ဒီကနေ့ မတ် ၂၀ ရက်ဘီဘီစီမြန်မာပိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီမှာပဲ ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ်ကိုဖြစ်သူက အမွေတောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို လေလံတင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ခြံ လေလံတင်ဖို့ကြေညာထားတဲ့ ဒီကနေ့နောက်ဆုံးရသတင်းအပါအဝင် မတ် ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နေအိမ် လေလံတင်ပွဲရှိနေပါတယ်
- ခြံနံပါတ် ၅၄ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ရောက်ရှိနေ
- ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံဆွဲမယ့်သူမရှိလို့ လေလံပွဲ အထမမြောက်
- လေလံပွဲမအောင်မြင်တာကြောင့် တရားရုံးက နောက်တစ်ကြိမ် လေလံရက် ကြေညာရမှာဖြစ်
- တအာင်းတပ် TNLA ရဲ့ ဒေသအတွင်းမှာ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတာတွေကို အရေးယူမယ်
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပည့်ရင်းတစ်ဦးဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဟောင်းဦးသိန်းညွန့် ကွယ်လွန်
- KNU တပ်မဟာ (၆) နယ်မြေ ကျိုက်ဒုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မဲသရောထစခန်းကုန်းကို
တိုက်ရိုက် ထုတ်လွှင့်ချက်
ကလေးမြို့က ရွာတွေ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးထက်မနည်းသေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပျဉ်းခုံကြီးရွာကို ဒီကနေ့ မတ် ၂၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ပေါ်လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၇ ရက်ကလည်း ကလေးမြို့ ပျဉ်းခုံလေးရွာမှာ နေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၃ ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မတ် ၁၇ ရက်မှာပဲ ကလေးမြို့ထဲက ကျောင်းတိုက်ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် - PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ကူပေးသလို ကလေးမြို့အခြေစိုက် စစ်တပ်ကနေလည်း လက်ရှိအချိန်အထိ လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်ခတ်နေတုန်းပဲလို့ သိရပါတယ်။
“တိုက်ပွဲစဖြစ်ကတည်းက လက်နက်ကြီးနဲ့ နေ့တိုင်းပစ်နေတာ”လို့ သူကပြောပြပါတယ်။
ပျဉ်းခုံကြီးရွာဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောင်းတိုက်ရွာကနေ ၂ မိုင်ဝန်းကျင်ကွာဝေးပြီး ပျဉ်းခုံလေးရွာကတော့ ကျောင်းတိုက်ကနေ ၅ ဖာလုံလောက်သာ ကွာဝေးတာဖြစ်ပါတယ်။
ဒါအပြင် မတ်လ ၁၉ ရက်ကနေ ဒီကနေ့ မတ် ၂၀ ရက်မနက်ပိုင်းအထိ ပျဉ်းခုံလေးရွာကို စစ်တပ်ဘက်က မီးရှို့နေတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ပျဉ်းခုံကြီး၊ ပျဉ်းခုံလေးနဲ့ ကျောင်းတိုက်ရွာ ဒေသခံတွေကတော့ တိုက်ပွဲစဖြစ်တဲ့ မတ် ၁၇ ကတည်းက ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကလေးမြို့မှာရှိတဲ့ ရွာတွေထဲက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ယူကေ ကပေးမယ့် မြန်မာအမျိုးသမီးတွေလျှောက်နိုင်တဲ့ ပညာသင်ဆုအစီအစဥ်
မြန်မာအမျိုးသမီးတွေအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံအသီးသီးက အမျိုးသမီးတွေကို ယူကေအစိုးရကနေ စကော်လာရှစ် (ပညာသင်ဆု) တွေပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးကနေ မတ် ၁၉ ရက်မှာ ကြေညာထားပါတယ်။
စကော်လာ လျှောက်ထားချင်တဲ့သူတွေအနေနဲ့STEM ဘာသာရပ်တစ်ခုခုနဲ့ ဘွဲ့ရရှိထားသူတွေဖြစ်ရမယ်လို့ဆိုပါတယ်။
STEM ဘာသာရပ်တွေဖြစ်တဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနယ်ပယ်ထဲက ဘာသာရပ်တစ်ခုခုအပါအဝင် သင်္ချာဘာသာရပ်နဲ့ ဘွဲ့ရရှိထားဖို့လိုအပ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ပညာသင်ဆု အကျိူးခံစားခွင့်တွေကတော့ ကျောင်းလခ၊ ၁၂ လစာ ထောက်ပံ့ကြေးနဲ့ နေစရိတ်အပါအဝင် ဗီဇာကြေး၊ ကျန်းမာရေးအာမခံကြး၊ IELTS စာမေးပွဲကြေးတို့အပြင် ယူကေနိုင်ငံကို အသွားအပြန်စရိတ် စတဲ့အရာတွေအားလုံး ခံစားခွင့်ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။
စကော်လာရှစ်ကို ကျောင်းအလိုက် ဧပြီလထဲမှာပဲ နောက်ဆုံးလျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
ယူကေအစိုးရက မြန်မာအမျိုးသမီးတွေကိုပေးမယ့် စကော်လာရှစ်အကြောင်း အသေးစိတ်ကို ဒီလင့်ခ်ကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။
ထိုင်းဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးကို မဲဆောက်ထိုင်းစစ်တပ်က ခေါ်ဆောင်ထား
မြန်မာဘက်ကတိုက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ၊ ပိုင်ခလန်ရွာဘက်ခြမ်းထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးကို မဲဆောက်အခြေစိုက် ထိုင်းစစ်တပ်ကနေ ခေါ်ဆောင်ထားတယ်လို့ မြေပြင်အခြေအနေသိသူ တစ်ဦး က ဘီဘီစီကိုပြောပါတယ်။
“မဲဆောက်-မြန်မာ ချစ်ကြည်ရေးတံတား - ၂ ကနေပဲ မြန်မာစစ်တပ်ဘက်ပြန်လွှဲမယ်ထင်တယ်” လို့ သူက ပြောပါတယ်။
ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် - KNLA/S.O.F ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ မတ် ၁၉ ရက်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းစွ့န်ခွာပြီး ထိုင်းဘက်ကို ထွက်ပြေးသွားတယ်လို့ S.O.F ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တနင်္သာရီကမ်းရိုးတန်းအခြေစိုက် (စကခ - ၁၃)၊ တပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့ ဘားအံအခြေစိုက် တပ်မ ၂၂ လက်အောက်ခံ တပ်စန်းတွေကို KNLA/S.O.F ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ထိုင်း၊ ပိုင်ခလန်ဘက်ထွက်ပြေးသွားတဲ့သူတွေကလည်း အဲဒီတပ်ဖွဲ့တွေထဲကပဲလို့ မြေပြင်အခြေအနေသိတဲ့သူတချို့က ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ထိုင်းဘက်နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ကို မြန်မာစစ်တပ်ထံပြန်လွှဲပြောင်းပေးခဲ့တာတွေရှိတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
သမ္မတရုံးဝန်ကြီးဟောင်း ဦးသိန်းညွန့်ကွယ်လွန်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပည့်ရင်းတစ်ဦးဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးသိန်းညွန့် မတ်လ ၁၇ ရက်က ကွယ်လွန်ခဲ့ပြီး မနေ့က နေပြည်တော်စစ်သင်္ချိုင်းမှာ သင်္ဂြိုဟ် ခဲ့တယ်လို့ ဘီဘီစီရဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဦးသိန်းညွန့်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နေပြည်တော်စီမံကိန်းကို အကောင်အထည်ဖော်ပေးခဲ့သူတွေထဲက အရေးကြီးသူတစ်ဦး ဖြစ်ပါတယ်။
‘’သူက ကိုမာ ဖြစ်နေတာကြာပြီ။ စစ်ဆေးရုံမှာတင်ထားတာ’’ လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်မှာ ဗိုလ်မှူးကြီးအဆင့်အထိပဲ တာဝန်ယူခဲ့ပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန် စတဲ့ အရေးကြီးတာဝန်တွေ ယူခဲ့သူ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ အမာခံတစ်ဦးဖြစ်သူဦးသိန်းညွန့်ဟာ ၂၀၁၀ ရွေကောက်ပွဲမှာ သူ့ဇာတိ ဧရာဝတီတိုင်း၊ မအူပင်ကနေ အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှတေ့ NLD ပါတီကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ကျိုက်ဒုံ၊ စစ်တပ်မဲသရောထစခန်းကုန်းနဲ့ ဂျိုးဖြူချက်ပွိုင့်စခန်းကုန်းကို KNLA နဲ့ S.O.F သိမ်းပိုက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ ကျိုက်ဒုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မဲသရောထစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် - KNLA နဲ့ NUG လက်အောက်ခံ တောင်ပိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ပူးပေါင်းအဖွဲ့တို့ မတ် ၁၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ S.O.F က ထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းကုန်းမှာ စစ်ကောင်စီခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ-၅၅၇) နဲ့ (ခမရ-၅၅၈) တပ်တို့ အခြေစိုက်တပ်စွဲခဲ့ပြီး KNLA/S.O.F ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၁၅ ရက်ညနေကတည်းက စတင်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကုန်းစွန့်ခွာပြီး ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။
မတ် ၁၉ ရက်မှာတော့ ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA/S.O.F တပ်ဖွဲ့တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ စစ်တပ်စခန်းကုန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။ အဲဒီစခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။
မတ် ၁၉ ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၁ လက်နဲ့ ခဲယမ်းအမြောက်အများကို KNLA/S.O.F ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျိုက်ဒုံမြို့က တိုက်ပွဲတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်မှုထမ်းဖို့ စုဆောင်းပေးနေတဲ့ စစ်ကောင်စီရပ်ရွာအုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ်လို့ TNLA ပြော
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ် TNLA ရဲ့ စစ်ဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ လူထုဆန္ဒကို ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတာတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ TNLAက မတ် ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့မှာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို သတ်မှတ်ထားတဲ့ တပ်သားသစ်ဦးရေအတိုင်း ပို့ပေးဖို့အတွက် စစ်ကောင်စီဘက်က အတင်းဖိအားပေးစေခိုင်းနေတာတွေကြောင့် တချို့နေရာတွေမှာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ တပ်သားသစ်စတင်စုဆောင်းနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီမြို့တွေမှာနေထိုင်တဲ့ ဒေသခံတွေကလည်း စစ်မှုထမ်းဖို့အတွက် ခြိမ်းခြောက်ခံနေရတဲ့အတွက် TNLA ကို တိုင်ကြားတာတွေရှိတယ်လို့ TNLA ရဲ့အပြောအရ သိရပါတယ်။
“မဲနှိုက်ရတယ်၊ မဲပေါက်တဲ့ လူ ၂ ယောက်ကတော့ စစ်မှုထမ်းဖို့ စာရင်းပေးလိုက်ရတယ်၊ ခြိမ်းခြောက်တာမျိုးတော့ မရှိဘူး” လို့ လားရှိုးမြို့က ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“မဲပေါက်ပြီးမှ မလိုက်ချင်ရင် ကျပ် သိန်း ၅၀ ပေးရမယ်ဆိုပြီးတော့လည်းကြားနေတယ်၊ ကျွန်မကတော့ လွတ်ပေမယ့် မောင်လေးကတော့ အသက်အကျုံးဝင်နေသေးတယ်။ မဲပေါက်ရင်တော့ နမ္မတူမြို့ကို ပို့မှာ” လို့ နောက်ထပ်လားရှိုးဒေသခံတစ်ဦးက စစ်မှုထမ်းရမယ့်အခြေအနေနဲ့ပတ်သက်လို့ ပြောပြပါတယ်။
စစ်ကောင်စီကတော့ စစ်မှုထမ်း ပထမအပတ်စဉ် (၁) ကို မေလကုန်ပိုင်းလောက်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့ ကြေညာထားပြီး စာရင်းကောက်ယူဆဲအဆင့်လို့ တုံ့ပြန်ထားပါတယ်။
လေလံဆွဲမယ့်သူမရှိလို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်လေလံပွဲမအောင်မြင်
လေလံစီမံခန့်ခွဲတဲ့ (bailiff) ဘိလစ်တရားရုံးအရာရှိ နဲ့ တရားရုံးစာရေးက ခြံနံပါတ် ၅၄ ကို လေလံဆွဲမယ့်သူ ရှိ မရှိ ၃ ကြိမ်မေးခဲ့တဲ့နောက် လေလံဆွဲမယ့်သူ မရှိတာကြောင့် လေလံပွဲမအောင်မြင်ကြောင်း ဘိလစ်အရာရှိက ဒီကနေ့ မတ် ၂၀ ရက် မှနေအိမ်ခြံဝန်ရှေ့မှာပဲ ကြေညာပါတယ်။
ဒီကနေ့ လေလံပွဲမအောင်မြင်တာကြောင့် တရားရုံးက နောက်တစ်ကြိမ် ထပ်မံပြီးလေလံရက် ကြေညာမှာဖြစ်ပါတယ်။ လေလံမအောင်မြင်တဲ့အတွက် ဥပဒေအရ ဘာဆက်ဖြစ်နိုင်လဲ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအရ ရပိုင်ခွင့်တွေဘာတွေရှိသေးလဲ။
ဒီလင့်ခ် မှာ ဆက်ပြီးဖတ်နိုင်ပါတယ်။
လေလံစီမံခန့်ခွဲတဲ့ (bailiff) ဘိလစ်တရားရုံးအရာရှိ ကမာရွတ်ခရိုင်တရားရုံး လေလံအရာရှိ ဟာ ခြံနံပါတ် ၅၄ ခြံဝန်းအတွင်းရောက်ရှိနေပြီဖြစ်ပါတယ်။ လေလံပွဲကို ၁၀ နာရီအတိမှာ မောင်းတီးပြီး စတင်မှာဖြစ်ပါတယ်။ မနက် ၁၀ နာရီ အချိန်အထိ လေလံဆွဲမယ့်သူတစ်ဦးမှရောက်ရှိနေတာမရှိကြောင်း ဘီဘီစီက သိရှိရပါတယ်။
လေလံဆွဲမယ့်သူမရှိရင် ဒီအမှုဘာဆက်ဖြစ်နိုင်လဲ။
ဒီလင်ခ့်ကိုနှိပ်ပြီးအပြည့်အစုံဖတ်နိုင်ပါတယ်။
ခြံနံပါတ် ၅၄ - သမိုင်းကို လေလံပစ်ခြင်း
သာယာလှပတဲ့ အင်းလျားကန်ရှုခင်း နဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ ဟာ သူ့ရဲ့ မြောက်များလှတဲ့ သမိုင်းတန်ဖိုးတွေကို ဖယ်ကြည့်မယ် ဆိုရင်တောင် ရန်ကုန်မြို့မှာ ရှိတဲ့ အကောင်းဆုံးမြေကွက်စာရင်းဝင်ပါတယ်။
ကမ္ဘာက သိတဲ့ ဒီလိပ်စာကို ပုံမှန်အခြေအနေမှာဆို မြန်မာပြည်က ဘီလျံနာတွေက ဝယ်ဖို့စိတ်ဝင်စားကြမှာဖြစ်ပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ လေလံဝင်ဆွဲဖို့ လက်တွန့်နေကြလိမ့်မယ်လို့ စီးပွားရေးအသိုင်းအဝိုင်းမှာ သုံးသပ်နေကြပါတယ်။
တရားရုံးကဖြတ်လိုက်တဲ့ ကျပ်ငွေ ၃၁၅ ဘီလျံဟာ တစ်ပေ ပတ်လည်စျေးနဲ့ တွက်ကြည့်ရင် တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ရှိတဲ့ တခြားအကွက်တွေထက် စျေးများနေတဲ့အကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
ဒီအကြောင်း အစုံကို ဒီလင်ခ့် ကိုနှိပ်ပြီးဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင်အိမ်လေလံအမှု သိသင့်တဲ့ ၃ ချက်
ဒီအမှုမှာ သာမန်နိုင်ငံသားမောင်နှမ ၂ ဦးအမွေခွဲတဲ့ ပြဿနာထက်ပိုစေတဲ့နောက်တစ်ချက်က ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသားဖြစ်နေတာကြောင့်ပါ။
အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဦးအောင်ဆန်းဦးက နိုင်ငံသားမိဘရဲ့ အမွေကို ဆက်ခံခွင့်ရှိသလား ဆိုတာကလည်း ဥပဒေပညာရှင်တွေနဲ့ ရှေ့နေရှေ့ရပ်အသိုင်းအဝိုင်းကြားမှာ ဆွေးနွေးစရာဖြစ်လာပါတယ်။ ဆောင်းပါး အပြည့်အစုံကို ဒီလင်ခ့် ကိုနှိပ်ပြီး ဖတ်နိုင်ပါတယ်။
ခြံနံပါတ် ၅၄ အမွေအမှုလေလံတင်မယ့်ရက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမွေခွဲဖို့အတွက် အစ်ကိုဖြစ်သူဦးအောင်ဆန်းဦးရဲ့ အထူးအယူခံတက် လျှောက်ထားမှုအနိုင်ရခဲ့တဲ့နောက် လေလံတင်ပြီးရောင်းချ ခွဲဝေယူဖို့ တရားရုံးကဆုံးဖြတ်ထားတဲ့ ဒီကနေ့ မတ်လ ၂၀ ရက်မှာတော့ ခြံနံပါတ် ၅၄ ရှိတဲ့ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမှာတော့ ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့ လေလံပွဲကို မနက် ၁၀ နာရီမှာ ခြံဝန်းအတွင်းပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ ခြံထဲကို ဝင်ရောက်သွားပြီဖြစ်ပါတယ်။
နေအိမ်ရှေ့မှာတော့ စစ်ကောင်စီရဲနဲ့ စစ်တပ်က လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။