ရွေးကောက်ပွဲကျင်းပမယ်လို့ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ကတိပေး

ရွေးကောက်ပွဲကျင်းပမယ်လို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ကတိထပ်ပေး တဲ့သတင်းအပါအဝင် နိုဝင်ဘာ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာကလေးငယ် ဦးရေ ၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေ
  • တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကံပိုင်တည်(ကန်ပိုက်တီ) မြို့က စစ်ကောင်စီရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်တွေ တိုက်ခိုက်
  • မြင်းခြံမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ သုံးရက်တာအတွင်း လေကြောင်းတိုက်ခိုက်ခံရတာ ၆ ကြိမ်ရှိ
  • “ဝ” တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူထားတဲ့ တန့်ယန်းမြို့နယ်ထဲကနေ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်လုပ်ကိုင်သူ အယောက် ၁,၀၀၀ ကျော် ဖမ်းမိ
  • တော်လှန်ရေးစိုးမိုးနယ်မြေက စတားလင့်ခ်တွေ အပိတ်ခံရ
  • ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်
  • လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီသတင်းအပါအဝင် ‌နိုဝင်ဘာ ၂၀ ရက် ‌နောက်ဆုံးရသတင်းတွေကို တင်ဆက်မှုပြီးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုတဲ့အတွက်လည်း ‌‌ကျေးဇူးတင်ပါတယ်။

  2. မိုင်းထိသေဆုံးသူ ကမ္ဘာမှာ မြန်မာစံချိန်သစ် တင်

    ပြီးခဲ့တဲ့မေလတုန်းက ရှမ်းမြောက်မှာ မြေမြှုပ်မိုင်းဒဏ် သင့်သူ တစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့မေလတုန်းက ရှမ်းမြောက်မှာ မြေမြှုပ်မိုင်းဒဏ် သင့်သူ တစ်ဦး

    ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၁,၀၀၃ ဦးရှိခဲ့ပြီး ဒါဟာ ဆီးရီးယားနိုင်ငံ ထက်များပြားတဲ့ပမာဏနဲ့ စံချိန်သစ်တင်လိုက်တာလို့ မြေမြုပ်မိုင်းနဲ့ ဆင့်ကဲဗုံး (ကလပ်စတာဗုံး) စောင့်ကြည့်ရေးအဖွဲ့ “Monitor” က ပြောပါတယ်။

    ဆွစ်စလန်နိုင်ငံအခြေစိုက် မြေမြုပ်မိုင်းနဲ့ဆင့်ကဲဗုံး(ကလပ်စတာဗုံး) “Monitor” အဖွဲ့က ဒီကနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လုပ်တဲ့ ၂၀၂၄ ခုနှစ် အစီအရင်ခံစာထုတ်ပြန်တဲ့ပွဲမှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွင်း ပြုလုပ်တဲ့ အဲဒီလေ့လာချက် အစီရင်ခံစာထဲမှာ လူသေစေနိုင်တဲ့မြေမြုပ်မိုင်းတွေကို မြန်မာ၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေက ထောင်ခဲ့ကြတယ်လို့လည်း Monitor အဖွဲ့ရဲ့ အစီအရင်ခံစာမှာ ‌ဖော်ပြပါတယ်။

    မိုင်းအသုံးပြုမှု တားမြစ်မှုဆိုင်ရာ သဘောတူညီချက်(Mine Ban Treaty) မှာ လက်မှတ်မထိုးထားတဲ့ မြန်မာဟာ လူသေစေနိုင်တဲ့ မြေမြှုပ်မိုင်းတွေကို ဆက်ပြီးသုံးနေသလို တိုးသုံးလာတာကိုလည်း တွေ့ရတဲ့အကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။

    လူသေစေနိုင်တဲ့မိုင်းတွေကို အသုံးပြုတာဟာ မြန်မာစစ်တပ်တင် မကဘဲ အတိုက်အခံ အင်အားစုတွေကလည်း လက်လုပ်မိုင်းအသုံးပြုမှု ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ အသုံးပြုလာတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

    ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ မြေမြုပ်မိုင်းပေါက်ကွဲမှု ၅၇၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ ထောင်နီးပါး သေဆုံးခဲ့ကာ ၃၆၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

    အဲဒီ သေဆုံးဒဏ်ရာရသူတွေထဲမှာ အရပ်သားတွေ ၈၄ ရာခိုင်နှုန်း ထိခိုက်ခဲ့ပြီး ၃၇ ရာခိုင်နှုန်းဟာ ကလေး သူငယ်တွေဖြစ်တယ်လို့လည်းပြောပါတယ်။

    မြန်မာနိုင်ငံအပါအဝင် နိုင်ငံ‌ပေါင်း ၁၂ နိုင်ငံဟာ မြေမြုပ်မိုင်းအသုံးပြုမှုရပ်တန့်ရေး နိုင်ငံတကာစာချုပ်တွေကို လက်မှတ်ရေးမထိုးဘူးလို့လည်း Monitor အဖွဲ့က ပြောထားပါတယ်။

  3. မြန်မာ ကလေးငယ် ၆ သန်း အကူအညီ လိုအပ်နေ

    မြန်မာကလေးငယ် ၆ သန်း အကူအညီလိုအပ်နေ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ကရင်နီပြည်နယ်က ကလေးငယ်မြင်ကွင်း

    စစ်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာကလေးငယ် ဦးရေ ၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အခုနှစ်အတွင်း နိုင်ငံတဝန်းရေကြီးနစ်မြုပ်တာတွေကြောင့် အကူအညီလိုအပ်တဲ့ ကလေးငယ်အရေအတွက် ၃ သိန်းခန့် ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။

    မြန်မာကလေးငယ်တွေအတွက် ကျန်းမာရေး၊ အာဟာရပြည့်မီရေးအပါအဝင် ကလေးသူငယ်အကာအကွယ် ပေးရေး၊ စဉ်ဆက်မပြတ် ပညာရေးရရှိရေးတို့အတွက်ပါ စိန်ခေါ်မှုတွေကြုံနေရတယ်လို့ ကုလရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။

    ဒီနေ့ နိုဝင်ဘာ ၂၀ ရက်ဟာ ကမ္ဘာ့ကလေးသူငယ်များနေ့ပါ။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ စစ်ပွဲကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေး သူငယ်တွေကို ပြန်လည်ကုစားဖို့အတွက် ဆောင်ရွက်ပေးနေပြီး ကလေးငယ်တွေ ကျန်းမာရေးနဲ့အညီ ကြီးပြင်းဖို့၊ အာဟာရပြည့်မီဖို့အတွက် အစဉ်မပြတ်ပံ့ပိုးကူညီပေးနေတယ်လို့ ဒီနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

    စစ်ကောင်စီ ထိန်းချုပ်မှုအောက်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကတော့ ကလေးငယ်တွေရဲ့ အသံကိုနားထောင်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ရှိသူတွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၇၁ ယောက် သေဆုံးခဲ့ပြီး အခုနှစ်မှာ ၁၁ လတာအတွင်း ၂၂၆ ဦးနဲ့ အများဆုံးသေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

  4. ကိုးကန့် - ဘီလူးကိုးကောင် စောင့်တဲ့နယ်

    ကိုးကန့်နယ်ကို ၁၈၉၇ ကျမှ တရုတ်နဲ့ ပီကင်းစာချုပ်ချုပ်ပြီး ဗြိတိန်က သိမ်းပိုက်ကာ မြန်မာပြည်ထဲ သွတ်သွင်းတယ် ဆိုပေမယ့် ကိုးကန့်နဲ့ အရှေ့ဘက် ကပ်နေတဲ့ တရုတ်ပြည်ထဲက ကိုင်းမားနယ်ကတော့ စန္ဒား၊ လသာ၊ မိုင်းမော၊ စည်ခွင် စတဲ့ ဘုရင့်နောင်ပိုင်တဲ့ မောကိုးပြည်ထဲမှာ ပါခဲ့ပါတယ်။

    ဒီရှမ်းမြောက်တကြောက စော်ဘွားနယ်တွေဟာ မြန်မာနဲ့ တရုတ်ဘုရင်တွေကြားအပြန်အလှန်သစ္စာခံလေ့ရှိပြီး တချိန်တည်းမှာ နှစ်ဖက်လုံးကို သစ္စာခံတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။

    ကိုးကန့်ဟာ ဘယ်သူ့အတွက်မှန်း မသိတဲ့ နယ်ခြားကို စောင့်ရတဲ့နယ်ဆိုပြီး နောက်ဆုံးစော်ဘွားရဲ့နှမ ဂျက်ကီယန်း ယန်မင်းဆက် စာအုပ်မှာ ရေးခဲ့ပါတယ်။

    ကာကွယ်ရေးတပ် စဖွဲ့တဲ့ ကိုးကန့်၊ ဗကပအကွဲနဲ့ အထူးဒေသ ၁ အဖြစ် အဆင့်ဆင့်ဖြစ်လာတဲ့ ကိုးကန့် အကြောင်း ဘီဘီစီ အထူးဆောင်းပါးကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ကံပိုင်တည်ရဲစခန်းကို KIA ဝင်တိုက်

    ကံပိုင်တည်ရဲစခန်းကို KIA ဝင်တိုက်

    ဓာတ်ပုံ ရင်းမြစ်, KIA

    ဓာတ်ပုံ ပုံစာ, ပုံဟောင်း

    တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကံပိုင်တည်(ကန်ပိုက်တီ) မြို့က စစ်ကောင်စီရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်တွေက ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KIA စစ်ရေးအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

    ကချင်အထူးဒေသ(၁) ကို KIA က အောက်တိုဘာလကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပန်ဝါ၊ ချီဖွေ၊‌ ဆော့လော်၊ ဖီမော်မြို့တွေကို ဆက်တိုက်သိမ်းပိုက်ခဲ့ကာ ကံပိုင်တည်မြို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

    ဒီအထူးဒေသရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဖြေကြားထားပါတယ်။

    တခုတည်းသာကျန်ရှိတဲ့ ကံပိုင်တည်မြို့ကစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သိရှိနိုင်ဖို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဘီဘီစီက မေးမြန်းနိုင်ဖို့ကြိုးစားနေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

    ကချင်ပြည်နယ်အရှေ့ခြမ်းမှာရှိတဲ့ ဒီအထူးဒေသကို KIA နဲ့ မဟာမိတ်တွေ ထိုးစစ်ဆင်ချိန်ကစလို့ တရုတ်နိုင်ငံရဲ့ သတိပေးမှု နဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    ဒါပေမဲ့ ဇွန် (၇) ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အထူးဒေသ (၁) ကိုအုပ်ချုပ်ခဲ့သူ ဦးဇခုန်တိန့်ယိမ်းရဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေကို ယတိပြတ်ခုခံ ချေမှုန်းဖို့ဆိုတဲ့ စစ်မိန့်အပါအဝင် မြန်မာစစ်တပ်မပါဝင်ဘဲ နယ်ခြားစောင့်တပ်(BGF)၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ခပ်စိပ်စိပ်တိုက်ပွဲ ရှိလာတာကြောင့် အထူးဒေသ (၁) ကို တိုက်ခိုက်ရတာလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ တုံ့ပြန်ဖြေခဲ့ပါတယ်။

    စစ်ကောင်စီကတော့ တရုတ် - မြန်မာနယ်စပ်မြို့ ကံပိုင်တည်တိုက်ပွဲနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ တစုံတရာထုတ်ပြောတာမရှိသေးပါဘူး။

  6. မြင်းခြံခရိုင်ထဲက ရွာတွေကို စစ်တပ်က နေစဥ်နီးပါး လေကြောင်းကနေ ဗုံးကြဲနေ

    မြင်းခြံခရိုင်ထဲ နေ့စဉ်လိုလို စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်တုန်းက လေကြောင်းနဲ့ တိုက်ခိုက်တဲ့မြင်ကွင်း

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက မြင်းခြံ နဲ့ တောင်သာမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နေ့စဉ်လိုလို ဗုံးကြဲနေတယ်လို့ မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

    မြင်းခြံမြို့နယ်မှာဆိုရင် နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ သုံးရက်တာအတွင်း လေကြောင်းတိုက်ခိုက်ခံရတာ ၆ ကြိမ်ရှိပြီလို့ မြင်းခြံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ စာရင်းအရ သိရပါတယ်။

    “ဒီနေ့တော့ ငြိမ်နေတယ်။ အခုနောက်ပိုင်း တိုက်ပွဲမရှိပဲ လေကြောင်းလည်းပစ်တယ်၊ ဒရုန်းနဲ့ ဗုံးသီးချတယ်၊ မြို့ပေါ်ကနေ လက်နက်ကြီး နဲ့လည်း လှမ်းပစ်တယ်” လို့ အခုအပတ်အတွင်း မြင်းခြံမြို့နယ်အခြေအနေကို ပကဖ ပြန်ကြားရေးတာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

    နိုဝင်ဘာ ၁၆ ရက်မှာ တောင်သာနဲ့ မြင်းခြံမြို့ဆက် ကားလမ်းဘေး စွန်းလွန်းဆည်အနီးက ချေဆေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စတဲ့နေ့ကတည်းက စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်ထဲမှာလေကြောင်း ပစ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ဟာ ချေဆေးရွာတိုက်ပွဲအပြီးကတည်းက စွန်းလွန်းဆည်ဘေးက ချေဆေး၊ ကူရွာနဲ့ ကွမ်းစိုက်ရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးတာရှိခဲ့ပါတယ်။ အဲဒီထဲ ချေဆေးရွာက ပျက်အစီးအများဆုံးဖြစ်ပြီး တစ်ရွာလုံးအမြဲတမ်း စစ်ရှောင်အဖြစ် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မြင်းခြံ ပကဖ ဘက်ကပြောပါတယ်။

    မြို့နယ်အရှေ့ဘက်ကျေးရွာတွေကိုလည်း စစ်ကောင်စီစစ်ကြောင်းထိုးသွားလာနေပြီး အခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။

    မြင်းခြံခရိုင်ထဲက တောင်သာမြို့နယ်မှာလည်း စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်တာတွေရှိသလို ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) တပ်တွေ အခြေချရာ တလိုင်းရပ်(ရွာသစ်)ရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

    PLA ရဲ့ အမှတ် (၈၁၅) တပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး Type – 81 ၊ ကာဘိုင်စတဲ့လက်နက်တွေအပြင် ကျည်ဆံတွေပါ သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

  7. တန့်ယန်းက ကျားဖြန့်လုပ်သူအယောက် ၇၀၀ ကျော်ကို “ဝ” တပ်က တရုတ်ကို လွှဲပေး

    တန့်ယန်းက ကျားဖြန့်လုပ်သူအယောက် ၇၀၀ ကျော်ကို “ဝ” တပ်က တရုတ်ကို လွှဲပေး

    ဓာတ်ပုံ ရင်းမြစ်, Wa News Land

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်နေရာယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ထဲကနေ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်လုပ်ကိုင်သူ အယောက် ၁,၀၀၀ ကျော် ဖမ်းမိခဲ့ပြီး အဲဒီထဲက ၇၆၂ ဦးကို မနေ့ နိုဝင်ဘာ ၁၉ ရက်မှာ တရုတ်ကိုလွှဲ‌ပေးထားတယ်လို့ “ဝ” ဘက်ကနေ သိရပါတယ်။

    “၇၆၂ ယောက်က တရုတ်ပြည်ကလူတွေပါ။ မနေ့က ဝ နဲ့ - တရုတ်နယ်စပ်ခြားဂိတ်မှာ လွှဲပြောင်းပေးလိုက်ပါတယ်” လို့ လားရှိုးမြို့ “ဝ” ဆက်ဆံရေးအရာရှိ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။

    ကျန်ရှိတဲ့ အယောက် ၃၀၀ ကတော့ မြန်မာနိုင်ငံသားတွေဖြစ်လို့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

    ဝ သတင်းထုတ်ပြန်ရေး WSTV ရဲ့ ထုတ်ပြန်တဲ့အချက်အလက်အရ တန့်ယန်းနယ်မြေ အနီးတဝိုက်မှာ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်လို့ သတင်းရရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းဆီးမိသူတွေနဲ့အတူ ဂြိုဟ်တုအင်တာနက် စတားလင့်ခ် စက် ၇၆ ခု၊ ဖုန်းအလုံရေး ၁,၅၀၀ကျော်နဲ့ ကွန်ပြူတာ ၈၂ လုံးလည်း သိမ်းဆည်းခဲ့ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအရှိန်မြှင့်နေချိန် ဇူလိုင်လတုန်းက ရှမ်းမြောက်မှာ စစ်တပ်နဲ့ ကိုးကန့်တပ် MNDAA တပ်တိုက်ပွဲပြင်းထန်နေတဲ့ကာလမှာ တန့်ယန်းမြို့ကို “ဝ” တပ်တွေ ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်။

    သံလွင်မြစ်ကို ‌ ‌‌ေကျော်ပြီး ဝ တပ်တွေ တန့်ယန်းထဲ ‌ရောက်လာတဲ့အကြောင်း ဘီဘီစီ သတင်း‌ဖော်ပြချက်ကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

  8. တော်လှန်ရေးစိုးမိုးနယ်မြေက စတားလင့်ခ်တွေ အပိတ်ခံရ

    တော်လှန်ရေးစိုးမိုးနယ်မြေက စတားလင့်ခ်တွေ အပိတ်ခံရ
    ဓာတ်ပုံ ပုံစာ, စတားလင့်ခ်အသုံးပြသရုပ်ဖော်ပုံ

    လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုး၊ မန္တလေး မိုးကုတ်တို့လိုမြို့တွေမှာ တိုက်ပွဲအလွန် ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုကို ကာမိစေဖို့ အဲဒီနယ်တွေမှာ ဂြိုဟ်တု စနစ်သုံး စတားလင့်ခ် အင်တာနက်စနစ်ကို အသုံးပြုခွင့် ‌ပေးခဲ့ပါတယ်။

    ဒါပေမဲ့ အခုလပိုင်း‌တွေအတွင်း စစ်ကောင်စီက အဲဒီနယ်တွေကို ‌လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အခါ လုံခြုံရေးအကြောင်းပြချက်နဲ့ စတားလင့်ခ်အင်တာနက် အသုံးပြုခွင့် ကန့်သတ်တာ‌တွေ ကြုံရတယ်လို့ ဒေသခံတချို့ ဘီဘီစီကို ပြောပါတယ်။

    စစ်ကိုင်းတိုင်းမှာဆိုရင်လည်း စစ်ရေးလှုပ်ရှားမှုတွေရှိရင် စတားလင့်ခ် အင်တာနက်ကဖေးဆိုင်တွေ ပိတ်လေ့ရှိတယ်လို့ သိရပါတယ်။

    တဖက်မှာလည်း ကမ္ဘာ့အချမ်းသာဆုံးလူသား အီလွန်မက်ရဲ့ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီ (SpaceX) ပိုင် စတားလင့်ခ် (Starlink) က အင်တာနက်ငတ်မွတ်နေတဲ့ အဲဒီဒေသတွေမှာ အားကိုးရာတစ်ခု ဖြစ်လာပါတယ်။

    ကချင်၊ ရှမ်းမြောက်လို မြန်မာပြည်‌မြောက်ပိုင်းမှာသာမက စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်၊ ကရင်နီ နဲ့ ကရင်အပါအဝင် တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့နေရာအများစုမှာ အသုံးပြုနေပြီး အင်တာနက် ကဖေးတချို့ မှာ ဗုံးခိုကျင်း ဝန်ဆောင်မှုပါ ရနေပါတယ်။

    အသက်ကို လောင်းကြေးထပ်ပြီး စတားလင့်ခ်အင်တာနက်သုံးရတဲ့အခြေအနေ၊ တရားဝင်သုံးခွင့်မရသေးတဲ့ မြန်မာအတွက် စတားလင့်ခ်စက်ကို ခဲရာခဲဆစ်သယ်ယူသုံးစွဲနေကြရတဲ့အကြောင်း ဘီဘီစီ အထူးဆောင်းပါးကို ဒီလင့်ခ် မှာ ပြန်လည်ဖတ်ရှုနိုင်ပါပြီ။

  9. ကိုးကန့်တပ် စစ်ဦးစီးချုပ် နေပြန်ကောင်းလာဖို့ အားယူနေတယ်လို့ တရုတ်ထုတ်ပြော

    ကိုးကန့်တပ်ခေါင်းဆောင်ပိုင်း၊ နောက်ခံ အလံနဲ့ စစ်ဦးစီးချုပ် ဖုန်တာရွှင်ရဲ့ သရုပ်ဖော်ပုံ

    ကိုးကန့်တပ်(MNDAA) ခေါင်းဆောင် ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံထဲမှာ ဆေးကုသမှုခံယူပြီးတဲ့နောက် နေပြန်ကောင်းလာဖို့ အားယူနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နိုဝင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

    တရုတ်မှာ ဆေးသွားကုတဲ့ ဖုန်တာရွှင်ကို တရုတ်က ထိန်းထားလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာပဲ တရုတ်ဘက်က အခုလိုထုတ်ပြောလာတာဖြစ်ပေမဲ့ ဖုန်တာရွှင် ဘယ်မှာ ရှိနေတယ်ဆိုတာကိုတော့ မပြောသွားပါတယ်။

    ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲသွားပြီး ဆေးသွားကုတာလို့ ဘီဘီစီက ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက သိထားခဲ့ရတာပါ။

    ဒီတော့ ကိုးကန့်တပ်(MNDAA) စစ်ဦးစီးချုပ် တရုတ်ထဲရောက်နေချိန်မှာ တပ်ကို ဘယ်သူတွေ ဦးဆောင်နေပါသလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. ခြေလှမ်းစိပ်လာတဲ့ စစ်ကောင်စီနဲ့ တရုတ် ဆက်ဆံရေး

    မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းမှု လေးနှစ်ထဲရောက်ချိန်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကိုသွားပြီး တရုတ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံတဲ့ခရီးစဥ်ပေါ်ခဲ့ပါတယ်။

    အဲဒီမတိုင်ခင်က စစ်ကောင်စီအဖွဲ့ဝင်ဝန်ကြီးတွေဟာ ဝန်ကြီးအဆင့်အစည်းအဝေးတွေကို တက်ရောက် ဖို့ တရုတ်နိုင်ကို အကြိမ်ကြိမ်ရောက်ခဲ့ပေမဲ့ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်ကတော့ အခုလ ဆန်းပိုင်းမှ ပေါ်ပေါက်တာဖြစ်ပါတယ်။

    ဒီခရီးစဥ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ သြဂုတ်လတုန်းက နေပြည်တော်ခရီးစဥ်အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အဲဒီမတိုင်ခင် သီတင်းပတ်အလိုမှာပဲ တရုတ်က မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအသစ်နဲ့ ကောင်စစ် ဝန်ချုပ်တို့ကို ခန့်အပ်ပါတယ်။ ထူးထူးခြားခြား နှစ်ဦးစလုံးက အမျိုးသမီးတွေဖြစ်ကြပါတယ်။

    မြန်မာပြည်က တရုတ်စီမံကိန်းတွေကို အကာအကွယ်ပေးဖို့နဲ့ ရပ်ဆိုင်းထားတဲ့ စီမံကိန်းတွေ ပြန်စနိုင်ရေးတို့ဟာ ဘေကျင်းရဲ့ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်က စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးတွေ တွေ့ဆုံမှုတိုင်းမှာ တိုက်တွန်းပြောဆိုတဲ့ခေါင်းစဥ်ဖြစ်လာပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြောလာသလို တရုတ်ကလည်း ရွေးကောက်ပွဲအတွက် အကူအညီပေးမယ်လို့ ကတိကဝတ်ပြုပါတယ်။

    တရုတ်နဲ့ စစ်ကောင်စီကြား နောက်ဆုံးပြုလုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုအနေနဲ့ တရုတ်က အဆိုပြုလာတဲ့ နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းကုမ္ပဏီတည်ထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကို လုပ်နေပြီဆိုပြီး စစ်ကောင်စီက အောက်တိုဘာလကုန်ပိုင်းမှာပဲ ပြန်တမ်းထုတ်ပါတယ်။

  11. မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီနေ့ဆွေးနွေးမယ်

    ဒီနေ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမယ်

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်တုန်းက မြန်မာ့အရေးလုံခြုံရေး‌ကောင်စီ အစည်းအဝေး

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

    ဒီနေ့မှာပြုလုပ်မယ့် သီးသန့်အစည်းအဝေးမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ် နဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ လာအိုက မြန်မာ့အရေး အထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်း တို့ က နောက်ဆုံးရအချက်အလက်တွေကို ဆွေးနွေးကြမှာပါ။

    မစ္စ ဂျူလီ ဘစ်ရှော့ပ်ဟာ တာဝန်စယူတဲ့ဧပြီလကစလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင်တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြီးခဲ့တဲ့လတုန်းက ထုတ်ပြောထားပါတယ်။

    ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား နဲ့ ထိုင်းတို့က ခေါင်းဆောင် တွေနဲ့ မြန်မာ့အ‌ရေးတွေ့ဆုံဆွေးနွေးထားပြီး အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားဖို့လည်း မစ္စ ဂျူလီ ဘစ်ရှော့ပ်က ပြင်ဆင်နေပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလမှာပဲပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေး ဘုံသဘောတူညီ ချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့လည်း မစ္စတာ အာလွန်ကောင်း ကစ်တီကွန်းက အစည်းအဝေးမှာ တင်ပြသွားမှာပါ။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်နိုင်ငံတွေက မြန်မာ့နိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်တာတွေ၊ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ရိုဟင်ဂျာအရေး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖို့ရှိနေပါတယ်။

    ဒီအစည်းအဝေးကို ယူကေက ဦးဆောင်တာဖြစ်ပါတယ်။ ယူကေဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကောင်စီဝင်တွေရဲ့ ထုတ်ပြန်ချက်၊ ဆွေးနွေးချက်တွေကို ဦးဆောင်မှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးဖို့အတွက်လည်း တာဝန်ယူထားပါတယ်။

  12. စစ်ခေါင်းဆောင်ရဲ့ တရုတ်ပြည်သွားတောလား

    နိုဝင်ဘာလဆန်းတုန်းက တရုတ်ခရီးစဉ်ဟာ မြန်မာစစ်တပ် တကျော့ပြန် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ပြည် ခရီးစဥ်အဖြစ် အထမြောက်ခဲ့တာဖြစ်ပါတယ်။

    ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ အပါအဝင် လက်ရှိ စစ်ရေး အခြေအနေမှာ အာဏာသိမ်းစစ်တပ် မရှုမလှ ဖြစ်နေရတဲ့ အတွက် စစ်ခေါင်းဆောင်အပေါ် တပ်တွင်းနဲ့ တပ်ထောက်ခံသူတွေ ကြားထဲ ဝေဖန်မှုတွေ ရှိလာနေချိန်၊ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ် အပေါ် ပိုပြီး တိမ်းညွတ်တဲ့ ရပ်တည်ချက်တွေ သိသိသာသာ ပြလာပါတယ်။

    ဒါ့ကြောင့် စစ်ခေါင်းဆောင် အနေနဲ့ အတော်လေး အသက်ရှု ချောင်သွားပြီး၊ အခုဆိုရင် တရုတ်နိုင်ငံ ခရီးစဥ် သွားဖို့အထိ ဖြစ်လာခဲ့တာပါ။ ဘာ့ကြောင့် တရုတ်ရဲ့ မြန်မာ့အရေး ချည်းကပ်မှုမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိလာရတာလဲ ... ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါပြီ။

    စစ်ခေါင်းဆောင်ရဲ့ တရုတ်ပြည်သွားတောလား

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ပုံဟောင်း
  13. ရွေးကောက်ပွဲကျင်းပမယ်လို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ကတိထပ်ပေး

    ရွေးကောက်ပွဲကျင်းပမယ်လို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ကတိထပ်ပေး

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံစဉ်

    ရွေးကောက်ပွဲ ပွင့်လင်းမြင်သာဖို့နဲ့ နိုင်ငံတကာက လေ့လာအကဲခတ်ရေးကိုယ်စားလှယ်တွေကို ဖိတ်ခေါ် သွားမယ့်အကြောင်း တရုတ်အပါအဝင် အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ခေါင်းဆောင်တွေကို ပြောခဲ့တဲ့အကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောလာပါတယ်။

    မနေ့ နိုဝင်ဘာ ၁၉ ရက်မှာ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ သူက အခုလိုပြန်လည်ပြောပြခဲ့တာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံခရီးစဉ်အပြီး ပထမဆုံးပြုလုပ်တဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

    ဒီလိုဖိတ်ခေါ်မယ့်အပြင် လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့လည်း တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မဟာမဲ‌ခေါင်ဒေသထိပ်သီးအစည်းအဝေး (GMS) ကိုတက်ရောက်တဲ့နိုင်ငံတွေထဲက လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ တရုတ် ခေါင်းဆောင်အသီးသီးနဲ့ သီးသန့်တွေ့ဆုံချိန်တွေမှာ ပြောခဲ့တာလို့ ဆိုပါတယ်။

    တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းနဲ့ တွေဆုံချိန်မှာလည်း တရုတ်က ရွေးကောက်ပွဲ နဲ့ သန်းခေါင်စာရင်းကောက် ယူရေးအတွက် အကူအညီပေးမယ့်အကြောင်းပါ ပြောခဲ့တယ်လို့ ဆိုပါတယ်။

    ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့အချက်အပြင် စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည် ဖော်ဆောင်ရွက်တာကို တရုတ်နိုင်ငံက တက်တက်ကြွကြွထောက်ခံအားပေးတယ်လို့ လည်း နိုဝင်ဘာ ၁၉ ရက် အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌက ထုတ်ပြောပါတယ်။

    ရွေးကောက်ပွဲကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သန်းခေါင်စာရင်းကောက်ယူတာလည်း ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူထားနိုင်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အပြီးကောက်မယ်လို့လည်း သူက ပြောထားပါတယ်။