မတ်လ ၁၂ ရက်အတွက် ဘီဘီစီမြန်မာပိုင်းရဲ့ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့သတင်းတွေကို ဖတ်ရှုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး
စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်ရာနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံကြတဲ့သတင်းအပါအဝင် ကရင်နဲ့ ကချင်မှာ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းနဲ့အတူ မတ်လ ၁၂ ရက် နိုင်ငံတဝန်းက စစ်ရေးနဲ့နိုင်ငံရေးသတင်းတွေအပြင် ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ရခိုင်၊ မောင်တောက စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၉ ဦး နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးခိုလှုံ
- ဖားကန့်မြို့နယ်ထဲက မနမှော် ကျောက်စိမ်းလုပ်ကွက်ထဲမှာနွံကန်ပြိုကျမှုကြောင့် ကျောက်တူးဖော်နေသူ ၂၀ ကျော် ပျောက်ဆုံးနေ
- မြစ်ကြီးနား - ဗန်းမော်ကားလမ်းတစ်လျှောက် KIA/PDFပူးပေါင်းတပ်တွေ ရဲ့ ထိုးစစ် ၅ ရက်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၂၀ ကျော်ကိုသိမ်းပိုက်ထား
- ဖားဆောင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ဗျူဟာကုန်းတို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းထား
- ၃ လနီးပါးကြာ တိုက်ခိုက်ခဲ့ရတဲ့ ရမ်းဗြဲမြို့ကို သိမ်းပိုက်နိုင်ပြီလို့ ရက္ခိုင့်တပ်တော်(အေအေ)က ထုတ်ပြန်ပြောဆိုလာပါတယ်
- ဖလူးစခန်းကို ပူးပေါင်းတပ်တွေ သိမ်း၊ ပြည်သူ့စစ်အချို့ကို ဖမ်းမိ
- တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ် ၂ ခုကို ကိုးကန့်တပ်ဖွင့်ထား
- ကိုးကန့်တပ် (MNDAA) ၃၅ နှစ်ပြည့် အခမ်းအနားကျင်းပ
- ဘော်လခဲနဲ့ ဖားဆောင်းက ရဲ ၅ ဦး လက်နက်တွေနဲ့ CDM လုပ်လာ
- ဖားကန့်၊ နွံကန်ပြိုကျမှုထဲက ၄ ဦးလွတ်မြောက်
တိုက်ရိုက် ထုတ်လွှင့်ချက်
ရွှေကုက္ကိုမှာ အွန်လိုင်းငွေလိမ်မှု ဘယ်လိုလည်ပတ်လဲ
ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရွှေကုက္ကိုဒေသဟာ ရှမ်းမြောက်ပြီးရင် မြန်မာမှာ အွန်လိုင်းငွေလိမ်မှု အမြစ်အတွယ်ဆုံးအရပ်လို့ မှတ်ယူခံရပါတယ်။
ရွှေကုက္ကိုက အွန်လိုင်းငွေလိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးကို မြန်မာနဲ့ ထိုင်းစစ်တပ်ခေါင်းဆောင်ပိုင်းတွေပြီးခဲ့တဲ့လတွေအတွင်း အကြိမ်ကြိမ်ဆွေးနွေးထားကြပါတယ်။
ရွှေကုက္ကိုကို ထိန်းချုပ်ထားပြီး အခုတော့ မြန်မာစစ်တပ်လက်အောက်ကနေခွဲထွက်ပြီလို့ ကြေညာထားတဲ့ နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး စောချစ်သူကတော့ သူ့နယ်မြေမှာ ဒီလိုလိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်နေပြီး အွန်လိုင်းငွေလိမ်လည်မှု ကျူးလွန်သူတွေကို တွေ့ရှိရင်လည်း သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းတာတွေလုပ်တယ်လို့ ဘီဘီစီကို တုံ့ပြန်ပြောဆိုထားပါတယ်။
ဒါပေမဲ့ သတင်းတွေအရ ရွှေကုက္ကိုမှာ ကျားဖြန့်လုပ်ငန်းတွေ ရှိနေဆဲလို့ နားလည်ရပါတယ်။
ရွှေကုက္ကိုလ်ကနေ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို ဘယ်လိုလုပ်ဆောင်ကြပါသလဲ။ ရွှေကုက္ကိုက CDM တပ်ကြပ် ကျားဖြန့်အလုပ်သမား အကြောင်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဖားကန့်၊ နွံကန်ပြိုကျမှုထဲက ၄ ဦးလွတ်မြောက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက မနမှော် ကျောက်စိမ်းလုပ်ကွက်ထဲက နွံကန်ပြိုကျတဲ့အချိန်မှာပဲ လွတ်မြောက်လာတဲ့သူ ၄ ဦးရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်း နွံကန်ပြိုကျမှုဖြစ်ခဲ့တာကြောင့် ကျောက်တူးဖော်နေသူ ၂၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်နေပေမဲ့ နွံကန်ဖြစ်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ ရှာဖွေမှုတွေရပ်တန့်လိုက်ပြီလို့ သိရပါတယ်။
“ရေကန်မဟုတ်ဘဲ နွံဆိုတော့ ဆင်းလို့မရဘူး။ အလောင်းရှာဖို့လည်း မလွယ်ဘူး။ ကယ်လို့မရနိုင်ဘူးမို့ အကုန်နောက်ဆုတ်လိုက်ပြီ” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လွတ်မြောက်လာတဲ့ ၄ ဦးစလုံးက အမျိုးသားတွေဖြစ်ပြီး အဲဒီထဲမှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးလည်းပါဝင်ပါတယ်။
အဲဒီထဲက ယာဉ်မောင်းတစ်ဦးကတော့ နွံကန်ပြိုကျတဲ့ဖြစ်ရပ်ကြောင့် လက်ရှိအချိန်အထိ အထိတ်တလန့်ဖြစ်နေပြီး စကားပြောဆိုမေးမြန်းတာတွေ မလုပ်နိုင်သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အပြောအရသိရပါတယ်။
ပျောက်ဆုံးနေသူတွေထဲက တစ်ဦးရဲ့အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းမှာပဲ ပြန်ရှာတွေ့ထားတယ်လို့ သိရပါတယ်။
ဘော်လခဲနဲ့ ဖားဆောင်းက ရဲ ၅ ဦး လက်နက်တွေနဲ့ CDM လုပ်လာ
ကယား(ကရင်နီ)ပြည်နယ်၊ ဘော်လခဲမြို့နဲ့ ဖားဆောင်းမြို့က တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ရဲ ၅ ဦး လက်နက်တွေနဲ့အတူ CDM လုပ်လာတယ်လို့ ဘော်လခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လာပါတယ်။
CDM လုပ်လာသူတွေဟာ ဘော်လခဲမြို့မရဲစခန်းက ရဲတပ်သားတစ်ဦး၊ ဖားဆောင်းမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦးနဲ့ ရဲတပ်သား ၃ ဦးတို့ဖြစ်ပြီး သူတို့အတူ သေနတ် ၄ လက်၊ လက်ဗစ်ဗုံး ၁၀ လုံးနဲ့ ကျည်တွေလည်း ပါလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီရဲတပ်ဖွဲ့ဝင်တွေဟာ အခုလဆန်းမှာ ဘက်ပြောင်းခိုလှုံလာတာဖြစ်ပြီး အခုတော့ သူတို့ကို လုံခြုံတဲ့လွတ်မြောက်နယ်မြေကို ပို့ပေးထားတယ်လို့လည်း ဆိုပါတယ်။
ဖားဆောင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ ၁၁ ရက်ထဲ ဝင်လာချိန်မှာပဲ အခုရဲတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းခိုလှုံလာတာဖြစ်ပါတယ်။
ကိုးကန့်တပ် (MNDAA) ၃၅ နှစ်ပြည့် အခမ်းအနားကျင်းပ
ကိုးကန့်တပ် (MNDAA)တည်ထောင်မှု ၃၅ နှစ်ပြည့်အခမ်းအနားကို ဒီကနေ့ မတ်လ ၁၂ ရက် မနက်ပိုင်းမှာပဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ကျင်းပခဲ့တယ်လို့ MNDAA ဘက်က ထုတ်ပြန်လာပါတယ်။
အဲဒီအခမ်းအနားမှာ MNDAA စစ်ဦးစီးချုပ် ဖုန်တဲရင်က ''၁၄ နှစ်ကြာ အမိမြေကို စွန့်ခွာပြီး ကိုးကန့်တပ်က အောင်မြင်မှုတွေနဲ့အတူ ပြန်လာနိုင်ပြီ၊ ဒီနှစ်က ကိုးကန့်တပ်အတွက် အရေးပါတဲ့ အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့နှစ်ဖြစ်တယ်'' လို့လည်း ဆိုပါတယ်။
ကိုးကန့်တပ်က မြောက်ပိုင်းမဟာမိတ် ၂ ဖွဲ့နဲ့အတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ရက်ပေါင်း ၇၀ ကျော်ကြာပြီးတဲ့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကောင်စီနဲ့ MNDAA ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တို့ အပစ်ရပ်ခဲ့ပါတယ်။
ကိုးကန့်ဒေသမှာ စစ်တပ်ကကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်အားလုံးကို ဇန်နဝါရီလ ၁၄ ရက်မှာ ပယ်ဖျက်ခဲ့ပြီး လောက်ကိုင်မြို့မှာ အုပ်ချုပ်ရေးစတင်ပြီလို့ ကိုးကန့်စစ်အုပ်ချုပ်မှုကော်မတီကကြေညာခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ ကိုးကန့်တပ်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်ကို မြန်မာစစ်တပ်က ဖယ်ရှားခဲ့ပြီး စစ်တပ်လက်အောက်ခံလူတွေနဲ့ ကိုးကန့်ဒေသကို အဲဒီကာလတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရဘက်က ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကိုးကန့်တပ်ဟာ ၂၀၁၇ စစ်ဆင်ရေး အပစ်ရပ်နိုင်ခဲ့ပြီးတဲ့နောက်ကာလကို ''ကိုးကန့်တပ်ရဲ့ အိမ်ပြန်ချိန်'' လို့ သုံးနှုန်းပြောဆိုလေ့ရှိပါတယ်။
တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ် ၂ ခုကို ကိုးကန့်တပ်ဖွင့်ထား
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် (MNDAA)က ထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခုဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ကျင်စန်းကျော့ဂိတ်ကို MNDAA က ပြန်ဖွင့်ထားတယ်လို့ နယ်စပ်ကုန်သည်တွေဆီကနေ ဘီဘီစီက သိရပါတယ်။
“ဒီဂိတ် ၂ခုကိုပြန်ဖွင့်ထားပေမဲ့ ကုန်ကားတွေတော့ ဖြတ်သန်းသွားလာတာမရှိသေးဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်ဘက်ကလည်း အဲ့ဒီဘက်ထိသွားလို့မရအောင် လမ်းပိတ်ထားသလို လမ်းတွေ တံတားတွေပျက်နေတော့ မူဆယ်ရောက်ရင် ၁၂ ဘီးကား၊ ၁၀ ဘီးကားတွေ မောင်းလို့မရသေးဘူး ” လို့ သူက ပြောပါတယ်။
ဒီဂိတ်တွေကနေ တရုတ်ဘက်နဲ့ကုန်သွယ်ရေးလုပ်ဖို့ ကုန်ကားတွေကိုလည်း အခွန်ကောက်ခံတာ အရင်ကထပ် ၃ ဆလောက်များနေတယ်လို့ သူကပြောပါတယ်။
ကိုးကန့်တပ်ဘက်ကတော့ ဒီဂိတ်တွေမှာ လူပဲဖြတ်သန်းခွင့်ပေးတာဖြစ်ပြီး ကုန်မပါဘူးလို့ ဘီဘီစီကို အတည်ပြုပြောပါတယ်။
အခုထိတော့ တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားလမ်းကနေသွားရတဲ့ ဝမ်ပုံဂိတ်ကို အသုံးများနေပြီး မြစ်ကြီးနား- ကန်ပိုက်တီလမ်းကိုသုံးတာလည်း ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီလမ်းကြောင်းတွေကနေ တရုတ်ဘက်က ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်နဲ့စား သောက်ကုန်တွေကို တင်သွင်းနေပြီး မြန်မာဘက်က ဖရဲသခွားလိုသစ်သီးတွေပို့နေတယ်လို့သိရပါတယ်။
ဆန်နဲ့ပြောင်းကတော့ အရင်ကထက် ပို့ဆောင်ရေးစရိတ်လေးဆလောက် မြင့်တက်လာလို့ နယ်စပ်ကုန်သွယ်ရေးက မသွားတော့ဘဲ ပင်လယ်ရေကြောင်းကနေ တင်ပို့နေတယ်လို့ ကုန်သည်တချို့ဆီကနေသိရပါတယ်။
ဖလူးစခန်းကို ပူးပေါင်းတပ်တွေ သိမ်း၊ ပြည်သူ့စစ်အချို့ကို ဖမ်းမိ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီတပ်ရဲ့ ဖလူးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစခန်းကို သိမ်းချိန်မှာ စစ်ကောင်စီတပ်လက်အောက်က ပြည်သူ့စစ်အဖွဲ့ဝင်တချို့ကိုလည်း ဖမ်းမိခဲ့ တယ်လို့ သိရပါတယ်။
‘‘စခန်းကို သိမ်းတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူး။ သူတို့က အရင်ထွက်ပြေးသွားပြီ။ ကျန်ခဲ့တဲ့ပြည်သူ့စစ်တွေကို ဖမ်းမိတာ။ လက်နက်အချို့လည်း သိမ်းဆည်းရမိတယ်’’ လို့ မြေပြင် စစ်ရေး အခြေအနေ သိရှိသူက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်း၊ အမှတ် ၃၅၇ ခြေမြန်တပ်ရင်း၊ ကုန်သွယ်ရေးဇုန်နဲ့ အမှတ် ၂၇၅ ခြေမြန်တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ မဟာမိတ်ပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း သင်္ကန်းညီနောင်ကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းနဲ့ ခမရ ၃၅၅ ကို ပူးပေါင်းတပ်တွေက မတ်လ ၉ ရက်မှာ တိုက်ခိုက်ခဲ့ပြီး ခမရ ၃၅၆၊ ၃၅၇ နဲ့ စစ်ဗျူဟာစခန်းကုန်းတွေကို ပူးပေါင်းတပ်တွေက ဆက်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ပူးပေါင်းတပ်တွေရှိတယ်လို့ ယူဆချက်နဲ့ မြဝတီမြို့နဲ့ ၇ မိုင်နီးပါး အကွာက လက်ခတ်တောင်အနီးကို မနေ့ညပိုင်းတုန်းက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွား တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောထားပါတယ်။
ရမ်းဗြဲမြို့ကို အေအေထိန်းချုပ်
၃ လနီးပါးကြာ တိုက်ခိုက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို မတ်လ ၁၁ ရက် ညနေပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)က အပြီးသတ်ထိန်းချုပ်လိုက်တယ်လို့ အေအေဘက်က ထုတ်ပြန်ထားပါတယ်။
အေအေက ပလက်ဝမြို့ကို ထိန်းချုပ်ပြီးနောက် ရမ်းဗြဲကို ထိန်းချုပ်ဖို့ အေအေနဲ့ စစ်ကောင်စီကြား အောင်ချမ်းသာစေတီတိုက်ပွဲဖြစ်တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၈ရက်က စတင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ရမ်းဗြဲမြို့ မကျရေးအတွက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့တလျှောက် ရေကြောင်း၊ လေကြောင်းကနေ တိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ဒေသခံတွေက ဘီဘီစီကိုအတည်ပြုသလို အေအေဘက်ကလည်း ကြေညာထားပါတယ်။
အေအေက ရခိုင်ပြည်နယ်မှာ ရမ်းဗြဲမြို့အပါအဝင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့တို့ကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ရသေ့တောင်နဲ့ မောင်တောမြို့တို့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတာတွေရှိတယ်လို့ အေအေကဆိုပါတယ်။
မတ်လ ၁၀ ရက်နေ့က မောင်တောမြို့တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၀ ကျော်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံသွားတယ်လို့ အေအေက ဖော်ပြထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း အတည်ပြုပြီး သတင်းတွေရေးသားထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ဘက်က အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဖားဆောင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ဗျူဟာကုန်းတို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းထား
ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲမှာ ဆယ်ရက်ကျော်လာတဲ့တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ဗျူဟာကုန်းတို့ကို သိမ်းထားတယ်လို့ ကရင်နီအမျိုးသားများတော်လှန်ရေးတပ်(KNDF)ပြန်ကြားရေး တာဝန်ခံ တာ အယ်စိုးက ပြောပါတယ်။
“သံလွင်မြစ်တံတား မြစ်ကူးတံတားရှေ့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို မြို့ရဲ့ဗျူဟာကျတဲ့ စေတီကုန်းကိုလည်း တပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီက သူတို့ရဲ့အခြေစိုက် တပ်ရင်းတွေထဲကိုပဲ ပြန်ဆုတ်သွားရတဲ့အနေထားဖြစ်ပါတယ်။ မြို့ထဲကပြည်သူတချို့ကတော့ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့နယ်မြေထဲကို စစ်ရှောင်သွားတာမျိုးတွေ ရှိတယ်ပေါ့နော်” လို့သူကပြောပါတယ်။
မြို့ထဲပိတ်မိပြည်သူတချို့နဲ့ စစ်ကောင်စီရဲ့ တပ်ရင်း ၁၃၅ မှာ ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သတင်းကြားသိရပေမဲ့ ပြည်သူဘယ်လောက်များတယ်ဆိုတာကိုတော့ အတိကျမပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။
ဖားဆောင်းတိုက်ပွဲအတွင်းမှာ နှစ်ဖက်တပ်ဖွဲ့တွေထိခိုက်ကျဆုံးတာရှိပေမယ့် အချက်လက်အတိကျထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖားဆောင်းမြို့ နယ်အတွင်းက ပြည်သူပိုင်အိုးအိမ်နေရာတွေ မီးလောင်ပျက်စီးတာ များပြားနေပါတယ်။
စစ်ကောင်စီတပ်စခန်းပေါင်း ၂၀ ကျော် သိမ်းထားနိုင်တယ်လို့ KIA ပြော
ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဗန်းမော်ကားလမ်းတစ်လျှောက် ကချင်လွတ်လပ်ရေးတပ် KIA/PDFပူးပေါင်းတပ်တွေ ရဲ့ ထိုးစစ် ၅ ရက်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၂၀ ကျော်ကိုသိမ်းပိုက်ထားပြီး အဲဒီထဲမှာ စစ်ရေးဗျူဟာ အရ အရေးကြီးတဲ့ တပ်စခန်းကြီး ၁၀ ခုထက်မနည်းကိုရခဲ့တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကြီးတွေထဲမှာအရေးကြီးတဲ့ တပ်စခန်းတွေဖြစ်တဲ့ ခါရာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်ပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေပါတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ကချင်ပြည်နယ် လိုင်ဇာ-ဝိုင်းမော်လမ်းပေါ်က အောင်မြေ ၁ ၊ ၂ ကျေးရွာ နဲ့ ရွှေညောင်ပင်ကျေးရွာဘက်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး
အဲဒီက ဒေသခံ ရာနဲ့ချီ ပိတ်မိနေပြီး ဒီကနေ့ မတ်လ ၁၂ ရက် မနက်အထိ မကယ်ထုတ်နိုင်သေးသလို အရပ်သားတွေထွက်ခွာဖို့မှာလည်း စစ်ကောင်စီတပ်တွေကတားထားတယ်လို့ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။
မနေ့ မတ်လ ၁၁ ရက်က ဝိုင်းမော်မြို့နယ် အောင်မြေ ၁၊ ၂ ဘက်ကအဲဒီတိုက်ပွဲမှာ လေယာဥ်ပစ်ကူပေးတဲ့ Mi35 တိုက်ခိုက်ရေးစစ်တပ်ရဟတ်ယာဉ်ကို ကေအိုင်အေတပ်ဘက်ကပစ်ခဲ့တယ်လို့ဆိုပြီး ရဟတ်ယာဥ်အထိအခိုက်နဲ့ပတ်သက်လို့မသိရသေးဘူးလို့ လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
'' ကျွန်တော်တို့ဘက်က ပစ်လိုက်နိုင်တယ်ဆိုတာကိုအတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ ရဟတ်ယာဥ်က ကျွန်တော်တို့ပစ်လိုက်တာနဲ့ ချက်ချင်း မြစ်ကြီးနားဘက်ကိုထွက်သွားပါတယ်။ အဲဒီဘက်ကနောက်ပိုင်းအခြေအနေကိုကျွန်တော်တို့ဆက်မသိရသေးပါဘူး'' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
အရပ်သားတွေကိုကူညီနေတဲ့ ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော်ဦးဝိဇယကလည်း အောင်မြေ ၂ ကျေးရွာနဲ့ ရွှေညောင်ပင်ကျေးရွာက ရွာသားရာနဲ့ချီပိတ်မိထားပြီး မကယ်ထုတ်နိုင်သေးဘူးလို့ဘီဘီစီကို မနေ့ကပြောထားပါတယ်။ ရွာသားတွေက ရေနဲ့စားစရာတွေပြတ်လတ်နေသလို ကျန်းမာရေးမကောင်းသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်က ရေမဆေးကျောက်ရှာသူတွေရဲ့ ဘဝကြမ်း
ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတွင်းတွေနဲ့ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေဟာ နယ်မြေမတည်ငြိမ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ ရှိပါတယ်။
အဲဒီမှာ အနယ်နယ်အရပ်ရပ်က လာကြတဲ့ ရေမဆေးကျောက်ရှာသူ ၃ သိန်းကျော်ရှိပြီး ရောင်းတန်းဝင်ကျောက်တစ်လုံးက သူတို့တွေကို နေ့ချင်းညချင်း သူဌေးဖြစ်စေနိုင်ပါတယ်။
ဒါပေမဲ့လည်း မြေပြိုမှုကြောင့် နှစ်စဉ် လူရာဂဏန်းနဲ့ချီ သေဆုံးနေသလို လွယ်လွယ်ကူကူရတဲ့ မူးယစ်ဆေးကြောင့်လည်း ဘဝပျက်ကြရသူတွေလည်း ရှိနေပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတင် မနမှော်မှာ မြေစာပုံမှာစုနေတဲ့ရေကန်ထဲက နွံရေတွေ ပြိုကျမှုဖြစ်လို့ လူ ၃၀ နီးပါး ပျောက်ဆုံးနေပါတယ်။
ဒုက္ခ သုခတွေ ရောပြွမ်းနေတဲ့ရေမဆေးကျောက်ရှာကြသူတွေရဲ့ ဘ၀တွေအကြောင်းကို ရုပ်သံကို ဒီလင့်ခ် မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
ဖားကန့်မှာ နွံကန်ပြိုကျမှု လူ ၃၀ နီးပါး ပျောက်ဆုံးနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက မနမှော် ကျောက်စိမ်းလုပ်ကွက်ထဲမှာ မနေ့ညပိုင်းတုန်းက နွံကန်ပြိုကျမှုဖြစ်ခဲ့တာကြောင့် ကျောက်တူးဖော်နေသူ ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဘီဘီစီက ကနဦးသိရှိရပါတယ်။
အခုတော့ နွံကန်ပြိုကျတဲ့နေရာမှာ ဒေသခံကူညီကယ်ဆယ်ရေးအသင်းတွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးလုပ်နေပါတယ်။
''မနက် ၄ နာရီလောက်မှာ ပြိုကျမှုဖြစ်တာပါ။ နွံကန်ဘေးနားမှာ တူးနေတုန်း မြေသားပြိုကျပြီး ဘေးက နွံကန်ထဲ ရေတွေစီးကျသွားတဲ့အချိန် ကျောက်ရှာနေတဲ့သူတွေ ပါသွားတာပါ'' လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲမှာ ဆက်သွယ်မေးမြန်းချက်အရ ပျောက်ဆုံးနေသူတွေထဲက တစ်ဦးရဲ့အလောင်းကို ပြန်လည်ရှာတွေ့ထားတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးပေမဲ့ ''ပျောက်ဆုံးနေသူတွေထဲ ကျွန်တော်တို့ မှော်ဝမ်းစျေးထဲက တစ်ယောက်သွားတယ်'' လို့ ဂရုဏာလူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောပါတယ်။
ကျောက်ရှာနေတုန်း နွံကန်ပြိုကျမှုဖြစ်ခဲ့တာကြောင့် မြေတူးစက် ၉ စီးခန့်လည်း နွံရေထဲ နစ်မြုပ်သွားတယ်လို့သိရပါတယ်။
မြေစာပုံပြိုကျတဲ့နေရာဟာ ကုမ္ပဏီလုပ်ကွက်တစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဘယ်ကုမ္ပဏီ ပိုင်ဆိုင်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၉ ဦးဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်မြို့ထဲက နိုင်ခေါင်ချာရီအရပ်ထဲ ထွက်ပြေးခိုလှုံဝင်ရောက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ သတင်းတွေမှာဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးတဲ့နေ့မှာပဲ မြန်မာဘက်ကပစ်ခတ်မှုကြောင့် နိုင်ခေါင်ချာရီက အရပ်သားအမျိုးသားတစ်ဦး ခါးမှာကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကော့ဘဇားဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သတင်းတွေကဆိုပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) ကတော့ မောင်တောမြို့ မြောက်ဘက်၊ အောင်သပြေနယ်ခြားစောင့်တပ်က စစ်ကောင်စီတပ်တွေနဲ့ အေအေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ မတ်လ ၁၀ ရက် နေ့မှာပဲ စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ရာနဲ့ချီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ရခိုင်ဘက်ကတိုက်ပွဲတွေကြောင့် စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် ၃၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဘက်ကလည်း ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီဘက်ကလူတွေကို ကားနဲ့တစ်ဆင့် ကော့ဘဇားဆိပ်ကမ်းကို ပြန်ပို့ဆောင်ပေးခဲ့ပြီး စစ်ကောင်စီရေတပ်သင်္ဘောတွေပေါ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ရခိုင်ကတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီသီတင်းပတ်အတွင်း တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးချိန်မှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့လုံခြုံရေးကို ထိခိုက်မှာ မလိုလားတဲ့အကြောင်းစစ်ကောင်စီသံအမတ် ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုထားပါတယ်။