မတ်လ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဆုံးရှုံးနယ်မြေတွေရအောင်ပြန်တိုက်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေး
ဆုံးရှုံးနယ်မြေတွေရအောင်ပြန်တိုက်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့သတင်းအပါအဝင် မတ် ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ရန်ကုန်က စစ်ကောင်စီရဲ့ အမှတ်(၂) မှုခင်းတပ်ဖွဲ့ခွဲ (CID)ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ
- ရွှေကုက္ကိုမြို့၊ ရထိုက်ဟိုတယ်မီးလောင်
- ဆုံးရှုံးနယ်မြေတွေရအောင်ပြန်တိုက်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေး
- ၄ ရက်အတွင်း စစ်ကိုင်းက မြို့ ၃ မြို့ လေကြောင်းတိုက်ခိုက်ခံရ၊ လူထိခိုက်သေဆုံးမှုရှိ
- တောင်ကိုရီးယားကို လုပ်သား ၁၂၄ ဦး စတင်စေလွှတ်၊ အမျိုးသမီးတစ်ဦးလည်း ပါဝင်လာ
- မူးယစ်မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက်အပေါ် အေအေဘာပြောလဲ
- ဒူတာတေးဖမ်းဆီးခံရမှု ICC ကို ဦးခင်ရီ ဝေဖန်
တိုက်ရိုက် ထုတ်လွှင့်ချက်
ရန်ကုန်က စစ်ကောင်စီရဲ့ အမှတ်(၂) မှုခင်းတပ်ဖွဲ့ခွဲ (CID)ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CID
ဓာတ်ပုံ ပုံစာ, အင်းစိန် အမှတ်(၂) မှုခင်းတပ်ဖွဲ့ခွဲ (CID) ရုံး (ပုံဟောင်း) ရန်ကုန်၊ အင်းစိန်မြို့ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်က အမှတ် (၂) မှုခင်းတပ်ဖွဲ့ခွဲ (CID) ရုံးကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (R.U.C)က မနေ့ မတ် ၁၉ ညပိုင်းမှာ အဝေးထိန်းမိုင်းအကြီးစားနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ R.U.C က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် CID ရုံးရှေ့က ကင်းသမားတချို့ ထိခိုက်ခဲ့ပြီး တစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရတာကြောင့် ဆေးရုံကိုခေါ်သွားတယ်လို့ သိရတဲ့အကြာင်း R.U.C က ပြောပါတယ်။
မနေ့ညက CID ရုံး တိုက်ခိုက်ခံရပြီးပြီးချင်းမှာပဲ CID ရုံးရှေ့နဲ့ တစ်ဖက်ခြမ်းက အိမ်စီးကားနဲ့ အငှားယာဉ်တွေကို စစ်ဆေးတာတွေလုပ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်အထိ CID ရုံးရှိတဲ့ဘက်ခြမ်းက အောက်မင်္ဂလာဒုံလမ်းမကို အသွားအလာ လုပ်မရအောင် ပိတ်ထားတယ်လို့ မတ် ၂၀ နေ့လယ်ပိုင်းမှာ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ CID ရုံးမိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ရွှေကုက္ကိုမြို့၊ ရထိုက်ဟိုတယ်မီးလောင်

ဓာတ်ပုံ ရင်းမြစ်, BGF
ဓာတ်ပုံ ပုံစာ, ဟိုတယ်မီးငြှိမ်းသတ်နေတဲ့မြင်ကွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ဗိုလ်မှူးကြီးစောချစ်သူထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ရထိုက်ဟိုတယ်မှာ ဒီကနေ့ မတ် ၂၀ ရက်မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဘီဘီစီကိုပြောပါတယ်။
“အပူချိန်ပြင်းလို့ ဝါယာကြိုးရှော့ခ်ဖြစ်ရာကနေ မီးလောင်တာ” လို့ သူကဆိုပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သူက ရှင်းပြပါတယ်။
ရထိုက်ဟိုတယ်မှာ အထပ် ၁၂ ထပ်ရှိပြီး အပေါ်ဆုံးအထပ်မှာ မိနစ် ၂၀ ခန့်ကြာ မီးလောင်ခဲ့တာ လို့ သူက ဆိုပါတယ်။
ရွှေကုက္ကိုမြို့အတွက် ဗိုလ်မှူးကြီးစောချစ်သူဝယ်ထားတဲ့ မီးသတ်ကားတွေနဲ့ မီးငြိမ်းအောင် ငြှိမ်းသတ်ခဲ့တဲ့အကြောင်း သူက ထပ်ပြောပါတယ်။
“မြို့သစ်အနေနဲ့ စပြီး တည်ဆောက်ခဲ့တဲ့အချိန်ကတည်းက မီးသတ်၊ ဆေးရုံ မြို့အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ အကုန်ရှိတယ်” လို့ သူက ရှင်းပြထားပါတယ်။
မြဝတီမြို့ထဲက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဆိုပြီး ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကိုမြို့သစ်၊ မယ်ထော်သလေးဒေသနဲ့ ဘုရားသုံးဆူမြို့တို့ကို ထိုင်းဘက်က ဖေဖော်ဝါရီလမှာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး ထိုင်းဘက်ကနေ စက်သုံးဆီတင်ပို့ရောင်းချတာတွေကိုလည်း ကန့်သတ်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
“လုပ်ငန်းတွေကတော့ မီးမလာရင် မီးစက်တွေနဲ့ပဲ ဆက်ပြီးလည်ပတ်တယ်” လို့ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောထားပါတယ်။
တစ်ဖက်မှာလည်း မြဝတီ၊ ရွှေကုက္ကိုနဲ့ မယ်ထော်သလေးဒေသ ကေကေပါ့ခ် (KK Park) က ကျားဖြန့်လုပ်ငန်းတွေကနေ သိမ်းဆည်းရမိတဲ့ မိုဘိုင်းဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ စစ်ကောင်စီကတဆင့် တရုတ်က တောင်းဆိုထားပါတယ်။
ဆုံးရှုံးနယ်မြေတွေရအောင်ပြန်တိုက်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေး

ဓာတ်ပုံ ရင်းမြစ်, cincds
ဓာတ်ပုံ ပုံစာ, ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေကို စစ်ရုံးမှာ ခေါ်တွေ့ပြီး ဆုံးရှုံးနယ်မြေတွေရအောင်ပြန်တိုက်ဖို့ အမိန့်ပေးလိုက်တဲ့အကြောင်း စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
‘’ဆုပေးဒဏ်ပေး ကြမ်းမယ်လို့ ခေါ်ပြောတာ ’’ လို့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
လာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပမဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဆုံးရှုံးနယ်မြေတွေရအောင်ပြန်တိုက်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလိုရှိနေတဲ့အကြောင်း သူက ပြောပါတယ်။
‘’အောင်မြင်မှုသာ ယူလာခဲ့။ သင့်တော်တာ အကုန်စီစဉ်ပေးလို့ရတယ်။ လိုအပ်တဲ့ ထောက်ပံ့မှုတွေ အကုန်ပေးမယ်’’ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတဲ့အကြောင်း ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
တပ်စခန်းတွေဆုံးရှုံးရင် အရေးယူအပြစ်ပေးတာ အစဉ်အလာဖြစ်ပေမဲ့ အခုလို မက်လုံးပေးတာမျိုးကတော့ ကြုံတောင့်ကြုံခဲ လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ သမိုင်းတလျှောက်မကြုံစဖူး နယ်မြေတွေဆုံးရှုံးနေရပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကိုပါ ဆုံးရှုံးထားတာ ဖြစ်ပါတယ်။
၄ ရက်အတွင်း စစ်ကိုင်းက မြို့ ၃ မြို့ လေကြောင်းတိုက်ခိုက်ခံရ, လူထိခိုက်သေဆုံးမှုရှိ

ဓာတ်ပုံ ရင်းမြစ်, Ko Nway Oo-M
ဓာတ်ပုံ ပုံစာ, မြောင်မြို့နယ်ထဲကနေ စစ်ရှောင်တချို့ (ပုံဟောင်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက စဉ့်ကိုင်ရွာတောင်ဘက်ကို စစ်တပ်က ဒီကနေ့ မတ် ၂၀ မှာ လေကြောင်းကနေ ဗုံးထပ်မံကြဲပြီး တိုက်ခိုက်ခဲ့ပါတယ်။
“သေဆုံးသူရှိနိုင်တယ်၊ ၅ ဦးဝန်းကျင် ဒဏ်ရာရထားတယ်၊ ဖုန်းလိုင်းတွေပြတ်နေတော့ ထိခိုက်သေဆုံး အတိအကျမသိရသေးဘူး” လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း စဉ့်ကိုင်ရွာမြောက်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၆ လသားကလေးငယ်နဲ့ သက်ကြီးပိုင်း ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပါတယ်။
တစ်ဖက်မှာလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ကို မနေ့ မတ် ၁၉ ရက်ညနေပိုင်းမှာ စစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် နောက်ထပ် အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (CDSOM) က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မတ် ၂၀ ရက်မှာလည်း “မြောင်မြို့တဝိုက်ကို စက်တပ်လေထီးနဲ့ ကင်းလှည့်နေတယ်”လို့ CDSOM က ဘီဘီစီကိုပြောပါတယ်။
မတ် ၁၉ ရက်မှာပဲ စစ်ကိုင်း၊ မင်းကွန်းမြို့က သမိုင်းဝင်မင်းကွန်းပုထိုးတော်ကြီးရဲ့ အနောက်ဘက် စစ်တပ်စခန်းချခဲ့တဲ့နေရာဟောင်းကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတွေက ပြောလာပါတယ်။
“လူထိခိုက်သေဆုံးတာမရှိပေမယ့် ဘုန်းကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အဦတချို့ ပျက်စီးခဲ့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီကတော့ စစ်ကိုင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
တောင်ကိုရီးယားကို လုပ်သား ၁၂၄ ဦး စတင်စေလွှတ်, အမျိုးသမီးတစ်ဦးလည်း ပါဝင်လာ

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy, Seoul
ဓာတ်ပုံ ပုံစာ, မတ်လ ၁၉ ရက်နေ့က လုပ်သားသစ် ၁၂၄ ဦး ရန်ကုန်လေဆိပ်ကနေ တောင်ကိုရီးယား အင်ချွန်းလေဆိပ်ကို ထွက်ခွာခဲ့ကြပါတယ် တောင်ကိုရီးနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာက စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကနေ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကတစ်ဆင့် EPS စနစ်နဲ့ လုပ်သားအသစ် ၁၂၄ ဦးကို စေလွှတ်လိုက်တယ်လို့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ ထုတ်ပြန်ကြေညာလာပါတယ်။
ကုန်ထုတ်လုပ်သား ၅၈ ဦး၊ သစ်တောလုပ်သား ၂၅ ဦး၊ ဆောက်လုပ်ရေးလုပ်သား ၁၉ ဦးနဲ့ ဝန်ဆောင်မှုလုပ်သား ၇ ဦးနဲ့ မွေးမြူရေးလုပ်သား ၁၅ ဦးတို့ကို မနေ့ မတ် ၁၉ ရက်မှာ စေလွှတ်ခဲ့တာလို့ သံရုံးက ဖော်ပြပါတယ်။
အဲဒီလုပ်သားတွေထဲ အမျိုးသမီးတစ်ဦး ပါဝင်လာပြီး ဒါက EPS စနစ်နဲ့ မြန်မာကနေ ကိုရီးယားကို ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်တာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
“ကုန်ထုတ်လုပ်ငန်းက ဝန်ဆောင်မှုအပိုင်းအတွက်လွှတ်တာပါ။ အစိုးရချင်းသဘောတူထားတဲ့ EPS စနစ်နဲ့လွှတ်တာ” လို့ သူက ဆက်ပြောပါတယ်။
EPS (Recruitment Point System-EPS) စနစ်ဆိုတာက မြန်မာနဲ့ တောင်ကိုရီးယား အစိုးရချင်းသဘောတူ အရည်အချင်းစစ် စာမေးပွဲကျင်းပပြီး အမှတ်ပေးစနစ်နဲ့ အလုပ်ခန့်အပ်တဲ့ စနစ်ဖြစ်ပါတယ်။
လက်ရှိမှာ အမျိုးသမီးအနေနဲ့ စစ်ကောင်စီက တစ်ဦးသာစေလွှတ်ထားပြီး နောက်ထပ်လွှတ်မယ့်အမျိုးသမီးတွေကိုလည်း တန်းစီစောင့်ခိုင်းထားတယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
ဒါ့အပြင် စေလွှတ်ခံရတဲ့ အမျိုသမီးအနေနဲ့ “EPS နဲ့သွားရတဲ့ အမျိုးသားတွေနဲ့ လစာရော ရမယ့်အလုပ်သမားအခွင့်အရေးရော အတူတူပဲ” လို့ သူကပြောထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း EPS စနစ်နဲ့ စစ်ကောင်စီက ကိုရီးယားကို လုပ်သားသစ် ၁၃၉ ဦးစေလွှတ်ထားပါတယ်။
မူးယစ်မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက်အပေါ် အေအေဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, မတ် ၁၉ ရက်က တရားခံတွေကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ပုံ မူးယစ်ဆေးဝါးတွေဖမ်းမိတဲ့အမှုမှာ အာရက္ခတပ်တော်(အေအေ) ရဲ့ စီးပွားရေးတာဝန်ခံ ပါဝင်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ နိုင်ငံရေးသိက္ခာချတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က တုံ့ပြန်ပါတယ်။
ရန်ကုန်မြို့မှာ ကျပ်ငွေ ၉၆ ဘီလျံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိတဲ့အကြောင်း မတ်လ ၁၉ ရက်ထုတ်သတင်းစာတွေမှာ ဖော်ပြခဲ့ပြီး ဒီမူးယစ်ဆေးတွေကို မလေးရှားပင်လယ်ပြင်အထိ ရောင်းချဖို့ အေအေရဲ့ စီးပွားရေးတာဝန်ခံနဲ့ ဇနီးဖြစ်သူတို့က လုပ်ဆောင်တာလို့ စစ်ကောင်စီက စွပ်စွဲထားတာပါ။
ဒါ့အပြင် တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်တို့မှာ မော်တော်ယာဉ်ဂိတ်တွေဖွင့်ထားပြီး ခရီးသည်တင်ယာဉ်တွေနဲ့ ဆေးတွေသယ်ဆောင်နေတာလို့ ဓာတ်ပုံတွေနဲ့တကွ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အေအေကတော့ နိုင်ငံထဲက ဒုစရိုက်မှုတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ အွန်လိုင်းငွေလိမ်(ကျားဖြန့်)ကိစ္စတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ တွေ့ရလေ့ရှိတဲ့အကြောင်း ပြန်ပြီးစွပ်စွဲပြောထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်ရင်းဌာနချုပ်နဲ့ တပ်မတွေ ဆုံးရှုံးပြီး စစ်ရေးနိမ့်နေချိန်မှာ စစ်တပ်ရဲ့ ဒီစွပ်စွဲချက်က အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုမျိုးဖြစ်တယ်လို့ အေအေက ထပ်ပြောထားပါတယ်။
ဒူတာတေးဖမ်းဆီးခံရမှု ICC ကို ဦးခင်ရီ ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, Khin Yi
ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီ (ပုံဟောင်း) ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဝရမ်းထုတ်ဖမ်းဆီး အရေးယူခဲ့တာက ICC အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံရဲ့ အချုပ်အခြားအာဏာနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စော်ကားတာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီက ဝေဖန်လိုက်ပါတယ်။
“အဖွဲ့ဝင်မဟုတ်တော့တဲ့ နိုင်ငံအပေါ်မှာ တရားရေးအရ အကျိုးသက်ရောက်မှုရအောင်ယူတာ မှားနေတယ်” လို့ပြောပြီး ICC ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် ကမ္ဘာမှာ မှတ်တမ်းတင်သွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ရေးစီစဉ်နေဆဲကာလမှာ ဒူတာတေးဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ICC ကို ဦးခင်ရီ ဝေဖန် လာတာ ဖြစ်ပါတယ်။
သမ္မတဟောင်း ဒူတာတေးကို သူတာဝန်ထမ်းဆောင်ချိန်တုန်းက ဆောင်ရွက်ခဲ့တဲ့ မူးယစ်နှိမ်နင်းရေးစစ်ပွဲတွေမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC က ဝရမ်းထုတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ICC လက်အောက်က တရားစွဲတာနဲ့ စစ်ဆေးတဲ့လုပ်ငန်းတွေကိုလုပ်တဲ့ Office of the prosecutor အဖွဲ့ကလည်း အင်တာပို(နိုင်ငံတကာရဲတပ်ဖွဲ့)နဲ့ ပေါင်းပြီးဆောင်ရွက်တဲ့အခါမှာလည်း Notice စာတွေထုတ်တာက လက်တွေ့နဲ့ ဆန့်ကျင်နေတယ်လို့ ဦးခင်ရီက ထပ်ပြောပါတယ်။
“သက်ဆိုင်ရာနိုင်ငံအစိုးရ ရဲတပ်ဖွဲ့နဲ့ ဆက်စပ်ပြီးမှ ဖမ်းလို့ရတာကြောင့် လမ်းကြောင်းလွဲနေတယ်” လို့ သူကဆိုပါတယ်။
ဒါ့အပြင် ICC ရဲ့ ဆောင်ရွက်ချက်တွေဟာ အာဖရိကနဲ့ အာရှနိုင်ငံတွေပေါ်မှာပဲ သက်ရောက်မှုရှိပြီး တချို့နိုင်ငံတွေမှာ သက်ရောက်မှုရှိမနေဘူးလို့ ဦးခင်ရီက ပြောပါတယ်။
