ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထိုင်းလွှတ်တော်က မြန်မာ့အရေးဆွေးနွေးပွဲ စစ်ကောင်စီကန့်ကွက်လိုက်တယ်လို့ဆို

ထိုင်းလွှတ်တော်မှာ ဒုတိယနေ့အဖြစ် ပြုလုပ်နေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီကန့်ကွက်လိုက်တယ်လို့ ဘီဘီစီရဲ့ထိုင်းသတင်းရင်းမြစ်တွေက ပြောဆိုချက်အပါအဝင် ပြည်တွင်းက စစ်ရေး၊ နိုင်ငံရေးနဲ့ ကမ္ဘာတဝန်း ထိပ်တန်းသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တန့်ဆည်မြို့နယ်အနောက်ခြမ်း ကံထူးမရွာအနီးက ရွာတွေမှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၁၁ လောင်းတွေ့
  • မင်းတပ်မြို့ နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲခံရ၊ မပေါက်ကွဲသေးတဲ့ဗုံးတွေရှိနေ
  • ကောလင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းသုံးပစ်ခတ်
  • ကနီမြို့ပေါ်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်၊ ဒေသခံ ရှစ်ထောင်ဝန်းကျင် စစ်ဘေးရှောင်နေရ
  • ပုဏ္ဏားကျွန်းက အမှတ် ၅၅၀ ခြေမြန်တပ်ရင်းကို သိမ်းနိုင်ရေး ကြိုးပမ်းနေတယ်လို့ အေအေပြော
  • ဆွေးနွေးပွဲ ဒုတိယနေ့ မနက်ခင်းပိုင်းမှာ ထိုင်းအစိုးရဘက်က တက်ရောက်လာတာမတွေ့ရသေးဘူးလို့ ပွဲတက်နေသူတွေပြော
  • မြန်မာ့အရေး ဆွေးနွေးပွဲ ဒုတိယနေ့ကို ထိုင်းလွှတ်တော်မှာ ဆက်ပြီး ကျင်းပနေ
  • ထိုင်းလွှတ်တော်မှာကျင်းပတဲ့မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းဘက်ကို ကန့်ကွက်စာပေးပို့လိုက်တယ်လို့ ထိုင်းသတင်းရင်းမြစ်တွေဆီကနေ ဘီဘီစီက သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီကနေ့ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။

  2. တန့်ဆည်အနောက်ခြမ်း ကံထူးမရွာအနီး ရုပ်အလောင်း ၁၁ လောင်းတွေ့

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာတောင်ဘက်က ရွာတွေမှာ စစ်‌တပ်ဖမ်းဆီးတာခံရပြီးတဲ့နောက် သတ်ဖြတ်ခံထားရတဲ့အလောင်း ၁၁ အထိတွေ့ထားရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီအလောင်းတွေထဲက အများစုဟာ ပိုင်းဖြတ်ခံထားရတဲ့အနေအထားနဲ့တွေ့ရှိရတာလို့လည်း သိရပါတယ်။

    “အသတ်ခံရသူတွေထဲမှာ အသက် ၇၀ ‌‌ကျော်အရွယ်ကနေ ၂၄ နှစ် လူငယ်တွေအထိပါတယ်။ စစ်တပ် စစ်ကြောင်းဝင်လို့ အဖမ်းခံရပြီးတဲ့နောက်မှာ ဒီအလောင်း ‌‌တွေကို ပြန်တွေ့ခဲ့ရတာ။ ၈ ‌ယောက်က‌ ခြေလက်တွေရော၊ ခေါင်း‌ရော ‌ဖြတ်တောက်ခံရတယ်။ ကျန်တဲ့သူတွေက ‌ခေါင်းကို အပစ်ခံရတာ၊ ရိုက်နှက်ခံရပြီး‌တော့ ‌သေဆုံးတဲ့အနေအထားနဲ့တွေ့ ခဲ့ရတာ'' လို့ ‌မြေပြင် အခြေအနေတွေကို သိတဲ့ရပ်မိရပ်ဖတစ်ဦးက ဘီဘီစီကို ‌ပြောပါတယ်။

    အသတ်ခံရသူတွေက ကံထူးမရွာနဲ့ တောင်ကျောင်းရွာကြားက ကျေးရွာဒေသခံတွေဖြစ်ပြီး အဲဒီထဲမှာ သုံးယောက်ထက်မနည်းဟာ တောင်ကျောင်းရွာက ဖြစ်တယ်လို့လည်း ဒေသတွင်း မြေပြင်သတင်း‌တွေကို မျှဝေနေတဲ့ ထူးခန့်ဇော်(အမေ့သား)က ဘီဘီစီကို ‌ပြောပါတယ်။

    စစ်တပ်ဘက်က သတင်း‌‌တွေကို‌ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာ‌တော့ ''တန့်ဆည်နယ်အနောက်ခြမ်း ပန်းထိမ်ကုန်း၊ အင်ပင်အိုင်၊ ကျီးကန်ဘက်တစ်လျှောက် စစ်တပ်စစ်ကြောင်းဟာ PDF တွေကို အသေဖမ်းမိတာနဲ့ အသေသုတ်သင်ရှင်းလင်းထား'' တယ်လို့ ရေးသားနေကြပါတယ်။

    ဒေသခံတွေကတော့ အသတ်ခံရသူတွေဟာ ပီဒီအက်ဖ်တွေ မဟုတ်ဘဲ အရပ်သားတွေသာဖြစ်ပြီး PDF လို့ စွပ်စွဲပြီး အသတ်ခံရတာလို့ ဘီဘီစီကို ပြောပါတယ်။

    သတ်ဖြတ်မှုတွေ ပြုလုပ်သွားတယ်လို့ စွပ်စွဲခံရတဲ့စစ်ကြောင်းမှာ ကန့်ဘလူက စစ်ကောက်စီလက်အောက်ခံ ဒေသအခေါ် ပျူစောထီးအဖွဲ့တွေလည်း ပါဝင်တယ်လို့လည်းပြောကြပါတယ်။

    ရေဦးမြို့ပေါ်မှာ အထိုင်ချထားတဲ့ အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁ ရက်ကစပြီး ဖေဖော်ဝါရီ ၁၈ ရက်အထိ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို ညပိုင်းမှာ အလစ်ဝင် စီးနင်းတာ‌တွေ‌ကြောင့် သတ်ဖြတ်ခံရတဲ့အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးအထိရှိနေတယ်လို့ ‌မြေပြင် သတင်း‌တွေအရ သိရပါတယ်။

    လက်ရှိမှာ ပဲခင်းကြီး၊ ခရမ်းခြံရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတွေဟာ အင်တံခါး၊ ကိုး‌ထောင်ဘို့တိုက်နယ်ဘက်ကနေ တန့်ဆည်မြို့ထဲကို ဝင်နေပြီဖြစ်ပေမဲ့ နောက်ချန်အင်အားတွေ ထပ်ရှိနိုင်တာကြောင့် သတိထားသွားလာကြဖို့ ဒေသတွင်း လူမှုကွန်ရက် သတင်းစာမျက်နှာတွေမှာ တိုက်တွန်းထားတာတွေ့ ရပါတယ်။

    တဖက်မှာလည်း အဲဒီစစ်ကြောင်းကြောင့် ကျေးရွာ ၇၀ ကျော်က ဒေသခံ လေးသောင်းကျော် စစ်ဘေးရှောင်နေကြရပါတယ်။

    ကံထူးမကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ သိမ်းယူပြီးနောက်ပိုင်း အခုလို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

  3. မင်းတပ်မြို့ နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲခံရ, မပေါက်ကွဲသေးတဲ့ဗုံးတွေရှိနေ

    စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းနဲ့ မတ် ၁ ရက်နဲ့ ၂ ရက်မှာ ဆက်တိုက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁၃ ဘက်ကို မတ် ၁ ရက် ညနေပိုင်းနဲ့ ည ၇ နာရီလောက်မှာ နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး မတ် ၂ ရက် ညနေ ၄ နာရီလောက်မှာလည်း နောက်ထပ် ဗုံး ၄ လုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “နှစ်ရက်ဆက်တိုက်လာကြဲတာ၊ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ ထင်တာကတော့ ရခိုင့်တပ်တော် အေအေ အဖွဲ့တွေရှိတယ်ထင်ပြီး လာပစ်တာဖြစ်မယ်။ ကံကောင်းတာက ရွာဘေးနားက တောစပ်တွေထဲကျလို့ လူတွေမထိသွားဘူး။ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေရှိနေသေးတော့ ကလေးတွေကို အဲ့နားမသွားဖို့၊ အဲ့ဒီနေရာကို လူတွေမသွားမိအောင် အကာအရံတွေ လုပ်ထားဖို့ သတိပေးထားတယ်”လို့ မြို့နယ်အကြီးအကဲတစ်ယောက် ဘီဘီစီကို ပြောပါတယ်။

    လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်တာတွေရှိတယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကလည်း မင်းတပ်မြို့ အမှတ် ၂၇၄ ‌ခြေလျင်တပ်ရင်းကနေ လှေးကောင်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ဒေသတွင်းမီဒီယာတွေက သတင်း‌‌ဖော်ပြပါတယ်။

  4. ကောလင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းသုံးပစ်ခတ်

    စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်ဖြစ်နေချိန် ဒီနေ့ မတ် ၃ ရက် နေ့လယ်မှာ စစ်တပ်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

    ဒေသခံတွေ အပြောအရ ကျောက်တန်း၊ ငါးကြီးအိုင်၊ ရွာမရွာ၊ သဒွတ်ခုံရွာတွေကို ဆက်တိုက်မီးရှို့နေတဲ့ စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ခံသာရွာနားမှာ တိုက်ခိုက်တာကြောင့် မတ် ၂ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားတာလို့ သိရပါတယ်။

    “ပစ်ခတ်သံတွေက မနေ့က နေ့လယ်လောက်ကတည်းက ကြားနေရတာ။ သိရသလောက်တော့ အဲ့ဒီစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက ပိတ်ထားတော့ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတုန်း လေကြောင်းနဲ့လာပစ်သွားတာ။ အထိအခိုက်တော့ မကြားရသေးဘူး။ လေကြောင်းပစ်ပြီး ပစ်ခတ်သံတွေတော့ ထပ်မကြားရသေးဘူး”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    ကောလင်းမြို့နယ် အရှေ့ပိုင်း ခံသာတိုက်နယ်၊ သမန်သာကျေးရွာနားက သစ်ဖုလှဘုရားကုန်းမှာ နှစ်နှစ်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကောလင်းခရိုင် အမှတ် ၁ တပ်ရင်း၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး တိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

    အဲဒီတိုက်ပွဲတွေကြောင့် ကောလင်းမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းကိုလည်း ပိတ်ထားပါတယ်။

    ဒီလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကလေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာတာဖြစ်သလို ကျေးရွာတွေလည်း ဆက်တိုက်မီးရှို့ခံနေရတာကြောင့် ကျေးရွာ ၂၅ ရွာက ဒေသခံ ၂ သောင်းခွဲလောက် စစ်ဘေးရှောင်နေကြရပါတယ်။

  5. စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံရတဲ့မိုးမိတ်မှာ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

    ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပေမဲ့ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ဘီဘီစီကို ဒီနေ့ မွန်းလွဲပိုင်းမှာပဲ ပြောပါတယ်။

    မိုးမိတ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ပိုင်းမှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဇန်နဝါရီလကုန်ပိုင်းကတည်းက မြို့ကို ပြန်လည် ထိန်းချုပ်ထားပြီးပြီလို့ စစ်ကောင်စီက ကြေညာခဲ့တာပါ။

    အဲဒီနောက် ဖေဖော်ဝါရီလ ၂၈ ရက်မှာ မိုးမိတ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီး မိုးမိတ်နဲ့ ကပ်လျက်က မဘိမ်းမြို့ကိုလည်း စစ်အုပ်ချုပ်ရေးအမိန့်ကြေညာပါတယ်။ မဘိမ်းမြို့ကိုတော့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလကတည်းက ကြေညာထားပါတယ်။

    မိုးမိတ်မှာတော့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပြန်ဝင်ခွင့် ပေးခဲ့ပေမဲ့‌ ဒေသခံတွေကြား လုံခြုံရေး စိုးရိမ် ချက်ဆက်ရှိနေဆဲဖြစ်ပါတယ်။

    ‘‘ပြန်ဝင်လို့ပြောပေမဲ့ သူတို့(စစ်သားတွေ) ကျွန်မတို့ မြောက်ပိုင်းရပ်ကွက်ထဲမှာဆိုရင် လေးအိမ်ကျော်၊ ငါးအိမ်ခြားမှာ လူနေအိမ်တွေထဲ ဝင်နေကြတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ်ပြန်နေ ချင်ကြတာပေါ့လေ။ သူတို့က ရပ်ထဲ ရွာထဲ အဲဒီလိုနေကြလို့ ကိုယ့်လုံခြုံရေး စိုးရိမ်တာ။ အခုတော့ အားလုံးက မြို့နဲ့ လေးမိုင် ငါးမိုင်အကွာမှာ စစ်ရှောင်နေပြီး သာတဲ့အချိန်လေး အိမ်ပြန် အပျက်အစီးတွေ ပြန်ရှင်းကြ၊ မြို့ထဲကနေ ပြန်ထွက်ကြလုပ်နေကြတုန်းပဲ’’ လို့ မြောက်ပိုင်းရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။

    မိုးမိတ်မြို့မှာဘာတွေဖြစ်နေလဲ၊ မိုးမိတ်ကို စစ်ကောင်စီက ဘာကြောင့် ပြန်လည်ထိန်းချုပ်နိုင်တာပါလဲ။ ဒီကနေ ‘‘မိုးမိတ်က မြို့ပျက်ကြီးလိုဖြစ်ပြီး ရပ်ကွက်ထဲ အလောင်းတွေရှိနေသေးတယ်’’ ဝင်ရောက်ဖတ်ရှုပါ။

  6. ကနီမြို့ပေါ်မှာ တိုက်ပွဲဖြစ်, ဒေသခံ ရှစ်ထောင်ဝန်းကျင် စစ်ဘေးရှောင်နေရ

    စစ်ကိုင်းတိုင်း ကနီမြို့ထဲကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူတွေနဲ့ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကနီမြို့ပေါ် ရပ်ကွက် သုံးခုက ဒေသခံတွေသာမက နီးစပ်ရာ ကျေးရွာ ၇ ရွာလောက်က ဒေသခံ ရှစ်ထောင်ဝန်းကျင်ပါ စစ်ဘေးရှောင်နေကြရပါတယ်။

    “မနေ့ မနက်ပိုင်း ၅ နာရီလောက်ကတည်းကစပြီး တိုက်ပွဲဖြစ်တာ၊ ကာကွယ်ရေးတပ်တွေက မြို့ထဲအထိ ဝင်တိုက်တာ၊ ဆေးရုံနဲ့ ထွေအုပ်ရုံးတွေဘက်ပေါ့၊ အဲ့မှာ စစ်ကောင်စီကလည်း လေကြောင်းနဲ့ ၆ ကြိမ်လောက် လာပစ်တယ်။ အရပ်သားတွေ ထိခိုက်တာတော့ မကြားသေးဘူး။ မြို့ထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတချို့လည်း ပိတ်မိနေတယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    ကနီမြို့နယ်မှာ ကျေးရွာအုပ်စု ၄၈ ခုရှိပြီး ကနီမြို့ပေါ်က ရပ်ကွက် သုံးခုလောက်မှာသာ စစ်ကောင်စီတပ်တွေ တပ်စွဲထားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ၂ ရက်ဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲအတွင်း ကလေး၊ မုံရွာ၊ တံတားဦးဘက်က စစ်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၂ ယောက် သေဆုံးတယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကနီမြို့က အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကနီတိုက်ပွဲတွေမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းတွေကို PDF တွေ ဘက်က ဖမ်းဆီးထားတယ်လို့ ရေးသားထားတာတွေ့ရပါတယ်။

    ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်း သုံးဆယ်ခန့်ကိုလည်း ထိန်းသိမ်းထားတယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။

    “တိုက်ပွဲကြားမှာ လေကြောင်းကလည်း လာပစ်တော့ အန္တရာယ်ရှိလို့ ခေါ်ထားတာပါဗျ။ သူတို့နဲ့ဆွေးနွေးဖို့ပဲရှိပါတယ်။ အပြစ်ပေးဖို့ ၊ အန္တရာယ်ပေးဖို့ မရှိပါဘူး”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

  7. ပုဏ္ဏားကျွန်းက ခြေမြန်တပ်ရင်းကို သိမ်းနိုင်ရေး ကြိုးပမ်းနေတယ်လို့ အေအေပြော

    ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်နေချိန်မှာပဲ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျန်နေသေးတဲ့ အမှတ် ၅၅၀ခြေမြန်တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA) က ‌ပြောလာပါတယ်။

    စစ်ကောင်စီတပ်ဘက်ကလည်း ခမရ ၅၅၀ စခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ခုခံစစ်တွေနဲ့ အသည်းအသန် ခုခံကာကွယ်နေတယ်လို့ AA ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    “စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာရော၊ လေယာဉ်နဲ့ကြဲတာရော မြို့က ၈၀ ရာခိုင်နှုန်း ပျက်စီးနေပြီ။ ဒီနေ့မနက်ပိုင်းတင် လေယာဉ်နဲ့လာကြဲတာ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးတယ်။ စစ်တွေဘက်ကလည်း လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ မနေ့ကဆို စစ်ဘေးရှောင်တွေကို ကယ်ဖို့ ကြိးစားနေတုန်း လက်နက်ကြီးနဲ့ပစ်တာ ကံကောင်းလို့ လွတ်လာခဲ့တာ။ ဒီနေ့လည်း တိုက်ပွဲပြင်းတယ်”လို့ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်အစည်းအရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    စစ်ကောင်စီက‌ ဖေဖော်ဝါရီ ၂၈ ရက်မှာ လေကြောင်းတိုက်ခိုက်တာဟာ မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၉ မှာ မနက် ၆ နာရီကနေ ညနေ ၈ နာရီခွဲထိ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

    စစ်တွေနဲ့ ပုဏ္ဏားကျွန်းဘက်က စစ်ဘေးရှောင်တွေအတွက် အကူညီတွေလည်း လိုအပ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်အစည်းအရုံးကနေ သိရပါတယ်။

    AA ကတေ့ မောင်တောမြို့ မြောက်ပိုင်းက ရန်အောင်ပြင် စစ်စခန်းကိုလည်း ဆက်ပြီးထိုးစစ်ဆင်နေတယ်လို့ ‌ပြောပါတယ်။

    ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက လက်နက်မချသေးတဲ့ စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းနိုင်ရေး ဒီနေ့မှာလည်း ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ AA က ပြောထားပါတယ်။

  8. ထိုင်းလွှတ်တော်က မြန်မာ့အရေး ဆွေးနွေးပွဲ ပထမနေ့- ဘယ်သူတွေ ဘာဆွေးနွေးခဲ့ကြလဲ

    ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီက ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ပထမနေ့ကို မနေ့က ကျင်းပခဲ့ရာမှာ ထိုင်းလွှတ်တော်အမတ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာ့လူ့အခွင့်ရေးအထူးကိုယ်စားလှယ် တွန် အမ်ဒရူးတို့ တက်ရောက်သလို ပွဲကိုဦးဆောင်ကျင်းပတဲ့ လွှတ်တော်ကော်မတီဥက္ကဋ္ဌလည်း တက်ရောက်ခဲ့ပါတယ်။

    ‘‘ကျွန်တော် တို့ ဒီနေ့ ကျင်းပတဲ့ဆွေးနွေးပွဲဟာ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံး တစ်ဦးနဲ့တစ်ဦး စကားပြောဆိုနိုင်ရေး ဆောင်ကျဥ်းပေးနိုင်မယ့် ပထမဆုံးခြေလှမ်းဖြစ်တယ်’’ လို့ လွှတ်တော် ကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ Move Forward ပါတီ လွှတ်တော် အမတ်လည်းဖြစ်တဲ့ ရန်စီမန်ရုမ်းက ပြောတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

    NUG ဘက်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေမှာ မတူကွဲပြားတဲ့အမြင်တွေရှိကြတာကြောင့် အခုလို ဆွေးနွေးပွဲမျိုး ပေါ်ပေါက်လာတာဟာ ကောင်းမွန်တဲ့ပြယုဂ်ဖြစ်တဲ့အကြောင်းနဲ့ အနာဂတ်မြန်မာကို ဘယ်လိုပုံစံဖြစ်စေချင်တယ်ဆိုတဲ့အကြောင်းတွေ အဓိကထားပြောသွားတယ်လို့ ပွဲတက်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

    နောက်ပြီး ထိုင်းက လုပ်ဆောင်ဖို့ ရှိတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအစီအစဥ်ကို ပွဲကိုတက်ရောက်ခဲ့ကြသူတွေက အဓိက ထား ဆွေးနွေး သွားကြတာလည်းတွေ့ရတယ်လို့ ဒီနေ့မှာ ပါဝင်ဆွေးနွေးဖို့ရှိတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုအောင်ဘုန်းမော်က ပြောပါတယ်။

    ‘‘လက်တလောမှာလုပ်မယ့် လူသားချင်းစာနာမှု အကူအညီအရေးကို တော်လှန်ရေးအင်အားစုတွေက အဓိက ဝေဖန်သုံးသပ်သွားပါတယ်။ စစ်တပ်နဲ့ လုပ်ဆောင်နေတဲ့ မြန်မာကြက်ခြေနီအသင်းကနေ တဆင့် အကူအညီပေးမယ်ဆိုတာ လက်တွေ့မကျဘူးဆိုတာကို အဓိက ဆွေးနွေးသွားတယ်’’ လို့ သူကပြောပါတယ်။

    တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေ ကြုံနေရတဲ့ ထိုင်းရဲ့မြန်မာကို အကူအညီပေးရေး အစီအစဥ်နဲ့ပတ်သက်ပြီး ဘီဘီစီအထူးဆောင်းပါးကိုလည်း ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  9. ဆွေးနွေးပွဲ ဒုတိယရက်မှာ ထိုင်းအာဏာပိုင်တွေ တက်ရောက်တာ မတွေ့ရသေး

    ထိုင်းလွှတ်တော် အဆောက်အအုံထဲမှာ ကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဒုတိယနေ့ကို ထိုင်းအစိုးဘက်က တက်ရောက်သူ တစ်ဦးမှ မတွေ့ရဘူးလို့ ဆွေးနွေးပွဲထဲရောက်နေသူတွေက ဘီဘီစီကို ပြောပါတယ်။

    ဒီနေ့မနက်ပိုင်း ၉ နာရီခွဲမှာစတင်ကျင်းပနေတဲ့ ဆွေးနွေးပွဲ ဖိတ်ကြားစာမှာတော့ ထိုင်းနိုင်ငံခြားရေး၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ တက်ခ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ တက်ရောက်မယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

    ဆွေးနွေးပွဲတက်ရောက်နေသူတွေကတော့ ဒါဟာ မြန်မာစစ်ကောင်စီဘက်က ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကန့်ကွက်ထားတယ်ဆိုတဲ့စာကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်နေကြပါတယ်။

  10. မြန်မာ့အရေးဆွေးနွေးပွဲ ဒုတိယနေ့ကို ထိုင်းလွှတ်တော်မှာ ဆက်ကျင်းပနေ

    ''မြန်မာ့ဒီမိုကရေစီအရေးနဲ့ ထိုင်းနယ်စပ်တစ်လျှောက်က လုံခြုံရေးရိုက်ခတ်မှု'' ခေါင်းစဥ်အောက်ကနေ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းလွှတ်တော် အဆောက်အအုံထဲမှာ ဒုတိယနေ့ ဆက်ပြီး ကျင်းပနေပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ၊ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ကပ်ရပ်က တက်ခရိုင်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၊ ထိုင်းလွှတ်တော်အမတ်တွေ၊ Move Forward ပါတီ၊ ဖွေထိုင်းပါတီနဲ့ ဘွန်ဂျန်ထိုင်းပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

    မြန်မာ့ဒီမိုကရေစီအရေးအတွက် ထိုင်းနိုင်ငံ လုပ်ဆောင်နိုင်မယ့်အခြေအနေ၊ နောက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနိုင်မယ့်အကြံပြုချက်တွေ၊ လူငယ်တွေရဲ့ မြန်မာ့အနာဂတ်မျှော်မှန်းချက် ... စတဲ့ ခေါင်းစဥ်တွေကို ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။

  11. ထိုင်းလွှတ်တော်က မြန်မာ့အရေးဆွေးနွေးပွဲ စစ်ကောင်စီကန့်ကွက် - ထိုင်းသတင်းရင်းမြစ်များ

    ထိုင်းလွှတ်တော်မှာ ၂ ရက်ကြာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်စာပေးပို့လိုက်တယ်လို့ ထိုင်းသတင်းရင်းမြစ်တွေဆီကနေ ဘီဘီစီက သိရပါတယ်။

    ‘‘အာဏာသိမ်းပြီး ၃ နှစ်အကြာ’’ လို့ ခေါင်းစဥ်တပ်ထားတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို မြန်မာနဲ့ ထိုင်းက အစိုးရနဲ့ အတိုက်အခံ ထိပ်ပိုင်းဦးဆောင်သူတွေ တက်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။

    ဆွေးနွေးပွဲ စတင်တဲ့ မနေ့ မတ်လ ၂ ရက်မှာပဲ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကရော၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကပါ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်ကြောင်း စာရေးသား ပေးပို့တာကို ပေါက်ကြားလာတဲ့စာရွက်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။

    စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ‘‘ထိုင်းလွှတ်တော်မှာ အခုလို ဆွေးနွေးပွဲတွေ ကျင်းပတာဟာ မြန်မာနဲ့ ထိုင်းနိုင်ငံကြားက ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအပေါ်အနုတ်လက္ခာဆောင်တဲ့ရိုက်ခတ်မှုတွေ ဖြစ်လာစေနိုင်တာကြောင့်’’ ကန့်ကွက်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ‘‘နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေနိုင်တဲ့အခုလိုဆွေးနွေးပွဲတွေကို နောင်မှာထပ်လုပ်တာမျိုးမဖြစ်အောင်ထိုင်းအစိုးရအနေနဲ့လည်း ထိုင်းလွှတ်တော်ကို အသိပေးဖို့’’ ကိုလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်စာမှာ ရေးသားထားတာကို တွေ့ရပါတယ်။

    ပေါက်ကြားလာတဲ့ဒီကန့်ကွက်စာနဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီကနေ မှတ်ချက်တစုံတရာရဖို့ ကြိုးစားနေပါတယ်။

    ထိုင်းနိုင်ငံခြားရေးအရာရှိကြီးတစ်ဦးကတော့ စစ်ကောင်စီဘက်က ကန့်ကွက်စာမျိုး လက်ခံရရှိတာ မရှိသေးဘူးလို့ ဘီဘီစီကို ပြောပြပါတယ်။

    ဒါ့အပြင် ဒီဆွေးနွေးပွဲဟာ ထိုင်းလွှတ်တော်မှာ ပြုလုပ်တာဖြစ်တဲ့အတွက် ထိုင်းဥပဒေပြုမဏ္ဍိုင်ဘက်ကနေ သူ့လုပ်ငန်းစဥ်နဲ့သူ လုပ်ဆောင်တာဖြစ်တဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပါဝင်မှု မရှိတဲ့အကြောင်းလည်း သူက ပြောပါတယ်။

    ၂ ရက်ကြာကျင်းပဖို့ရှိတဲ့ အဲဒီဆွေးနွေးပွဲ ပထမနေ့ အစည်းအဝေးဖိတ်ကြားစာမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်မိန့်ခွန်းပြောမယ်လို့ ဖော်ပြထားပေမဲ့ မနေ့က မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

    ဆွေးနွေးပွဲကိုတော့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့်မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ထိုင်းလွှတ်တော် ကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။