ့သတင်းတွေလည်း တက်လာပြီး တဲလ်အဗီမြို့နဲ့ ဂျေရုဆလင်တို့မှာ လေကြောင်းအန္တရာယ်သတိပေးသံ ညံခဲ့သလို တိုက်ခိုက်မှုတွေကို လေထုထဲမှာပဲ ကြားဖြတ်ဟန့်တားခဲ့လို့ ကောင်းကင်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

    - အရှေ့အလယ်ပိုင်းတလွှားမှာ ကာတာနဲ့ ဘာရိန်းနိုင်ငံတို့မှာ ပေါက်ကွဲမှုတွေဖြစ်တယ်ဆိုတဲ့သတင်းတွေ တက်လာပြီး အဇာဘိုင်ဂျန်ကလည်း သူတို့ဟာ အီရန် ဒရုန်း ၂ စင်း တိုက်ခိုက်တာ ခံရတယ်လို့ ပြောပါတယ်။ ပင်လယ်ကွေ့ မြောက်ပိုင်းမှာတော့ ရေနံတင်သင်္ဘောတစ်စင်း ပျက်စီးခဲ့ပြီး အီရန်က သူတို့ဟာ အမေရိကန်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

    - ဒီအတောအတွင်းမှာ ဒေသတွင်းကနေ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဗြိတိသျှအစိုးရက စီစဉ်တဲ့ ပထမဆုံး လေကြောင်းခရီးစဥ်ဟာ နည်းပညာချို့ယွင်းလို့ နှောင့်နှေးနေပါတယ်။

    အိုမန်ကနေ စတင်ပျံသန်းမယ့် ဒီခရီးစဉ်ဟာ မနေ့ညကတည်းက စတင်ဖို့ဖြစ်ပေမဲ့ ဒီနေ့မှာ စတင်နိုင်ပါတယ်။

    အမေရိကန်ပြည်ထောင်စုမှာတော့ လွှတ်တော်အမတ်တွေဟာ သမ္မတထရမ့်ရဲ့ စစ်ရေးအသုံးပြုခွင့်အာဏာကို ကန့်သတ်ဖို့ အထက်လွှတ်တော်မှာ မဲပေးခဲ့ပေမဲ့ ကန့်ကွက်သူများခဲ့ပါတယ်။

  4. "စုံ"ရယ် "မ"ရယ် ဆီလက်ကျန်ရယ်

    "ကျွန်တော့် ဆိုင်ကယ်က "မ"နံပါတ်ဆိုတော့ စုံရက်အပြင်မထွက်ဘူးပေါ့ဗျာ" လို့ မန္တလေးသား ကိုတိုး (အမည်လွှဲ)က ရွှတ်နောက်နောက်နဲ့ ပြောလာပါတယ်။

    စစ်ကော်မရှင်ချပြလာတဲ့ လစဥ်"မ"ရက်မှာ "မ"နံပါတ်ကိုယ်ပိုင်ယာဥ်တွေ သုံးပြီး "စုံ" ရက်မှာ "စုံ" နံပါတ်ကိုယ်ပိုင်ယာဥ်တွေသာ အသုံးပြုဖို့ဆိုတဲ့ စက်သုံးဆီချွေတာရေးစီမံချက်ကို ရည်ရွယ်ပြီးပြောတာ ဖြစ်ပါတယ်။

    မတ် ၇ ရက်နေ့မှာ စတင်အသက်ဝင်မယ့် ဒီထုတ်ပြန်ချက်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ တောက်လောင်နေတဲ့ စစ်မီးကြောင့် မြန်မာကို ရိုက်ခတ်လာမယ့် စက်သုံးဆီပြတ်တောက်မှုကို လူထုစိတ်ဝင်တစားရှိလာချိန်မှာ စစ်ကော်မရှင်ရဲ့ လူထုအတွက် အဖြေဖြစ်ပါတယ်။

    ဒီဆောင်းပါး အပြည့်အစုံကို ဒီလင့် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  5. တောင်ငူကို စျေးလာဝယ်တဲ့ကားမှောက်လို့ ၁ ဦး သေပြီး ၁၇ ဦးဒဏ်ရာရ

    ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသကနေ တောင်ငူမြို့နယ်ကို ဈေးဝယ်လာတဲ့ကား တိမ်းမှောက်တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နောက်ထပ်လူ ၁၇ ဦး ဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ တောင်ငူအခြေစိုက် Save The Trees ပရဟိတအဖွဲ့ထံကနေ သိရပါတယ်။

    ဈေးဝယ်ထွက်လာတဲ့ကားဟာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို၊ ကော်ပတ်ခြံရွာနားက သုံးထပ်ကွေ့နားမှာ မတ် ၄ ရက် ညနေပိုင်းက တိမ်းမှောက်ခဲ့တာလို့ ကူညီကယ်ဆယ်ရေး လုပ်ပေးတဲ့အဖွဲ့တွေကနေ သိရပါတယ်။

    ကားတိမ်းမှောက်မှု ဖြစ်တဲ့နေရာကို ပရဟိတအဖွဲ့ရဲ့ကားတွေ မရောက်ခင်မှာ ဒဏ်ရာရသူတွေကို ကုန်တင်ကားတစ်စီးက ကူညီသယ်ဆောင်ခဲ့ပြီး လမ်းခုလတ်မှာ ပရဟိတအဖွဲ့တွေကို လွှဲပြောင်းပေးတာလို့လည်း ပြောပါတယ်။

    “ကျွန်တော်တို့ ပရဟိတကားတွေ သွားတော့ ကုန်တင်ယာဉ်ကနေ မီးတောက်ပြပြီး တားတယ်။ ကျွန်တော်တို့ ရပ်ပြီး မေးကြည့်တော့ ကားပေါ်မှာ စောင်တွေ ခင်းပြီး ခေါ်လာတဲ့ဒဏ်ရာရသူတွေကို တွေ့လို့ ကျွန်တော်တို့တွေ လွှဲယူခဲ့ပြီး တောင်ငူဆေးရုံကို ပို့လိုက်တာ”လို့ Taungoo Rescue က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    လိပ်သိုမြို့က သုံးထပ်ကွေ့နေရာဟာ တောင်ဆင်းတောင်တက် အကွေ့ကြမ်းတာကြောင့် နှစ်စဉ်ယာဉ်မတော်တဆဖြစ်မှုဖြစ်လေ့ရှိတဲ့နေရာဖြစ်တယ်လို့ မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။

  6. ဖားဆောင်းမှာ လေကြောင်းဗုံးကြဲခံရလို့ စစ်သုံ့ပန်းမိသားစုဝင် ၅ ယောက်သေဆုံး - IEC

    ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ စစ်သုံ့ပန်း တွေကို ထိန်းသိမ်းထားတဲ့ စခန်းကို စစ်တပ်က မတ် ၅ ရက် မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် စစ်သုံ့ပန်း မိသားစုဝင် ၅ ယောက် သေဆုံးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။

    သေဆုံးသူတွေဟာ အသက် ၈ နှစ်အရွယ် မိန်းကလေးအပါအဝင် အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၁ ယောက်ဖြစ်တယ်လို့ သူက ပြောပါတယ်။

    လေကြောင်းဗုံးကြဲခံရတဲ့ နေရာဟာ ၂၀၂၅ ခုနှစ်အတွင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့ ဖားဆောင်းမြို့နယ် တပ်စခန်းတစ်ခုကနေ ဖမ်းမိတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝငိတွေကို ထိန်းသိမ်းထားတဲ့နေရာလို့လည်း သိရပါတယ်။

    ဒီနေရာအကြောင်း သတင်းပေါက်ကြားတာကြောင့် လေကြောင်းဗုံးကြဲခံရတာလို့လည်း ကိုဗညားက ပြောပါတယ်။

    ဗုံးကြဲခံရတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ စစ်သုံ့ပန်းနဲ့မိသားစုဝင်တွေလည်း ရှိနေပြီး ထိခိုက်သူ အရေအတွက်ကိုတော့ စာရင်းကောက်ယူနေတယ်လို့လည်း သိရပါတယ်။

  7. ချင်းတွင်းမြစ်ထဲ ရေနစ်ပျောက်ဆုံးတဲ့ကျောင်းသား ၄ ဦးထဲက ၁ ဦးရဲ့ရုပ်အလောင်းကို ပြန်တွေ့

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ဖွတ်မော်ရပ်ကွက်မှာ ချင်းတွင်းမြစ်ထဲ ရေကစားရင်း ပျောက်ဆုံးနေတဲ့ ကျောင်းသား ကလေးငယ် ၄ ဦးထဲက ၁ ဦးရဲ့ရုပ်အလောင်းကို ပြန်တွေ့ပြီလို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဟုမ္မလင်းမြို့၊ နာဂနှစ်ခြင်းအသင်းတော်က အသင်းဝင် ကျောင်းသားကျောင်းသူ ၁၁ ယောက်ဟာ မတ်လ ၄ ရက်မှာ ချင်းတွင်းမြစ်ထဲ ရေကူးကစားနေတုန်း ၄ ယောက် ရေနစ်ပျောက်ဆုံးခဲ့တာပါ။

    နွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့် ကလေးတွေ စုပေါင်းပြီး လူကြီးစောင့်ရှောက်မှု မပါဘဲ မြစ်ထဲရေကူးကြရာကနေ အခုလိုဖြစ်ခဲ့တာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

    “ကလေးတွေချည်း ရေကူးသွားကြတာ။ အဲဒီနေရာက ရေချိုးဆိပ်လည်း မဟုတ်ဘူး။ ရေကစားရင်း ရေနစ်တော့ ကျန်တဲ့ကလေးတွေက လူကြီးတွေကို လာခေါ်ကြမှ ကလေးတွေရေနစ်မှာ သိကြတာ”လို့ ကူညီကယ်ဆယ်ရေးအကြောင်းသိတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းကိုသာ ရှာတွေ့ထားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဒီနေ့အထိ ရှာဖွေနေကြတုန်းလို့ သိရပါတယ်။

    ပျောက်ဆုံးနေတဲ့ကလေးတွေကို ဟုမ္မလင်းမြို့နယ်မီးသတ်ဦးစီးဌာနက ချင်းတွင်းမြစ်ထဲမှာ ကူညီရှာဖွေပေးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

    ရေနစ်သေဆုံး၊ ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေဟာ ပထမတန်း၊ ပဥ္စမတန်း၊ ဆဋ္ဌမတန်း၊ ဒသမတန်းက ကျောင်းသားကျောင်းသူတွေဖြစ်တယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။

  8. ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ဥရောပသမဂ္ဂသံရုံး တိုက်တွန်း

    မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ရန်ကုန်မှာရှိတဲ့ဥရောပသမဂ္ဂသံရုံးက စာထုတ် တောင်းဆိုလိုက်ပါတယ်။

    မြန်မာစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာနဲ့ အကြမ်းဖက်ပုဒ်မ အမှုအချို့ကို ရုပ်သိမ်းတာတွေကို ကြိုဆိုတဲ့ကြေညာချက်ကို ထုတ်ပြန်ရင်း အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ အကြမ်းဖက်မှုလျှော့ချဖို့၊ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်ဖို့ကိုလည်း သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

    မြန်မာမှာ မတ်လ ၂ ရက်တုန်းက ကျရောက်ခဲ့တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စစ်တပ်က အကျဉ်းသူ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့တာ၊ လွတ်ငြိမ်းခွင့်ပေးတာ၊ ခံဝန်နဲ့လွတ်ငြိမ်းခွင့်ပေးတာတွေအပြင် အကြမ်းဖက်အမှု တစ်သောင်းကျော်ကိုလည်း ရုပ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။

    ဒီလွတ်ငြိမ်းမှာ ဘယ်သူတွေပါဝင်ပြီး ဘယ်သူတွေ ကျန်ခဲ့ပါသလဲ။ ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  9. ဖုန်းသုံးစွဲမှုတွေကို စောင့်ကြည့်နိုင်တဲ့ မိုဘိုင်းဖုန်း IMEI ကုတ်နံပါတ်တွေကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်ပြော

    နည်းပညာအသုံးပြု စောင့်ကြည့်ထောက်လှမ်းမှုတွေ ပြုလုပ်နေတယ်လို့ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ထောက်ပြတာခံနေရတဲ့ စစ်ကော်မရှင်ဟာ မိုဘိုင်းဖုန်းတွေမှာပါဝင်တဲ့ စက်ပစ္စည်းတွေရဲ့မူရင်းအမှတ်အသား (IMEI) ကုတ်တွေကို မှတ်ပုံတင်ဖို့ လူထုကို တိုက်တွန်းလာပါတယ်။

    ဖုန်းတွေမှာပါဝင်တဲ့ IMEI ကုတ်နံပါတ်တွေကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register-CEIR) မှာ မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ဒီနေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    ဒီစနစ်ကို မတ်လ ပထမကနေ စပြီး အသုံးပြုနေပြီဖြစ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ IMEI နံပါတ်တွေကို အွန်လိုင်းကနေ စတင်မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်ဘက်က နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာလာတာဖြစ်ပါတယ်။

    လက်ရှိသုံးနေတဲ့ ဖုန်းတွေကတော့ အခွန်ဆောင်ဖို့ မလိုအပ်ပေမဲ့ မတ် ၃၁ ရက် နောက်ဆုံးထားပြီး CEIR ခွင့်ပြုစာရင်းထဲ ထည့်သွင်းဖို့၊ ဒီလို ထည့်သွင်းမှပဲ MPT, ATOM,U9,Mytel ဖုန်းကတ်တွေကို ထည့်သွင်းအသုံးပြုလို့ ရမယ်လို့ဆိုပါတယ်။

    ဧပြီ ၁ ရက်ကစပြီး ခွင့်ပြုစာရင်းထဲမပါတဲ့ ဖုန်းတွေကို ရက်ပေါင်း ၃၀ အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ရမှာလို့ သိရပါတယ်။

    စစ်ကော်မရှင်ကတော့ ဒီထုတ်ပြန်ချက်နဲ့အတူ “IMEI ဆိုတာဘာလဲ” ဆိုတဲ့ ဆောင်းပါးကိုပါ တစ်ရက်တည်းမှာ ထည့်သွင်းဖော်ပြလာတာကိုလည်း တွေ့ရပါတယ်။

    CEIR စနစ်ဟာ ဖုန်းသုံးစွဲသူတွေရဲ့သွားလာသမျှ နေရာတွေ၊ ဖုန်းသုံးစွဲတဲ့ အချိန်တွေ၊ ဖုန်းသုံးပြီး စာပို့ စကားပြောတာတွေကို စောင့်ကြည့်တာ၊ ကြားဖြတ်နားထောင်လို့ရတဲ့ စနစ်တစ်ခုဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP)က ဒစ်ဂျစ်တယ် အခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က ပြောပါတယ်။

    “မိုးလင်းလို့ အိပ်ရာထချိန်ကနေ မိုးချုပ်အိပ်ရာဝင်တဲ့အချိန်အထိ စောင့်ကြည့်နေမယ့်စနစ်မျိုးပါ။ ပုံမှန်အုပ်ချုပ်ရေးကာလတွေမှာဆိုရင်တော့ ဒီစနစ်တွေက ရာဇဝတ်မှုနှိမ်နှင်းဖို့တွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ စောင့်ကြည့်ဖို့ ကောင်းပေမဲ့ လက်ရှိ ဥပဒေနဲ့ ဥပဒေဖော်ဆောင်သူတွေရဲ့ရည်ရွယ်ချက်တွေအရ လုံခြုံတယ်လို့ ယုံကြည်လို့ မရတဲ့ စနစ်ပါ” လို့ ကိုသစ်ဉာဏ်က ပြောပါတယ်။

    လက်ရှိမှာ စစ်ကော်မရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဟာ UID လို့ခေါ်တဲ့ စမတ်ကတ်အတွက် နိုင်ငံသားတွေရဲ့ ဇီဝအချက်အလက်တွေဖြစ်တဲ့ မျက်လုံး၊ လက်ဗွေ၊ မျက်နှာ၊ လိပ်စာ စတဲ့ အချက်အလက်တွေကို ကောက်ယူ စုဆောင်းနေပါတယ်။

    ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူတွေကတော့ မြန်မာစစ်တပ်ဟာ အဲဒီဇီဝအချက်အလက်တွေကို အခြေခံပြီး PSMS လို့ခေါ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ စောင့်ကြည့်နိုင်တဲ့စနစ်အသုံးပြုနေတယ်လို့ သိရှိရတဲ့အကြောင်း အစီရင်ခံစာတွေ အသီးအသီးထုတ်ပြန် ထားကြပါတယ်။

  10. BRAVE Burma Act မူကြမ်းကို အမေရိကန်အထက်လွှတ်တော်ကို ဝါရင့်အမတ်တွေ ပူးတွဲတင်

    မြန်မာစစ်တပ်ကို ကန့်သတ်ပိတ်ဆို့မှုတွေပါဝင်တဲ့ BRAVE Burma အက်ဥပဒေကို ဝါရင့်အထက်လွှတ်တော် အမတ်တွေက လွှတ်တော်ကို တင်သွင်းတယ်လို့ ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်က လူမှုကွန်ရက်မှာ ရေးထားပါတယ်။

    မြန်မာစစ်တပ်ရဲ့အတုအယောင် ရွေးကောက်ပွဲတွေကနေ ဩဇာလွှမ်းမိုးဖို့ ခြိမ်းခြောက်လာတဲ့ အခြေအနေမှာ အခုအက်ဥပဒေက အထူးအရေးပါတယ်လို့ သူက ရေးသားထားပါတယ်။

    “ကျွန်တော့်အလုပ်တစ်လျှောက်လုံးမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ရည်မှန်းချက်ကို ထောက်ခံခွင့်ရတာကို ဂုဏ်ယူတယ်”လို့ မစ်ချ်မက်ကော်နယ်က အထက်လွှတ်တော်ကို ဒီဥပဒေမူကြမ်းရောက်တာနဲ့ပတ်သက်ပြီး ပြောထားပါတယ်။

    စစ်တပ်ရဲ့ဖိနှိပ်မှုတွေကို အချိန်ကြာမြင့်အောင် သည်းခံနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်အစိုးရက ရပ်တည်ဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

    BRAVE Burma Act ဥပဒေဟာ မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေကို ပိတ်ဆို့ထားပြီး တရုတ်နဲ့ ရုရှားတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်နိုင်မှာဖြစ်တယ်လို့လည်း ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်က ပြောထားပါတယ်။

    ဒီအက်ဥပဒေမူကြမ်းကို ၂၀၂၅ ခုနှစ် ဇူလိုင်ကစလို့ အောက်လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ၆ လအကျော်မှာ ပုံပေါ်လာတာပါ။

    ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၉ ရက်က အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

    BRAVE မြန်မာအက်ဥပဒေ (Bringing Real Accountability Via Enforcement in Burma Act) က စစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ခဲ့တယ်လို့ အဲဒီဥပဒေကို မူကြမ်းအဆင့်ဆွေးနွေးချိန်က အောက်လွှတ်တော်အမတ်တွေက ပြောထားပါတယ်။

    ဒီဥပဒေကို အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် နှစ်ပါတီလုံးက အမတ်တွေ ပူးတွဲပြီး လွှတ်တော်ကို တင်ထားတာဖြစ်ပါတယ်။

  11. ကပစ ၁၆ ကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အနီးကပ်တိုက်ခိုက်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံကို အာရက္ခတပ်တော်(အေအေ)နဲ့ ပူးပေါင်းအဖွဲ့တွေက အနီးကပ်တိုက်ခိုက်နေပြီလို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။

    ကပစ ၁၆ နဲ့ တစ်မိုင်ဝန်းကျင်နားကို မနေ့ကစလို့ အေအေနဲ့ ပူးပေါင်းအဖွဲ့တွေ ရောက်နေပြီး စက်ရုံဝင်းအတွင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

    အဓိက ကာကင်းဖြစ်တဲ့ ပွိုင့် ၆၆၆ ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ထဲမှာ အေအေက ဒုတိယအကြိမ်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း အခုဖေဖော်ဝါရီလအတွင်းမှာပဲ အဲဒီစက်ရုံအနီးက စခန်း ၇ ခုအထိ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ အေအေနဲ့ စစ်ရေးနီးစပ်သူတွေက ပြောပါတယ်။

    ကာကင်းစခန်းတွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကပစ ၁၆ နားကို ပိုနီးကပ်လာတာဖြစ်ပါတယ်။

    စစ်ကော်မရှင်ဘက်ကလည်း ကပစ ၁၆ မကျရေးအတွက် ဒရုန်းတွေသုံးပြီး တိုက်ခိုက်နေတယ်လို့သိရပါတယ်။

    ကပစ ၁၆ တိုက်ပွဲထဲကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ယောက်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။

    ကပစ ၁၆ ဟာ ဥသျှစ်ပင်မြို့နဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာမှာ ရှိပါတယ်။ ဒီစက်ရုံဟာ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေမှာ အသုံးပြုတဲ့ ယမ်းတွေ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုရတဲ့အက်စစ်ကို ထုတ်လုပ်ရတဲ့ စက်ရုံအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

    အေအေနဲ့ပူးပေါင်းအဖွဲ့တွေဟာ ကပစက ၁၆ ကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကို ၂၀၂၅ ခုနှစ်နှောင်းပိုင်းကတည်းက ပြုလုပ်နေတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ စက်ရုံကို ဦးတည်တဲ့ကာကင်းစခန်းတွေကို ဆက်တိုက်သိမ်းယူခဲ့သလို စစ်တပ်ကလည်း ပြန်လည် ထိုးစစ်ဆင်တာတွေရှိခဲ့ပါတယ်။

    ဒီတိုက်ပွဲတွေကြောင့်ပဲ ကပစ ၁၆ မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်တာ အခုနှစ်ဆန်းပိုင်းကတည်းကဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်တပ်ကတော့ ပန်းတောင်းမြို့နယ်ထဲက စစ်ရေးအခြေအနေတွေကို သတင်းမထုတ်ပြန်သေးပါဘူး။

  12. မင်္ဂလာပါ။

    မတ် ၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။