ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

‘‘နိုင်ငံတကာက အသိအမှတ်ပြုတာ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး။...’’

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေချိန်မှာပဲ နိုင်ငံတကာထက် ရွေးကောက်ပွဲမှာ ပြည်သူ မဲပေးတာကို အသိအမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့သတင်းအပါအဝင် ဇန်နဝါရီလ ၂၅ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်တပ် ပြုလုပ်တဲ့ အပိုင်း ၃ ရွေးကောက်ပွဲ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၃ ခုမှာ ပြုလုပ်ဖို့ ကြေညာထားပေမဲ့ မံစီနဲ့ မိုးမောက်မြို့တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်
  • ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၁၇ မြို့နယ်အထိ ပါဝင်
  • မန္တလေးမြို့က မဲရုံတွေမှာ မဲလာထည့်သူနည်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်
  • ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုတာ မပြုတာထက် လူထု မဲပေးတာကို အသိအမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင်ပြော
  • စစ်ခေါင်းဆောင် ‌‌ရောက်နေတဲ့ မန္တလေးမြို့အပြင်က မတ္တရာ နဲ့ မင်းကွန်းကို စစ်တပ်က စစ်ကြောင်းထိုးနေ
  • ရွေးကောက်ပွဲနေ့ ဖားကန့်မြို့ပေါ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီးတွေနဲ့ ပစ်၊ စစ်တပ်က လည်း ပြန်ပစ်လို့ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် စုစုပေါင်း အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ
  • မြောက်ဦးမြို့မှာ ကလေးငယ်တွေ ဘောလုံးကစားနေရင်း မြောက်ဦးခေတ် ရှေးဟောင်း ငွေဒင်္ဂါးပြား ၁၅၀ ကျော်နဲ့ ရတနာအချို့တွေ့ရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီလ ၂၅ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ထိုင်းသံအမတ်ဟောင်း ရန်ကုန်မှာ ရွေးကောက်ပွဲ စောင့်ကြည့်

    မြန်မာနိုင်ငံမှာ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ထိုင်း ဝါရင့်သံတမန်ဟောင်းဟာ ရန်ကုန်မြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကို လေ့လာခဲ့တာ တွေ့ရပါတယ်။

    ထိုင်းသံအမတ်ဟောင်း ဖိစနု ဆုဗနာဂျာတာဟာ ဒီနေ့မှာ ရန်ကုန်မြို့၊ သာကေတမြို့နယ်ထဲက မဲရုံတွေကို ထိုင်းသံရုံးက ဝန်ထမ်းတွေနဲ့အတူ သွားရောက်လေ့လာခဲ့တာ တွေ့ရပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်မယ့်အဖွဲ့လွှတ်မယ်လို့ ပြောပြီး သီတင်းပတ်တွေအတွင်းမှာပဲ သံအမတ်ဟောင်းရဲ့ အခုလို ရွေးကောက်ပွဲ စောင့်ကြည့်မှု ထွက်ပေါ်လာတာပါ။

    သူဟာ စစ်ကောင်စီက နေပြည်တော်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးတဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကိုလည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

    အဲဒီအခမ်းအနားမှာတုန်းကတော့ မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆိုရင် ရွေးကောက်ပွဲလုပ်ရုံနဲ့ မလုံလောက်ဘူးလို့ ဆိုပြီး သူ့ဆွေးနွေးချက်ထဲ ပြောခဲ့ဖူးပါတယ်။

    ဖိစနု ဆုဗနာဂျာတာဟာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ရန်ကုန်မြို့က သံရုံးမှာ တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။

    စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲအပိုင်း ၃ ကို လေ့လာစောင့်ကြည့်မယ့် အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယား၊ နီဂါဂွာရာနဲ့ International Conference of Asian Political Parties (ICAPP) တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်နေပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းထုတ်ပြန်ထားပါတယ်။

  3. တရုတ်ဟာ အမေရိကန်အတွက် လုံခြုံရေးအရ ထိပ်တန်းဦးစားပေးမဟုတ်တော့

    တရုတ်ဟာ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အတွက် လုံခြုံရေးအရ ထိပ်တန်းဦးစားပေးမဟုတ်တော့ဘူး လို့ ပင်တဂွန်ရဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာသစ်အရ သိရပါတယ်။

    အမိမြေနဲ့ အနောက်တိုင်းတို့သာ ပင်တဂွန်ရဲ့ အဓိက ပူပန်မှုဖြစ်ပြီး အမေရိကန်အစိုးရဟာ အမေရိကန်နိုင်ငံသားတွေရဲ့ တကယ့်ထင်သာမြင်သာတဲ့ အကျိုးစီးပွားကို လျစ်လျူရှုခဲ့တာကြာပြီဖြစ်တဲ့အကြောင်း လေးနှစ်တစ်ကြိမ်ထုတ်ဝေနေတဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အမေရိကန်ရဲ့မဟာမိတ်တွေကိုလည်း အကန့်အသတ်နဲ့သာ အကူအညီပေးတော့မယ်လို့ ပင်တဂွန်ရဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။

    အရင်တကြိမ် ထုတ်ပြန်တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ ဥရောပဟာ ယဉ်ကျေးမှုအရ ပြိုလဲမှုနဲ့ ရင်ဆိုင်နေရပြီး ရုရှားဟာ အမေရိကန်အတွက် အန္တရာယ်တစ်ခုမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီစာတမ်းဟာ ရုရှားရဲ့အမြင်နဲ့လည်း လုံးဝကို ကိုက်ညီနေတယ်လို့လည်း ရုရှားက အဲဒီအချိန်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. စစ်တပ်က ထွက်ခွာခိုင်းနေပေမဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ KNA တပ် မြဝတီမြို့တွင်းမှာ ရှိနေ

    ကရင်နယ်ခြားစောင့်တပ်(BGF) ကနေ KNA လို့ ဘတ်တံဆိပ်ပြောင်းထားတဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA) တပ်ဖွဲ့တွေကို စစ်တပ်က မြဝတီမြို့ပေါ်မှာ ထွက်ခွာသွားဖို့ ညွှန်ကြားထားပေမဲ့ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်အထိ မြို့ပေါ်မှာ ရှိနေသေးတယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကျန်တဲ့သူက ကျန်တာပဲ။ တချို့တွေက ရွှေကုက္ကိုဘက်မှာ ပြန်နေတာ ရှိတယ်။ ကျန်တဲ့သူတွေက စီးပွားရေးတွေ ဆက်နွယ်နေတာ။ နားလည်မှုနဲ့ နေကြတာ။ တချို့တွေက ကိုယ်ကျိုးစီးပွားတွေ ရှိတယ်။ ဒီနေ့က ၂၅ ရက်နေ့ဆိုတော့ စောင့်ကြည့်ရမယ်” လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    ဇန်နဝါရီ တတိယအပတ်ထဲ ကျင်းပတဲ့ အစည်းအဝေးမှာ တပ်မ ၂၂ တပ်မမှူးက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ KNU/KNLA (PC) အဖွဲ့တွေရဲ့တပ်ဖြန့်တည်နေရာ၊ တပ်ဖွဲ့ဝင်တွေရဲ့အမည်စာရင်း၊ ဓာတ်ပုံတွေကို ဇန်နဝါရီ ၂၄ ရက်နောက်ဆုံးပေးဖို့ တောင်းဆိုခဲ့တာပါ။

    နောက်ပြီး KNA ဖွဲ့စည်းမှုကို စစ်ကော်မရှင်က တရားဝင်ခွင့်ပြုထားတာ မရှိတဲ့အတွက် မြဝတီမြို့ပေါ် မှာ နေထိုင်ခွင့်မပြုကြောင်း စစ်တပ်က ပြောဆိုခဲ့တယ်လို့ အဲဒီအစည်းအဝေးပွဲအကြောင်း သိသူက ပြောပါတယ်။

    မြို့စောင့်တပ်လို့ သိကြတဲ့ မြဝတီက အမှတ် ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင်လည်း DKBA၊ PC အဖွဲ့တွေ ဝိုင်းကူညီပေးဖို့နဲ့ တိုက်ခိုက်ခံလာရင် ဗုံးကြဲတိုက်ခိုက်မယ့် ပွိုင့်နေရာ ၁၈ နေရာကိုလည်း စစ်တပ်က သတ်မှတ်ထားတယ်လို့ ဘီဘီစီရဲ့ စ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    ပွိုင့် ၁၈ နေရာ ကိုတော့အတိအကျ သူက မပြောပါဘူး။

    စစ်တပ်လခစား ကရင်နယ်ခြားစောင့်တပ် (BGF) က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA) ကို ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောင်းလဲခဲ့တာပါ။

    အဲလိုပြောင်းလဲပြီး ၁၂ ရက်အကြာမှာတော့ KNA ဘတ်တံဆိပ်ပြောင်းခဲ့တဲ့ BGF တပ်နယ် ၂ နယ်မြေအတွင်းက စခန်းနှစ်ခုကို စစ်တပ်က လေကြောင်းနဲ့ အသေခံဒရုန်းတွေ သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

    လက်ရှိ မြဝတီမြို့ပေါ်မှာ ဗိုလ်မုတ်သုန် ဦးဆောင်တဲ့ BGF တပ်နယ် ၄ တပ်ဖွဲ့ ရှိနေတယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    အရင်က BGF နဲ့ စစ်တပ်က မြဝတီလုံခြုံရေးကို ဦးစီးလုပ်ဆောင်ပေမဲ့ အခုအခါမှာတော့ စစ်တပ်က DKBA နဲ့ KNU/KNLA (PC) အဖွဲ့တွေနဲ့ပဲ လုံခြုံရေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။

  5. စစ်တပ်က PDF လက်ထဲကနေ ပြန်သိမ်းလိုက်တဲ့သပိတ်ကျင်းမြို့ကို ပိတ်ဆို့ပြီး ရွေးကောက်ပွဲပြုလုပ်

    မန္တလေးတိုင်းထဲ စစ်ကော်မရှင်တပ်က ပြည်သူ့ကာကွယ်ရေးတပ်(PDF)လက်ထဲကနေ ပြန်သိမ်းပိုက်ယူလိုက်တဲ့ သပိတ်ကျင်းမြို့မှာ စစ်တပ်က မြို့အဝင်အထွက်ပိတ်ပြီး ရွေးကောက်ပွဲ ကျင်းပနေတယ်လို့ ကိုယ်စားလှယ်လောင်းတချို့က ပြောပါတယ်။

    ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲစာရင်းအရ သပိတ်ကျင်းမြို့နယ်မှာ မဲရုံ ၉၂ ရုံရှိခဲ့ပေမယ့် အခုတကြိမ်မှာတော့ တပ်မဲရုံ ၄ ရုံအပါအဝင် မဲ ၁၂ ရုံနဲ့ သာ ကျင်းပနိုင်တယ်လို့ သပိတ်ကျင်းမြို့နယ်ကို ဇန်နဝါရီ ၂၁ ရက်က ရောက်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ် ခင်သူသူဝင်းက ပြောပါတယ်။

    “သပိတ်ကျင်းမြို့ပေါ်က ကျွန်မပြန်လာတဲ့အချိန်အထိ မြို့ထဲ ဝင်လို့ မရသေးဘူး။ အခု ရွေးကောက်ပွဲ လုပ်တယ်ဆိုတာကလည်း သပိတ်ကျင်းရဲ့ ကျေးရွာအုပ်စုတွေ ထဲက တချို့ တဝက်မှာပဲ စစ်တပ် လုံခြုံရေး အပြည့်အဝ ပေးနိုင်တဲ့ နေရာမျိုးမှာပဲ ရတာလေ” လို့ ဒေါ်ခင်သူသူဝင်းက ပြောပါတယ်။

    သပိတ်ကျင်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းဖို့ကိုလည်း စစ်ကော်မရှင်ကို ကြိုတင်စာတင်ပြီးမှ သွားလို့ရခဲ့တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

    တော်လှန်းရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

    နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ သပိတ်ကျင်းမြို့နယ်က ဒေသခံတွေအများစုဟာ အခုအထိ အိမ်မပြန်နိုင်ကြသေးဘူးလို့ ပါတီကိုယ်စားလှယ်လောင်းတချို့က ပြောပါတယ်။

    သပိတ်ကျင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉,၂၀၁ ဦးရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

    “ဟိုမှာ ကျန်နေခဲ့တာတွေကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် မရွေ့မပြောင်းနိုင်တဲ့ ဝန်ထမ်း မိသားစုတွေ၊ ထွက်လို့ မရတဲ့ဝန်ထမ်းတွေပဲ ကျန်တော့တာ။ အဲဒီမှာ ရှိနေတဲ့နေရာ အနေအထားအရဆိုရင် စစ်အုပ်ချုပ်ရေးလို ဖြစ်နေပြီးတော့ အောင်အောင်မြင်မြင် လုပ်နိုင်အောင် ဒေသခံပေါ့နော်။ ... သူတို့ကတော့ ‌ရွေးကောက်ပွဲ ဖြစ်အောင် အစွမ်းကုန်ကြိုးစားထားတာ တွေ့ ရတယ်” လို့ ဒေါ်ခင်သူသူဝင်းက ပြောပါတယ်။

    ဇန်နဝါရီ ၂၇ ရက် မှာ စဉ့်ကူးနဲ့ သပိတ်ကျင်းကို စစ်ကော်မရှင်က ပြန်ဖွင့်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တရားဝင်တော့ မထုတ်ပြန်သေးပါဘူး။

  6. NUG နဲ့ ဗိုလ်နဂါးကြားက အခွန်ပဋိပက္ခ

    တော်လှန်ရေးတပ်ပေါင်းစုံ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အခွန်ဂိတ်တွေနဲ့ ပတ်သက်လို့ တော်လှန်ရေးတပ်နှစ်ခုကြား ပစ်ခတ်မှုတွေဖြစ်တဲ့အထိ တင်းမာမှုတွေရှိလာပါတယ်။

    ဒီလထဲမှာကို ပုလဲဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်တို့ကြား အခွန်ဂိတ်တွေ အပြန်အလှန်စီးနင်း၊ ဖမ်းဆီးတာတွေကြောင့် နှစ်ဖက်အခြေအနေ ပိုပြီးတင်းမာလာတာပါ။

    လက်နက်ကိုင်တပ်တွေကြား ပွတ်တိုက်ပစ်ခတ်မှုတွေဖြစ်လာတာကြောင့် ပုလဲလူထုအနေနဲ့လည်း စိုးရိမ်နေကြရတဲ့အခြေအနေလို့ ဒေသခံတချို့က ပြောပါတယ်။

    NUG လက်အောက်ခံတပ်တွေနဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ကြား အခွန်ဂိတ်စီးနင်းမှုတွေ ဘယ်လိုဖြစ်ခဲ့လဲ။ လက်နက်ကိုင်တပ်တွေကြား ပွတ်တိုက်မှုတွေ ဘာကြောင့်ဖြစ်နေတာလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. ကျောက်ဖြူမှာ စစ်တပ်ရဲ့ ဒရုန်း၊ တိုက်လေယာဉ်၊ စစ်သင်္ဘော အသုံးပြုတိုက်ခိုက်မှုတွေကြောင့် ၁ ပတ်အတွင်း လူ ၄ ဦးသေဆုံး - AA

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ပြီးခဲ့တဲ့ရက်တွေအတွင်း ဒရုန်း၊ တိုက်လေယာဉ်အသုံးပြု တိုက်ခိုက်တာအပြင် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် စစ်ရှောင် ၄ ဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်လာပါတယ်။

    ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်ထဲက မူရွင်းရွာ အထက်တန်းကျောင်းကို စစ်တပ်က ဇန်နဝါရီလ ၂၄ ရက်မှာ ဒရုန်း ၄ စင်းနဲ့ တိုက်ခိုက်ခဲ့လို့ အနီးနားကျေးရွာတွေကနေ အဲဒီမှာ စစ်ရှောင်နေကြတဲ့သူ ၂ ဦးသေဆုံးပြီး ၉ လအရွယ်ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရတယ်လို့ အေအေက ပြောပါတယ်။

    စစ်တပ်ဟာ အခုတိုက်ခိုက်မှုကို မနေ့ မွန်းလွဲ ၁ နာရီခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာလည်း ကျေးရွာထဲကို ဒရုန်း ၂ စင်းအပြင် တိုက်လေယာဉ်နဲ့လည်း ဗုံးကြဲခဲ့တယ်လို့ အေအေက ဒီနေ့မှာ သတင်းထုတ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်ထဲက မူရွင်း၊ ကုန်ဘွေနဲ့ ကျောက်ကလေကျေးရွာတွေကို ဒရုန်းနဲ့ တိုက်လေယာဉ်အပြင် ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ ရေတပ်သင်္ဘောကနေ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ အေအေက သူ့ရဲ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    အဲဒီပစ်ခတ်မှုတွေအတွင်း ပြည်သူ ၂ ဦး သေဆုံးပြီး နောက်ထပ် ၄ ဦး ဒဏ်ရာရသလို နေအိမ်အချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကော်မရှင်ကတော့ အေအေပြောတဲ့ ကျောက်ဖြူမြို့နယ်ထဲက အခုတိုက်ခိုက်မှုတွေအပြင် မြို့နယ်အတွင်း တိုက်ပွဲအခြေအနေတွေကိုလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  8. အင်တာဗျူး - မြန်မာ၊ တီမောနဲ့ စစ်တပ်ကို တရားစွဲနိုင်ဖို့ တိုင်တန်းတဲ့ CHRO

    မြန်မာနိုင်ငံထဲ ပေါ်ပေါက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ အသက်ရှင် ကျန်ရစ်သူတွေဟာ မြန်မာ စစ်အာဏာပိုင်တွေ အပေါ် ရာဇဝတ်မှု ဆိုင်ရာ တိုင်တမ်းချက်တွေကို တီမော-လက်စတေ အစိုးရ တရားစွဲ ရှေ့နေရုံးဆီ အခု ဇန်နဝါရီ လလယ်မှာ တင်သွင်းခဲ့ပါတယ်။

    ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ကမကထ လုပ်ဆောင်တာဖြစ်ပြီး ခရစ္စဂန်းနက်စ် ဦးဆောင်နေတဲ့ MAP အဖွဲ့ ကလည်း ဒီ အမှုကိစ္စ တိုင်ကြားနိုင်ရေးမှာ အားပေး ကူညီပါတယ်။

    တိုင်တမ်းချက် တင်သွင်းပြီး နောက်တစ်ရက်မှာပဲ CHRO နဲ့ MAP အဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှေ့နေတွေဟာ တီမော-လက်စတေ သမ္မတနဲ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    အခုလို လက်ခံတွေ့ဆုံတာဟာ တီမော-လက်စတေ ဘက်က အာဆီယံ ပဋိညာဥ်ကို ချိုးဖောက်ပြီး ပြည်တွင်းရေးကို ဝင်ပြီး စွက်ဖက်တာလို့ မြန်မာ စစ်ကော်မရှင်က စွပ်စွဲ ပြစ်တင်ပါတယ်။

    အမှုကိစ္စ တည်ဆောက်နိုင်ဖို့ တီမော- လက်စတေ နိုင်ငံကို ဘာလို့ ရွေးရတာလဲ၊ တီမော-လက်စတေ သမ္မတနဲ့ အာဏာပိုင်တွေ အနေနဲ့ မြန်မာ့အရေး ဘယ်လို သဘောထား ရှိနေလဲ၊ တာဝန်ခံမှု ရှိစေရေးနဲ့ တရားမျှတမှု ရှာဖွေရေးတွေ တကယ်တမ်း အထမြောက်လာဖွယ် ရှိလား ... စတာတွေကို တီမော-လက်စတေ ခရီးစဥ်မှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ မြန်မာ့အရေး တာဝန်ခံမှု ရှိစေရေး MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ခရစ္စဂန်းနက်စ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုးက ဆက်သွယ် မေးမြန်းထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  9. ရှမ်းတောင်၊ ညောင်ရွှေက ရွေးကောက်ပွဲ အပိုင်း ၃ အခြေအနေ

    ဂျွန်နသန် ဟတ်

    အရှေ့တောင်အာရှဆိုင်ရာသတင်းထောက်

    မြန်မာ့ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့မှာတော့ ရွေးကောက်ပွဲနေ့ဟာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ရှိနေတဲ့အကြောင်း အဲဒီကို ရောက်နေတဲ့ ဘီဘီစီ အရှေ့တောင်အာရှဆိုင်ရာသတင်းထောက် ဂျွန်နသန် ဟတ်က သတင်းပေးပို့ပါတယ်။

    ရွေးကောက်ပွဲတွေမှာ မြင်ရလေ့ရှိတဲ့ မဲဆွယ်ပိုစတာမရှိ၊ မဲဆွယ်သီချင်းမရှိဘဲ ညောင်ရွှေမှာ တိုးတိုးတိတ်တိတ်ဖြစ်နေပါတယ်။

    တိုက်ပွဲနဲ့ ပဋိပက္ခကြားမှာ အကြောက်တရားကြောင့် လူတွေ မဲလာထည့်ရင်တော့ မဲပေးသူ များနိုင်တယ်လို့ သူက ပြောပါတယ်။

    အရှေ့၊ တောင်နဲ့ မြောက်ဆိုပြီး သုံးပိုင်းခွဲခေါ်ကြရတဲ့ နယ်မြေကျယ်ပြောတဲ့ ရှမ်းပြည်နယ်ထဲမှာ တောင်ပိုင်းဟာ စစ်တပ်က နေရာစုံမှာ စိုးမိုးထားနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။

    စစ်တပ်နဲ့ ရဲ ထောက်လှမ်းရေးတွေက နေရာတိုင်းမှာ နောက်ယောင်ခံလိုက်ကြည့်နေပြီး မဲဆွယ်ပွဲ နောက်ဆုံးနေ့တုန်းကဆိုရင် ပါတီတစ်ခုရဲ့လူထုတွေ့ဆုံပွဲထဲကို သတင်းယူဖို့ ကြိုးစားခဲ့ပေမဲ့ စစ်တပ်က ခွင့်မပြုခဲ့ပါဘူး။

    ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်သူကမှ သူတို့ရဲ့အမြင်ကို ရဲရဲဝင့်ဝင့် ပြောနိုင်ဖို့ရာ မစွမ်းသာကြပါဘူး။ ဒါကြောင့် မဲပေးရုံကလွဲပြီး ရွေးချယ်စရာမရှိနိုင်ဘူးဆိုတဲ့အခြေအနေပါ။

    လူသိများတဲ့ တခြားပါတီတွေ အခုရွေးကောက်ပွဲမှာ မပါဝင်တာကြောင့် ညောင်ရွှေမှာလည်း စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီကပဲ မဲနိုင်မယ့်အခြေအနေဖြစ်ပါတယ်။

    ကျွန်တော်တို့ စကားပြောကြည့်ခဲ့တဲ့လူအများစုကတော့ ဒီရွေးကောက်ပွဲကနေ အပြောင်းအလဲ ဖြစ်လာဖို့ရာ လမ်းမမြင်ဘူးလို့ ဆိုကြပါတယ်။

  10. ရာထူးအမြင့်ဆုံး တရုတ်စစ်ဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးခံနေရ

    တရုတ်နိုင်ငံရဲ့ ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးကို စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေ ဆိုးဆိုးဝါးဝါး ဖောက်ဖျက်ခဲ့မှုနဲ့ စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

    ဗိုလ်ချုပ်ကြီး ဂျန် ယူရှားအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ဖော် မပြောခဲ့ပါဘူး။ သူဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ အရင်းနှီးဆုံး စစ်ဘက်ဆိုင်ရာ မိတ်ဆွေအဖြစ် အများက ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို မလျော်မကန် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဟာ အဂတိလိုက်စားသူမှု ကျူးလွန်သူတွေအပေါ် သုံးစွဲလေ့ရှိတဲ့ စွဲချက်မျိုး ဖြစ်ပါတယ်။

    နောက်ထိပ်တန်း စစ်အရာရှိကြီးတစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လီယူ ဂျန်လီ ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

    ဆယ်စုနှစ်ပေါင်းများစွာအတွင်း စစ်တပ်တွင်းမှာ လူသိရှင်ကြား ရာထူးထုတ်ပယ်မှု အများဆုံးအဖြစ် အောက်တိုဘာလတုန်းက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကိုးဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့အပြီးမှာပဲ သူတို့နှစ်ဦး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီးဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  11. မြောက်ဦးမြို့မှာ မြောက်ဦးခေတ် ဒင်္ဂါးပြား ၁၅၀ ကျော်နဲ့ ရတနာအချို့တွေ့ရှိ

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ရှေးဟောင်းရတနာပစ္စည်းတချို့နဲ့ ငွေဒင်္ဂါး ၁၅၀ကျော် တူးဖော်တွေ့ရှိခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာန Arakan Bay News က ရေးသားဖော်ပြပါတယ်။

    အဲဒီပစ္စည်းတွေကို ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၅ နာရီမှာ ကလေးငယ်တွေ ဘောလုံးကစားနေရင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

    အချင်း ၁ လက်မအရွယ်ရှိတဲ့ ကျောက်စိမ်း ၁ တုံး၊ ‌ရွှေပုရပိုက် ၁ ခု၊ ရွှေလက်စွပ် ၃ ကွင်း၊ ‌ရွှေအပိုင်းအစတွေ၊ ရခိုင်ဘုရင်တွေဖြစ်တဲ့ စန္ဒသုဓမ္မရာဇာနဲ့ နရပတိကြီး နာမည်ပါတဲ့ ငွေဒင်္ဂါး ၁၅၀ ကျော် တွေ့ရှိခဲ့တာပါ။

    ဒီငွေဒင်္ဂါးပြားတွေဟာ တတိယ မြောက်ဦးခေတ် ရခိုင်သက္ကရာဇ် (၁၀၃၄) ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ လက်ထက် နဲ့ သက္ကရာဇ် (၁၀၀၀) က ဆင်ဖြူနဲ့ ဆင်နီသခင် နရပတိကြီးလက်ထက်က သုံးစွဲခဲ့တဲ့ ငွေသားအစစ် ဒင်္ဂါးပြားတွေဖြစ်တယ်လို ရခိုင်သတင်းဌာနတွေက ဖော်ပြနေပါတယ်။

    ဒီရှေးဟောင်းရတနာပစ္စည်းတွေ တွေ့ရှိခဲ့တဲ့ နေရာကို အာရက္ခတပ်တော် (AA) ရဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) ကလုံခြုံရေး ယူထားတယ်လို့လည်း ဆိုပါတယ်။

    မြောက်ဦးမှာ သမိုင်းအထောက်အထားတွေအရ ရခိုင်ဘုရင် နရပတိကြီး လက်ထက်က ယတြာခေါင်းလောင်းကြီးလို့ဆိုတဲ့ ခေါင်းလောင်းကြီးတစ်လုံးကို ပြီးခဲ့တဲ့လအတွင်း ပြန်လည်ရှာတွေ့ထားပါတယ်။

    - မြောက်ဦး၊ ဝေသာလီနဲ့ လေးမြို့ခေတ်က ရခိုင်မြို့ဟောင်းများအကြောင်းကိုလည်း ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  12. ရွေးကောက်ပွဲ အပိုင်း ၃ နေ့ ဖားကန့်မြို့အခြေအနေ - ‘‘လက်နက်ကြီးသံ မပြတ်ကြားနေရတယ်’’

    ကချင်ပြည်နယ်ထဲ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)တို့ တိုက်ပွဲ ပြင်းထန်နေတဲ့အကြောင်း မြို့ခံတစ်ဦးကလည်း ထပ်မံ ပြောပြလာပါတယ်။

    ဖားကန့်မြို့ ရဲစခန်းဘက်မှာ လက်နက်ကြီးသံတွေ မပြတ်ကြားနေရတာ ဒီနေ့ မနက်ပိုင်းကတည်းကလို့ သူက ပြောပါတယ်။

    ''လက်နက်ကြီးသံက ဒီနေ့ non-stop(မပြတ်) ကြားနေရတယ်။ အားလုံးက စိုးရိမ် ထိတ်လန့်နေကြလို့ ဘုရားကျောင်းတောင် မတက်ကြဘူး'' လို့ သူက ပြောပါတယ်။

    ဒီနေ့ ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုကတည်းက စစ်တပ်ဟာ ဖားကန့်မြို့အဝင်အထွက်တွေကို ပိတ်ဆို့ တင်းကျပ်ထားတယ်လို့ မြို့ခံနောက်တစ်ဦးက အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။

  13. ရွေးကောက်ပွဲပြုလုပ်နေတဲ့ ဖားကန့်မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်

    ရွေးကောက်ပွဲအပိုင်း ၃ ကျင်းပနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မဲရုံအနီးတဝိုက်နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုကတော့ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အနေအထားပေါ့။ စစ်တပ်ဘက်ကလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာအုပ်စုဘက်ကို ဗျူဟာကုန်းဘက်က ၁၂၀ မမ(လက်နက်ကြီး)တွေနဲ့ လှမ်းပစ်တာတွေ ရှိတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဖားကန့်ဗျူဟာကုန်းနဲ့ မဲရုံအနီးတဝိုက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ဖားကန့်မြို့ပေါ်မှာ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရထားပြီး ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေ ထိန်းချုပ်တဲ့ ဆိပ်မူကျေးရွာအုပ်စုမှာတော့ စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သူက ပြောပါတယ်။

    စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပနိုင်ရေး ကြိုပြင်တဲ့အနေနဲ့ ဖားကန့်မြို့အဝင်အထွက်တွေကို ဇန်နဝါရီ ၂၃ ရက်ညကစလို့ ဒီနေ့ အထိ ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဖားကန့်မြို့ရဲ့ အဝင်၊ အထွက် နေရာတွေဖြစ်တဲ့ ပန်းတင်တံတား၊ အေးမြသာယာရပ်ကွက် ကနေ ဆိပ်မူကျေးရွာအုပ်စုဘက်ကို ပတ်ပြီးသွားလို့ရတဲ့ ဆန်းကြွယ်လမ်း၊ မြို့မရပ်ကွက်နဲ့ မရှီကထောင် ရပ်ကွက်ကို ချိတ်ထားတဲ့ သံဘောင်တံတား စတဲ့ နေရာတွေကို အသွားအလာပိတ်ထားလိုက်တယ်လို့ ဖားကန့်မြို့ခံက ပြောပါတယ်။

    ဖားကန့်မြို့ပေါ် ရွေးကောက်ပွဲကျင်းပနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက “မြို့ပေါ်ရပ်ကွက် ၅ ခုမှာ၊ မရှီကထောင်ရပ်ကွက်ကလွဲရင် ကျန်တဲ့ ရပ်ကွက် ၄ ခုမှာ အကုန်လုံးပိတ်ချပြီးတော့ စာသင်ကျောင်းတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ မဲရုံတွေ ပြင်ဆင်ထားတာ”လို့ ပြောပါတယ်။

    ဖားကန့်မြို့နယ်မှာ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် မြို့ပေါ်မှာ အသွားအလာ မရှိတော့ဘဲ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ကချင်ပြည်နယ်ထဲက ဖားကန့်၊ မံစီ၊ ရွှေကူနဲ့ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပေမဲ့ မံစီနဲ့ မိုးမောက်မြို့တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။

    ဖားကန့်နဲ့ ရွှေကူမြို့နယ်တွေမှာပဲ ရွေးကောက်ပွဲ အပိုင်း ၃ လုပ်နိုင်ပြီး ဖားကန့်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါယတ်။

  14. ဓာတ်ပုံစုစည်းချက် - ရွေးကောက်ပွဲ အပိုင်း ၃ နေ့ ရန်ကုန်နဲ့ မန္တလေးက မြင်ကွင်းများ

    ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မြင်ကွင်းတွေဖြစ်ပါတယ်။

    ရန်ကုန်မှာတော့ အရင်အစိုးရလက်ထက်တွေမှာ တာဝန်ယူခဲ့တဲ့ ဝန်ကြီးဟောင်းအချို့နဲ့ သူတို့နဲ့နီးစပ်သူတွေက ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်နေကြပါတယ်။

    ၈၈ ကျောင်းသားခေါင်းဆောင်အများစုနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီက ဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် လမ်းမတော်မြို့နယ်ကနေ ဝင်ပြိုင်နေပါတယ်။

    မန္တလေးမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲရုံတွေက မဲပေးတဲ့အခြေအနေကို ဒီနေ့ မနက်ပိုင်းမှာပဲ လုံခြုံရေးအပြည့်နဲ့ လိုက်ကြည့်နေပါတယ်။

    ဒီနေ့ ရန်ကုန်နဲ့ မန္တလေးက ရွေးကောက်ပွဲ မြင်ကွင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

  15. သမ္မတ ဘယ်သူဖြစ်မလဲ

    စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း ၃ ကို ဒီနေ့ ရောက်ရှိပြီဖြစ်ပါတယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေအတွက် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ အပိုင်း ၁၊ ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း ၂ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျင်းပတာက အပိုင်း ၃ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့အပိုင်း ၁ နဲ့ ၂ ရွေးကောက်ပွဲတွေမှာတော့ စစ်တပ်က ကိုယ်စားလှယ်လောင်းတွေ စေလွှတ်ခဲ့သလို စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) က အမတ်နေရာအများစုကို အနိုင်ရရှိထားပါတယ်။

    စစ်ကော်မရှင် ပြောခွင့်ရသူကတော့ ရွေးကောက်ပွဲအလွန် မတ်လမှာ လွှတ်တော်အသစ် ခေါ်ယူပြီး ဧပြီလမှာ အစိုးရအသစ်ဖွဲ့ဖို့ရှိတဲ့အကြောင်း အချိန်ကာလအပိုင်းအခြားကို အစောပိုင်းမှာပြောထားပါတယ်။

    အခုတစ်ကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာတွေမှာ အနိုင်ရရှိလာတဲ့ အမတ်တွေ တက်ရောက်မယ့် ပြည်ထောင်စုလွှတ်တော်ဟာ သမ္မတ ရွေးပြီး အစိုးရဖွဲ့ဖို့ အဓိက ဆုံးဖြတ်ပေးရမယ့်နေရာပါ။

    သမ္မတ ရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်ကိုယ်စားလှယ်အစုအဖွဲ့ သုံးခုကနေ ဒုတိယ သမ္မတ တစ်ဦးစီ ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်း တင်သွင်းရပါမယ်။ အဲဒီသုံးဦးထဲက မဲအများဆုံးရသူက သမ္မတ ဖြစ်လာပါမယ်။

    အခုကျင်းပနေတဲ့ ရွေးကောက်ပွဲရလဒ်တွေအရပေါ်ပေါက်လာမယ့်လွှတ်တော်ကနေ သမ္မတ ဘယ်သူဖြစ်လာမလဲ။ ရှင်းပြချက်ရုပ်သံ အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

  16. မန္တလေးမြို့အပြင်က မတ္တရာနဲ့ မင်းကွန်းဒေသကို စစ်တပ် စစ်ကြောင်းထိုးနေ

    မန္တလေးတိုင်း၊ မန္တလေးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်နေချိန်မှာပဲ မြို့အပြင် မတ္တရာမြို့နယ်ထဲနဲ့ မြို့တစ်ဖက်ကမ်းက မင်းကွန်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်ကို ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်တွေလက်ထဲကနေ စစ်တပ်က ၂၀၂၅ ခုနှစ် နှစ်ကုန်းပိုင်းမှာ ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    မန္တလေးမြို့တစ်ဖက်ကမ်းက စစ်ကိုင်းတိုင်း၊ မင်းကွန်းရွာမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

    “မတ္တရာဘက်မှာလည်း ရွာတွေ မီးလောင်နေတယ်။ မီးခိုးတွေ တက်လာတာ အများကြီးပဲ။ မန္တလေး ပတ် ချာလည် အကုန် မီးခိုးတွေ ချည်းပဲ။ စစ်ကြောင်းထိုးပြီး မီးလိုက်ရှို့နေတဲ့ပုံစံမျိုး။ မင်းကွန်းဘက်ခြမ်းမှာလည်း ဖြစ်နေတယ်။ မနေ့က ညနေ ၄ နာရီခွဲလောက်မှာ မီးခိုးတွေ မြင်နေရတုန်းပဲ။ အဲဒါကို ကြည့်နေရင်းနဲ့ ခဏနေတော့ စစ်တပ် ဟတ်စကီး (ရဟတ်ယာဉ်) ၂ စီး ဆင်းလာတယ်။ လူကြီးလာတာ ဖြစ်မယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ဒီနေ့ မနက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

    ဒီနေ့မှာ မန္တလေးမြို့၊ ချမ်းမြေ့သာစည်မြို့နယ်ထဲက မဲရုံတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

    ရွေးကောက်ပွဲ ပထမပိုင်း စတင်ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းတုန်းကဆိုလည်း မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

    အဲဒီနောက် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့ ဇန်နဝါရီလ ၁၁ ရက်မှာတော့ တိုင်းစစ်ကော်မရှင်က မဲရုံတွေမှာ တပ်နဲ့ ရဲ လုံခြုံရေး ဖြန့်ကြက်ပြီး ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

    ‌ရွေးကောက်ပွဲအပိုင်း ၃ မှာ မန္တလေးတိုင်းထဲက ချမ်း‌မြေ့သာစည်၊ မြစ်သား၊ မလှိုင်၊ ပုသိမ်ကြီးအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ သပိတ်ကျင်း၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန် မြို့နယ်စုစုပေါင်း ၈ ခု ပါဝင်နေပါတယ်။

  17. ‘‘နိုင်ငံတကာက အသိအမှတ်ပြုတာ၊ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး။ ပြည်သူက မဲပေးတာ ကျွန်တော် အသိအမှတ်ပြုတယ်’’

    စစ်တပ် ကျင်းပတဲ့ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုတာ မပြုတာထက် လူထု မဲပေးတာကို အသိအမှတ်ပြုတယ်လို့ဆိုပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။

    ဒီနေ့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ မန္တလေးမြို့က မဲရုံတွေကို သွားကြည့်ချိန် သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    အခုကျင်းပနေတဲ့ရွေးကောက်ပွဲကို ကုလသမဂ္ဂကျွမ်းကျင်သူတွေအပါအဝင် နိုင်ငံတကာက ဝေဖန်နေတဲ့အပေါ် သတင်းထောက်တွေက မေးခွန်းမေးမြန်းချိန် သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ တို့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်နေရာတွေအတွက် မဲအများစုနိုင်ခဲ့တာဟာလည်း တပ်နဲ့နီးစပ်တဲ့ပါတီဆိုတာထက် ''လူထုက မဲပေးချင်တဲ့သူကို မဲထည့်ခဲ့တာကြောင့်'' လို့ဆိုပြီး သူက ခုခံပြောဆိုသွားပါတယ်။

    စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ အပိုင်း ၁ မှာ နေပြည်တော်မှာ မဲထည့်ပြီး မဲရုံတွေကို လိုက်ကြည့်ခဲ့သလို အပိုင်း ၂ မှာတော့ ရန်ကုန်မြို့ လှိုင်မြို့နယ်ထဲက တက္ကသိုလ်ဝန်းထဲမှာရှိတဲ့ မဲရုံကို သွားကြည့်ခဲ့ပါတယ်။

  18. ရွေးကောက်ပွဲအပိုင်း ၃ မှာ ဘယ်သူတွေ ပြိုင်နေလဲ

    အပိုင်း ၃ မှာ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က သမ္မတ ရုံးဝန်ကြီး ဦးထွန်းအုံက တာမွေမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။

    လက်ရှိ စစ်ကော်မရှင်ရဲ့အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုးက လှိုင်သာယာ (အနောက်ပိုင်း)မှာ ဝင်ပြိုင်မှာပါ။

    အရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးနန္ဒကျော်စွာက ဒဂုံမြို့နယ်ကနေ ပြိုင်မှာဖြစ်ပြီး သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းရဲ့သား ဦးအေးချမ်းက လှိုင်သာယာ(အရှေ့ပိုင်း) ကနေ ပြိုင်ပါတယ်။

    သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က သူ့ရဲ့ဇာတိ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ကနေ တစ်သီးပုဂ္ဂလ အမတ်လောင်းအဖြစ် ဝင်ပြိုင်နေပါတယ်။ သူဟာ ရွေးကောက်ပွဲ အပိုင်း ၁ တုန်းက ကြိုတင်မဲနဲ့ပတ်သက်တဲ့အားနည်းချက်တွေကို ကော်မရှင်ကို ပေးပို့ခဲ့သူ ဖြစ်ပါတယ်။

    ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ လမ်းမတော်မြို့နယ်ကနေ ဝင်ပြိုင်ပြီး စစ်တပ်ကို ထောက်ခံတဲ့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

    လူငယ်တွေကြား လိင်ပညာပေးဗီဒီယိုတွေကြောင့် လူသိများခဲ့တဲ့ ဗီဗီချမ်း ခေါ် ဒေါ်နန်းစုသဇင်အောင်ကတော့ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)မှာ ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီကနေ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ပြိုင်နေပါတယ်။

  19. မန္တလေးက မဲရုံတွေမှာ မဲလာထည့်သူနည်း

    ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနေတဲ့ မန္တလေးမြို့က မဲရုံတွေမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁၊ အပိုင်း ၂ နဲ့ ထက် မဲလာပေးသူသိသိသာသာ နည်းပါးနေတာ မြင်တွေ့ရပါတယ်။

    မဲရုံစဖွင့်ကတည်းက မဲလာပေးဖို့ ဆက်တိုက်ဆိုသလို ဆော်ဩမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

    ရွေးကောက်ပွဲ အပိုင်း ၃ မှာ မန္တလေးတိုင်းက မဲပေးပိုင်ခွင့် ရှိသူပေါင်း (၆)သိန်းကျော်ရှိတယ်လို့ တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

    နိုင်ငံရေးပါတီပေါင်း ၉ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်လောင်း ၅၄၀ ရှိပါတယ်။

    ‌ရွေးကောက်ပွဲအပိုင်း (၃) မှာ မန္တလေးတိုင်းထဲက ချမ်း‌မြေ့သာစည်၊ မြစ်သား၊ မလှိုင်၊ ပုသိမ်ကြီးနဲ့ ဒေသကာကွယ်ရေးတွေ အားကောင်းတဲ့ သပိတ်ကျင်း၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ မြို့နယ်ပေါင်း ၈ခု ပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ ပထမပိုင်းမှာ မန္တလေးတိုင်းအတွင်း ရှစ်မြို့နယ်မှာ မဲပေးမှုပေါင်း ၆၂ % ကျော်ရှိခဲ့ပါတယ်။

    ဇန်နဝါရီ ၁၁ ရက် ဒုတိယပိုင်းမှာ မဲလာရောက်ပေးသူ ၆၄ % ကျော်ရှိတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲကနေ ပြောပါတယ်။

  20. လမ်းမတော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာဝင်ပြိုင်တဲ့ ဦးကိုကိုကြီး မဲပေး

    ဒီကနေ့ ကျင်းပတဲ့ရွေးကောက်ပွဲအပိုင်း ၃ မှာ ရန်ကုန်က လမ်းမတော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကနေ ဝင်ပြိုင်တဲ့ ဦးကိုကိုကြီးဟာ လမ်းမတော် မြို့နယ်၊ ၂ ရပ်ကွက်၊ ဝါးတန်းလမ်းအပေါ်ဘလောက်က မဲရုံအမှတ် ၂ မှာ မဲပေးခဲ့ပြီးဖြစ်ပါတယ်။

    ဦးကိုကိုကြီးရဲ့ဇနီး ဖြစ်သူ ဒေါ်ခင်သူသူဝင်းလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်နေပါတယ်။

    သပိတ်ကျင်းဟာလည်း ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်ပါတယ်။

    ဦးကိုကိုကြီးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး တစ်နေရာမှ မနိုင်ခဲ့ပါဘူး။

    လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲမှာတော့ ပြည်သူ့ပါတီက တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်နေရာနိုင်ထားပြီး အချိုးကျကိုယ်စားပြုစနစ်အရတော့ အမျိုးသားလွှတ်တော်မှာ နေရာတချို့ရရှိထားပါတယ်။