ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေကို ဘယ်လိုတုံ့ပြန်ကြလဲ

စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီသဘောထားအပါအဝင် မေလ ၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်ထားတဲ့ ဗလမင်းထင်တံတားအနီးက စစ်တပ်စခန်းကို KIA/PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ခဲ့တာကြောင့် တံတားကို နာရီနဲ့ချီကြာအောင် ပိတ်ခဲ့ရပါတယ်
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်တပ်ရဲ့ပဲဒတ်စခန်းကို KNL/PDF က တိုက်ခိုက်ပြီးနောက် အဲဒီနေရာနဲ့ မိုင် ၂၀ အကွာက ကနက်သီရိရွာကို စစ်တပ်က ဗုံးကြဲလို့ ကလေး ၂ ဦးသေဆုံးတယ်လို့ သိရပါတယ်
  • ဂါဇာက လူဦးရေထူထပ်တဲ့ရာဖာမြို့ကို မြေပြင်ထိုးစစ်ပြုလုပ်မယ့် အစ္စရေးကို အမေရိကန်ဘက်က သမ္မတကိုယ်တိုင် သတိပေးတာတွေရှိနေပေမဲ့ ရာဖာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေပါတယ်
  • ဒေသတွင်း ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ရဲ့မြန်မာ့အရေးပြောဆိုချက်တွေ ဆက်စပ်မှုရှိ‌နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်
  • မြန်မာ့အရေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပါဝင်လာမှုကို ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌက ထိုင်းအစိုးရဆီ မေးခွန်းထုတ်လိုက်ပါတယ်
  • ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ကမ်းလှမ်းချက်တွေကို တော်လှန်ရေးအဖွဲ့တွေငြင်းဆို
  • အကြမ်းဖက်အားပေးအဖွဲ့တွေကို အားပေးတဲ့ပုံစံမလုပ်ဖို့ စစ်ကောင်စီပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၉ ရက် ဘီဘီစီရဲ့နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြင်းခြံ၊ ဆုံရွာတိုက်ပွဲဘယ်လိုဖြစ်ခဲ့တာလဲ

    ဆုံရွာအတွင်းက မီးလောင်သွားတဲ့နေအိမ်တစ်လုံး

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ဆုံရွာအတွင်းက မီးလောင်သွားတဲ့နေအိမ်တစ်လုံး

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာအနီး ဆုံရွာမှာရှိတဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) စခန်းကို ဒေသအခြေပြုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ မေ ၉ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

    စစ်ကောင်စီဘက်ကလည်း ဆုံရွာက ပြည်သူ့စစ်စခန်းကို PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ စခန်းမသိမ်း နိုင်ခဲ့ဘဲ PDF တွေ ပစ်ခတ်တဲ့လက်နက်ကြီးငယ်တွေကြောင့် အမျိုးသမီတွေအပါအဝင် လူပေါင်း ၃၂ ဦး သေဆုံးပြီး နောက်ထပ် ၁၄ ဦးလည်း ဗုံးစမှန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ နေ့ချင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့သတင်းမှာတော့PDF တွေက ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေ နေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတွေ သေဆုံးခဲ့တာဖြစ်ပြီး နေအိမ် အလုံးရေ ၅၀ ခန့်ကို မီးရှို့သွားတယ်လို့ ဖော်ပြထားပါတယ်။

    တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့(CDSOM) က တာဝန်ရှိသူ ကိုနွေဦးမြောင်ကတော့ စစ်ကောင်စီဘက်ကနေ ဆီမီးခုံရွာဘက်ကနေဆုံရွာဘက်ကို ရေတပ်စစ်ကူ၊ မြေပြင်စစ်ကြောင်းတွေနဲ့လက်နက်ကြီးပစ်ကူတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

    “အဲဒီအချိန်မှာ ဆီမီးခုံဘက်က ရေကြောင်းကနေလည်း ပစ်ကူပေးတယ်။ ဆီမီးခုံရဲစခန်းကနေလည်း စစ်ကြောင်းနဲ့ ပစ်ကူပေးတယ်။ ရန်သူ့ဘက်က ပစ်ကူပေးတဲ့ လက်နက်ကြီးတွေကလည်း သူတို့ရွာထဲကို ကျတာပဲ။ သူတို့လက်နက်ကြီးကြောင့်မို့လို့ သေတဲ့ရွာသူရွာသားတွေလည်း ရှိနိုင်တယ်။ ကျွန်တော်တို့နဲ့ ပစ်ခဲ့တာမှာတော့ သူပစ်ကိုယ်ပစ်နဲ့ ပစ်ခဲ့တာပဲရှိတယ်။ စပစ်တာက သူတို့ဘက်က လက်ဦးမှုယူပြီး စပစ်တာပေါ့။ သူတို့က မိုင်းကွင်းတွေ ဘန်ကာတွေနဲ့စောင့်နေတာ”လို့ ကိုနွေဦးမြောင်က ပြောပါတယ်။

    ဆုံရွာဟာ စစ်ကောင်စီကိုထောက်ခံတဲ့ အမာခံရွာဖြစ်သလို လက်နက်အင်အားတောင့်တင်းပြီး ဘေးရွာတွေကိုပါ အန္တရာယ်ပေးတဲ့အထိရှိနေတာကြောင့် မြောင်၊ မြင်းခြံ၊ ငါန်းဇွန်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောကြပါတယ်။

  3. ဗလမင်းထင် တံတားအနီးက စစ်တပ်စခန်း တိုက်ခိုက်ခံရ

    ဗလမင်းထင်တံတားအနီး တိုက်ပွဲဖြစ်ပွား‌ခဲ့တဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, ဗလမင်းထင်တံတားအနီး တိုက်ပွဲဖြစ်ပွား‌ခဲ့တဲ့မြင်ကွင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်ထားတဲ့လမင်းထင်တံတားအနီးက စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စတင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တံတားအနီးတဝိုက်က ရွာတွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံနေရတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

    မြစ်ကြီးနားတစ်ဖက်ကမ်း ဝိုင်းမော်ဘက်ခြမ်း တံတားအဆင်းနားမှာရှိတဲ့ စစ်တပ်ရဲ့ စုပေါင်းဂိတ်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကဆိုပါတယ်။

    “ဒီနေ့ ညနေ ၃ နာရီကျော်အထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေအပါအဝင် နေအိမ်တွေ အထိအခိုက်ပျက်စီးဆုံးရှုံးမှု ရှိမရှိကိုတော့ ဘီဘီစီက ဆက်သွယ်စုံစမ်းနေတုန်းဖြစ်ပါတယ်။

    တိုက်ပွဲကြောင့် ဗလမင်းထင်တံတားကို စစ်တပ်က နာရီနဲ့ချီကြာ‌အောင် ပိတ်ခဲ့ပေမဲ့ ဒီနေ့ ညနေ မြန်မာစံတော်ချိန် ၅ နာရီကျော်မှာ‌တော့ တံတားကို ပြန်ဖွင့် လိုက်ပြီလို့ သိရပါတယ်။

    စစ်ကောင်စီကတော့ မြစ်ကြီးနားက အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  4. သရက်ချောင်း၊ ပဲဒက်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဖမ်းမိတယ်လို့ဆို

    ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းများ

    ဓာတ်ပုံ ရင်းမြစ်, ဒေါနစစ်ကြောင်း

    ဓာတ်ပုံ ပုံစာ, ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းများ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး(PDF)ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ဖမ်းမိခဲ့တယ်လို့ ပူး‌‌ပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။

    သရက်ချောင်းမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ပဲဒက်စစ်ကောင်စီစခန်းနဲ့ ကျောက်ဆည်ကျေးရွာထဲက ပျူစောထီးစခန်းကို ပူပေါင်းအဖွဲ့တွေက မေလ ၅ ရက်ကတည်းက တိုက်ခိုက်ခဲ့အပြီးမှာ မနေ့ မေလ ၈ ရက်မှာ သိမ်းနိုင်ခဲ့တာလို့ ပူး‌‌ပေါင်းအဖွဲ့တွေက ပြောပါတယ်။

    တိုက်ပွဲကာလအတွင်းမှာလည်း ပဲဒက်စစ်စခန်း လက်မလွှတ်ရအောင် စစ်တပ်က လက်နက်ကြီးပစ်ကူတာအပြင် စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လေကြောင်းပစ်ခတ်မှု၊ ဗုံးသီးကြဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၈ လောင်း၊ ဖမ်းဆီးရရှိသူ ၂၆ ယောက်နဲ့ လက်နက်မျိုးစုံ ၃၀ လက်၊ ခဲယမ်းမီးကျောက်တွေ၊ စစ်သုံးဆက်စပ်ပစ္စည်းတွေရရှိတယ်လို့ ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်လာပါတယ်။

    ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေထဲက တပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးပြီး ၆ ယောက်ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့တယ်လို့လည်း သိရပါတယ်။

  5. ကာကွယ်ရေးအဖွဲ့တွေသိမ်းထားတဲ့ မလယ်ရွာရဲစခန်းကို စစ်တပ်က စစ်ကြောင်းပြန်ထိုးနေ

    မေ ၇ ရက်က နေအိမ်တွေမီးလောင်နေတဲ့ မလယ်ကျေးရွာမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Thabeikkyin Revolution - TR

    ဓာတ်ပုံ ပုံစာ, မေ ၇ ရက်က နေအိမ်တွေမီးလောင်နေတဲ့ မလယ်ကျေးရွာမြင်ကွင်း

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မေ ၇ ရက်မှာ သိမ်းပိုက်ပြီးနောက်ပိုင်း မေ ၉ ရက် ဒီနေ့မှာ စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    “ဒီနေ့တော့ စစ်တပ်က စစ်ကြောင်းတွေ သုံးပြီး မလယ်ကျေးရွာကို ပြန်ရောက်လာကြတယ်။ အင်အား ၈၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ ကာကွယ်ရေးအဖွဲ့တွေက မလယ် စကစ(စစ်ကောင်စီ) စခန်းကို သိမ်းပိုက်ပြီး မီးရှို့ပြီးတာနဲ့ ချက်ချင်းပြန်ထွက်လာခဲ့ကြတာ။ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မရှိဘူး”လို့ သူက ပြောပါတယ်။

    မလယ်ကျေးရွာမှာ အင်အား ၆၀ ဝန်းကျင်ရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာ လေကြောင်းပစ်ခတ်မှုပေါင်း အကြိမ် ၃၀ ဝန်းကျင်နဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက အမှတ် ၁၃ အမြှောက်တပ်ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ အကြိမ် ၅၀ ထက်မနည်း ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

    အဲဒီစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၆ လောင်းကို မျက်မြင်တွေ့ခဲ့ရတယ်လို့လည်းပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်လည်း ထိခိုက်သေဆုံးတာတွေရှိပေမဲ့ ဖြေဆိုဖို့ သူက ငြင်းပါတယ်။

    စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ၊ တိုက်ပွဲမှာ ပိတ်မိတာတွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာ ၁၀ ယောက်ထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။

    “စစ်ကိုင်းတိုင်း ကန့်ဘလူနဲ့ မန္တလေးတိုင်း သပိတ်ကျင်းကို ဧရာဝတီမြစ်က ခြားထားတယ်။ အဲဒီစစ်ကောင်စီစခန်းက ကချင်ပြည်နယ်တို့၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာရှိတဲ့ စကစတွေကို ရိက္ခာပို့တဲ့နေရာမှာ တထောက်နားတဲ့စခန်းလည်းဖြစ်တယ်။ ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်ထားတဲ့နေရာလည်းဖြစ်တယ်။ စစ်ကောင်စီအတွက် အရမ်းအရေးကြီးတဲ့နေရာပေါ့” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

    မလယ်ရဲစခန်းသိမ်း တိုက်ပွဲကြောင့် မလယ်တိုက်နယ်ထဲက ရွာ ၁၀ ရွာလောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

  6. သမ္မတ ဘိုင်ဒန်သတိပေးနေပေမဲ့ ရာဖာမြို့ထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ

    ရာဖာမှာ ညလုံးပေါက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ရာဖာမှာ ညလုံးပေါက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်

    ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေးလုပ်တာနဲ့ပတ်သက်ပြီး အစ္စရေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးတာတွေရှိနေချိန်မှာပဲ ရာဖာမှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။

    သမ္မတ ဘိုင်ဒန်ကတော့ အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ လူဦးရေသိပ်သည်းတဲ့ရာဖာမြို့ကို ဝင်ရောက်မယ်ဆိုရင် ‘‘လက်နက်တွေနဲ့ လက်နက်ကြီးကျည်တွေ ထောက်ပံ့တော့မှာမဟုတ်ဘူး’’ လို့ ပြောထားပါတယ်။

    ရာဖာမှာတော့ တိုက်ခိုက်မှုဟာ မြို့လယ်အထိရောက်လာနေတယ်လို့ ပါလက်စတိုင်းဒုက္ခသည်အရေးဆိုင်ရာ ကုလအေဂျင်စီက စကော့ အန်ဒါဆန်က ဘီဘီစီကို ပြောပါတယ်။

    ရာဖာမှာဖြစ်လာနိုင်ခြေရှိတာတွေကို စိုးရိမ်တာကြောင် အစ္စရေးကို ဗုံးတွေ လွှဲပြောင်းမှုကို ဆိုင်းငံ့ခဲ့အပြီးမှာ သမ္မတ ဘိုင်ဒန်ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

    မြို့တွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်နေတယ်လို့ ‌AFP သတင်း‌ထောက်တွေက ‌ပြောသလို ပါလက်စတိုင်း သတင်းဌာန Wafa ကတော့ ‌လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မြို့ အနောက်ဘက်ပိုင်းမှာ လူ ၈ ဦး‌ သေဆုံးတယ်လို့ ‌ပြောပါတယ်။

  7. ထားဝယ်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်လေကြောင်းပစ်ခတ်မှု ကလေးငယ် ၂ ဦးသေဆုံး

    ရငဲရွာက ပိတ်ထားတဲ့‌တိုက်နယ်ဆေးရုံလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်

    ဓာတ်ပုံ ရင်းမြစ်, DMSCD

    ဓာတ်ပုံ ပုံစာ, ရငဲရွာက ပိတ်ထားတဲ့‌တိုက်နယ်ဆေးရုံလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ကနက်သီရိရွာနဲ့ အနီးနားကျေးရွာတွေကို စစ်တပ်က မနေ့ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးသေဆုံးတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်ဟာ မနေ့ ညနေ ၅ နာရီခန့်မှာ တိုက်ခိုက်ရေးလေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကနက်သီရိရွာ ဘောလုံးကွင်းထဲမှာ ဘောလုံးကစားနေတဲ့လူငယ် ၂ ဦးသေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။

    ဒါ့အပြင် အဲဒီဗုံးကြဲမှုမှာ ကနက်သီရိရွာအနီးက ရငဲရွာထဲက တိုက်နယ်ဆေးရုံလည်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

    သပိတ်ကော်မတီကတော့ ကနက်သီရိမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်တွေလည်း အခြေစိုက်လှုပ်ရှားတာမရှိဘဲ အခုလို ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

    မနေ့မနက်ပိုင်းတုန်းကတော့ ကနက်သီရိရွာနဲ့ မိုင် ၂၀ အကွာက ပဲဒတ်ရွာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူး‌ပေါင်းတပ်တွေက သိမ်းခဲ့ပါတယ်။

    စစ်ကောင်စီတပ်ကတော့ သရက်ချောင်းမြို့နယ်ထဲက တိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  8. ထိန်းချုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကရတဲ့အမြတ်တွေကို ယူကရိန်းကိုပေးဖို့ အီးယူလုပ်ဆောင်

    ယူကရိန်း ရှေ့တန်း ဘာမုမြို့မှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက တိုက်ပွဲဝင်နေတဲ့ယူကရိန်း တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ယူကရိန်း ရှေ့တန်း ဘာမုမြို့မှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက တိုက်ပွဲဝင်နေတဲ့ယူကရိန်း တပ်ဖွဲ့ဝင်တွေ

    သိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေ ရရှိတဲ့အမြတ်တွေကို ယူကရိန်းကို လွှဲပေးဖို့ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံတွေက သံအမတ်တွေက မူအားဖြင့် သဘောတူလိုက်ပြီဖြစ်ပါတယ်။

    ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ ကျူးကျော်တဲ့အခါ အီးယူနိုင်ငံတွေဟာ ယူရိုငွေ သန်းပေါင်းသိန်းနဲ့ချီတဲ့ရုရှားပိုင်ဆိုင်မှုတွေကို သုံးစွဲမရအောင် ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။

    အဲဒီပိုင်ဆိုင်မှုတွေကနေရရှိတဲ့အတိုး ယူရိုငွေ ၃ ဘီလျံကို ယူကရိန်းကို လက်နက်တွေ ဝယ်ယူဖို့ အသုံးပြုနိုင်၊ မနိုင်ကို နောက်တစ်ပတ် အင်္ဂါနေ့မှာ အီးယူဘဏ္ဍာရေးဝန်ကြီးတွေတွေ့ဆုံတဲ့အခါမှာတော့ အတည်ပြုမှာဖြစ်ပါတယ်။

    ဥရောပသမဂ္ဂမှာ ပိတ်ဆို့ခံထားရတဲ့ရုရှားပိုင်ဆိုင်မှု တန်ဖိုးတင် ယူရိုငွေ ၂၁၁ ဘီလျံနီးပါးအထိရှိနေပါတယ်။

    အဲဒီပိုင်ဆိုင်မှုတွေကနေရရှိတဲ့ အမြတ်အစွန်းအများစုကို ဘယ်လ်ဂျီယံနိုင်ငံက ဘဏ္ဍာရေးဝန်‌ဆောင်လုပ်ငန်း Euroclear က ထိန်းသိမ်းထားပါတယ်။

    ရုရှားဘက်ကတော့ ပိုင်ဆိုင်မှုတွေကို အခုလို သိမ်းထားတာဟာ ''ဥရောပဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ တရားရေးအုတ်မြစ်တွေကို ဖျက်ဆီးမှု'' ဦးတည်တဲ့လုပ်ရပ်လို့ ပြောထားဖူးပါတယ်။

  9. ဒေသတွင်း ဝန်ကြီးချုပ်ဟောင်းတွေရဲ့ မြန်မာ့အရေးပြောဆိုချက်တွေ ဆက်စပ်မှုရှိ‌နေတယ်လို့ ဒေါ်ဇင်မာအောင်ပြော, ဟွန်ဆန်ရဲ့တောင်းဆိုချက်ကို ''လတ်တလော ဆောင်ရွက်ပေးဖို့မရှိ'' လို့ စစ်ကောင်စီပြော

    ဒေသတွင်းဝန်ကြီးချုပ်ဟောင်းတွေရဲ့ မြန်မာ့အရေးပြောဆိုချက်တွေဟာ ဆက်စပ်မှုရှိ‌နေတယ်လို့ ဒေါ်ဇင်မာအောင်ပြော

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်တုန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ်

    ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က မြန်မာ့အရေးတော်လှန်ရေးအစုအဖွဲ့တွေနဲ့တွေ့လာသလို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ တောင်းဆိုလာတာတွေဟာ ဆက်စပ်မှုရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဘီဘီစီကို ပြောပါတယ်။

    စစ်အာဏာသိမ်းမှုနောက်ဆက်တွဲမတည်ငြိမ်မှုတွေကို ‌ဒေသတွင်းနိုင်ငံတွေလည်း ကြုံနေရတာကြောင့် မြန်မာ့အရေးကို စောင့်ကြည့်နေကြတယ်လို့လည်း သူကသုံးသပ်တာပါ။

    “ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကရော လက်ခံမလားဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

    မေလ ၇ ရက်နေ့တုန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အွန်လိုင်းကတဆင့်တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, မေလ ၇ ရက်နေ့တုန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အွန်လိုင်းကတဆင့်တွေ့ဆုံ

    စစ်အာဏာသိမ်းစကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့တာပါ။

    ဒီတောင်းဆိုချက်ကို လတ်တလောမှာဆောင်ရွက်ပေးနိုင်စရာအကြောင်းမရှိဘူးလို့ စစ်ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    စစ်ကောင်စီချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်လို့ သူကပြောပါတယ်။

    “ပါတီစုံဒီမိုကရေစီစနစ်ကိုအာမခံပြီးဖြစ်သလို ရွေးကောက်ပွဲမဖြစ်မနေလုပ်ဖို့ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပါပြီ။ ကျွန်တော်တို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို နှောင့်နှေးစေနိုင်မယ့်အဖြစ်အပျက်တွေကို တတ်နိုင်သလောက် ရှောင်ရှားပါမယ်” လို့ သူက ဆက်ပြောပါတယ်။

    ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံပိုင်သတင်းကထုတ်ပြန်ရာမှာတော့ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ တောင်းဆိုချက်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းစဥ်းစားမယ်လို့‌ တုံ့ပြန်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

    ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်‌ဟောင်း ဟွန်ဆန် ပန်ကြား
  10. ရာဖာကို ထိုးစစ်ဆင်မယ်ဆိုရင် လက်နက်ပို့တာတွေ ရပ်မယ်လို့ အစ္စရေးကို သမ္မတဘိုင်ဒန်ပြော

    အစ္စရေးဘက်က လုပ်လာနိုင်ခြေရှိတဲ့ ထိုးစစ်ကြောင့် ရာဖာမြို့ကနေ ထွက်ခွာနေကြတဲ့ ဂါဇာဒေသခံ ပါလက်စတိုင်းတွေ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, အစ္စရေးဘက်က လုပ်လာနိုင်ခြေရှိတဲ့ ထိုးစစ်ကြောင့် ရာဖာမြို့ကနေ ထွက်ခွာနေကြတဲ့ ဂါဇာဒေသခံ ပါလက်စတိုင်းတွေ

    အစ္စရေးအနေနဲ့ ဂါဇာက ရာဖာနယ်စပ်ဂိတ်ကို မြေပြင်ထိုးစစ်ဆင်မယ်ဆိုရင် လက်နက်အချို့ ထောက်ပံ့တာတွေကို ရပ်တန့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြောလာပါတယ်။

    ရာဖာကို ထိုးစစ်ဆင်ရင် လက်နက်ပို့တာရပ်မယ့်အကြောင်း သမ္မတ ဘိုင်ဒန်က စီအန်အန် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောလိုက်တာဖြစ်ပါတယ်။

    အမေရိကန်ဘက်က ကန့်ကွက်မှုတွေရှိနေပေမဲ့ အစ္စရေးဟာ ရာဖာကို အင်အားသုံးဝင်ရောက်မယ် အခြေအနေ ရှိနေပါတယ်။

    အမေရိကန်ကတော့ ဂါဇာရဲ့ တခြားနေရာတွေက လူတွေလည်း လာပြီးခိုလှုံနေတဲ့ ရာဖာကို ထိုးစစ်ဆင်မယ်ဆိုရင် အရပ်သားထိခိုက်သေဆုံးမှု များမယ်လို့ အမေရိကန်က သတိပေးနေပါတယ်။

    ဂါဇာတောင်ပိုင်းက ရာဖာဟာ ဒေသတွင်းမှာ ဟားမတ်စ်အဖွဲ့ နောက်ဆုံးခြေကုတ်ယူထားတဲ့နေရာလည်းဖြစ်ပါတယ်။

    ဂါဇာရဲ့ အသက်သွေး‌ကြောသဖွယ်ဖြစ်တဲ့ ရာဖာအကြောင်း ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုပါ။

  11. မြန်မာ့အရေး ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ပါဝင်လာမှုကို လွှတ်တော်ကော်မတီဥက္ကဋ္ဌ မေးခွန်းထုတ်

    ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာကော်မတီရေးရာဥက္ကဋ္ဌ

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာကော်မတီရေးရာဥက္ကဋ္ဌ

    ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရကို ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီက မေးခွန်းထုတ်လာပါတယ်။

    မြန်မာ့ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ဆောင်ရမယ့်သူဟာ ထိုင်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ထိုင်းဝန်ကြီးချုပ်‌ ဆေထာ ထဝီဆင်တို့ကိုယ်တိုင်ဖြစ်ပေမဲ့ မစ္စတာ သက်ဆင် အခုလိုပါဝင်လာမှုဟာ ရှုပ်ထွေးမှုကို ဖြစ်စေတာကြောင့် သူ့အနေနဲ့ စိုးရိမ်တယ်လို့လည်း လွှတ်တော်ကော်မတီဥက္ကဋ္ဌ ရန်စီမန်ရုမ်းက ဧပြီ ၈ ရက်မှာ ပြောလိုက်တာဖြစ်ပါတယ်။

    ‘‘နိုင်ငံတကာဆက်ဆံရေးမှာ ထိုင်းနိုင်ငံကို ကိုယ်စားပြုပြီးဆောင်ရွက်ရမှာက ဝန်ကြီးချုပ် ဆေထာကိုယ်တိုင်ဖြစ်ပြီး လွှတ်တော်ကလည်း ဒါကို ထိန်းကျောင်းတာဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။

    မစ္စတာ ရုမ်းကတော့ သူ့ကော်မတီဟာ မြန်မာ့ပဋိပက္ခမှာ ကြားဝင်ညှိနှိုင်းပေးသူအနေနဲ့ ထိုင်းအစိုးရက ဆောင်ရွက်လာနိုင်ခြေရှိတာကို အားပေးထောက်ခံပေမဲ့ မူဝါဒတိတိကျကျမရှိတာကိုတော့ ထောက်ပြထားပါတယ်။

    ဝန်ကြီးချုပ်ရော၊ နိုင်ငံခြားရေးဝန်ကြီးတို့ကပါ မစ္စတာ သက်ဆင်ရဲ့ အခုလုပ်ဆောင်ချက်ကို တရားဝင် တိတိကျကျ ငြင်းဆိုတာမျိုးလုပ်ဖို့ လိုအပ်တဲ့အကြောင်းကိုလည်း သူက ထောက်ပြပြောဆိုပါတယ်။

    ထိုင်းဝန်ကြီးချုပ် ဆေထာနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကတော့ မစ္စတာသက်ဆင်ရဲ့ အခုလို မြန်မာတော်လှန်ရေးအစုအဖွဲ့တွေနဲ့တွေ့ဆုံမှု သတင်းတွေကို သူတို့လည်း ကြားသိထားရပြီး အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ပြောထားပါတယ်။

    ဗီဒီယို ပုံစာ, ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာတော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံခဲ့
  12. ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ကမ်းလှမ်းချက်တွေကို တော်လှန်ရေးအဖွဲ့တွေငြင်းဆို, အကြမ်းဖက်အားပေးအဖွဲ့တွေကို အားပေးတဲ့ပုံစံမလုပ်ဖို့ စစ်ကောင်စီပြော

    ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ကမ်းလှမ်းချက်တွေကို တော်လှန်ရေးအဖွဲ့တွေငြင်းဆို

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံပြန်ရောက်လာတဲ့ မစ္စတာသက်ဆင်

    စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ကမ်းလှမ်းချက်ကို မြန်မာတော်လှန်ရေးအင်အားစုတွေက ငြင်းဆန်လိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။

    အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တာဝန်ရှိသူတစ်ဦးကလည်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ စစ်ကောင်စီနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတယ်ဆိုတဲ့အချက်ကို ထောက် ပြပါတယ်။

    “ဦးနေဝင်းခေတ်၊ ဦးသန်းရွှေ ခေတ်ကတည်းက သူတို့ကရင်းနှီးနေကြတော့ သူတို့ကဟိုဘက်ပဲ အားသာမယ် လို့ ထင်တယ်။ တိုင်းရင်းသားနဲ့တွေ့ပြီးရင် ဦးမင်းအောင်လှိုင်နဲ့တွေ့မယ်ဆိုတာကို သူ ပိုပြောနေတယ်” လို့ KNPP တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ အခုလိုတွေ့ဆုံတာနဲ့ပတ်သက်ပြီး မြန်မာအကျိုး ကို ဖျက်ဆီးမယ့်အပြုအမူမျိုးမလုပ်ဖို့ဆိုပြီး မနေ့ကပဲ တုံ့ပြန်ပြောပါတယ်။

    “အကြမ်းဖက်အားပေးအဖွဲ့တွေကို အားပေးအားမြှောက်တဲ့ပုံစံမျိုးမလုပ်သင့်ဘူး” လို့ စစ်ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း အခုလိုတွေ့ဆုံတာဟာ ထိုင်းအစိုးရနဲ့မသက်ဆိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ကမ်းလှမ်းချက်တွေကို တော်လှန်ရေးအဖွဲ့တွေငြင်းဆို

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၀၁ ခုနှစ်တုန်းက စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံနေတဲ့ မစ္စတာသက်ဆင်

    ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာရဲ့ ဖော်ပြချက်အရတော့ မစ္စတာသက်ဆင်ဟာ တွေ့ဆုံဆွေးနွေးပွဲ ၂ ကြိမ်ခွဲ ပြုလုပ်ခဲ့ပြီး ဧပြီ ၁၃ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ကချင်အမျိုးသားအစည်းအရုံး(KNO)တို့နဲ့ တွေ့ဆုံခဲ့တာပါ။

    အဲဒီနောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဘန်ကောက်မြို့မှာတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ မစ္စတာသက်ဆင်တွေ့ဆုံခဲ့တယ်လို့ The Nation က ဆိုပါတယ်။

    NUG ဝန်ကြီး ဒေါ် ဇင်မာအောင်ကတော့ ဆွေးနွေးပွဲမှာ သူပါဝင်တာမရှိဘူးလို့ ဘီဘီစီကို ပြောထားပါတယ်။