ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုံရွာထောင်ဆူမှုနောက် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ ၁၅၀ ကို ထောင်ပြောင်း
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်လို့ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ မုံရွာအကျဥ်းထောင်က အကျဥ်းသား ၁၅၀ ကို ဧပြီလ ၇ ရက်နေ့က ထောင်ရွှေ့ပြောင်းလိုက်ပါတယ်။
ထောင်ကျ အကျဉ်းသား အမျိုးသား ၁၃၀ နဲ့ အမျိုးသမီး ၂၀ ကို မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင်တို့ဆီကို ပို့လိုက်တာလို့ မိသားစုဝင်တွေ၊ တရားရုံးနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီလို ထောင်ပြောင်းလိုက်သူတွေထဲမှာ မုံရွာသပိတ် ဦးဆောင်ကော်မတီမှာ ပါဝင်တဲ့ ဗကသ၊ တကသ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီး ပြစ်ဒဏ် ချခံထားရသူတွေအများစု ဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။
ဘယ်သူတွေ ဘယ်ထောင်ရောက်လဲ
မန္တလေး အိုးဘိုထောင်ကို ပို့တဲ့အထဲမှာ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုရှင်းသန့် နဲ့ ကိုရွှေဝင်းအောင်တို့ ပါဝင်တယ်လို့ သိပါတယ်။
ဗကသ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုပြည့်ဖြိုးမောင်မောင်၊ ကိုကောင်းခန့်ကျော်၊ မအေးချမ်းမြေ့၊ မဖူးသိမ့်သိမ့်တုန် အပါအဝင် အများအပြားကို မြင်းခြံထောင်ဆီ ပြောင်းရွှေ့လိုက်ပြီး မြင်းခြံကို ပို့တာ ပိုများတယ်လို့ မိသားစုတွေက ပြောပါတယ်။
ထောင်ပြောင်းမယ် ဆိုတာကို မိသားစုဝင်တွေက ကြိုတင် မသိကြဘဲ ဧပြီ ၇ ရက်နေ့က ထောင်ဝင်စာသွားပို့ကြသူတွေက ထောင်ရှေ့မှာ စစ်ကားတွေ ရောက်လာတာတွေ့ရလို့ စုံစမ်းကြည့်ရာမှာ ထောင်ရွှေ့ပြောင်းဖို့ ရှိတယ်လို့ သိကြရတာဖြစ်ပါတယ်။
သူတို့က တဆင့် ထောင်ကျသူတွေရဲ့ မိသားစုတွေ အချင်းချင်းကို အကြောင်းကြားမှသာ ကျန်မိသားစုတွေက သိကြရတယ်လို့ ထောင်ပြောင်း ခံရသူတစ် ယောက်ရဲ့ အစ်မက ဘီဘီစီကို ပြောပါတယ်။
မုံရွာထောင်ထဲမှာ ဘယ်သူတွေ ကျန်လဲ
ထောင်ရွှေ့ပြောင်းလိုက်သူတွေထဲမှာ နိုင်ငံရေးအမှုနဲ့ ပြစ်ဒဏ်ကျနေသူတွေကိုသာ ရွှေ့ပြောင်းတာတွေ့ရတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တရားစွဲခံထားရပြီး အမှုဆက်လက်ရင်ဆိုင်နေကြရသူတွေကတော့ မုံရွာအကျဉ်းထောင်ထဲမှာပဲ ဆက်လက် ရှိနေပါသေးတယ်။
မုံရွာထောင်ထဲမှာ ဆက်လက် ကျန်နေသူတွေထဲမှာထင်ရှားသူတွေကတော့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ မုံရွာ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်၊ ပုဒ်မ ၅၀၅-က အပြင် နောက်ထပ်ပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ ဗကသ ဟောင်း ကိုအာကာထက်မိုး တို့ ဖြစ်ကြပါတယ်။
ထောင်ပြောင်းတာဘာကြောင့် ဖြစ်နိုင်လဲ
စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားတဲ့ သပိတ်တွေ အားကောင်းတဲ့ နေရာတခု ဖြစ်ပြီး တက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင်တွေနဲ့ လူငယ်တွေ အတော်များများ မုံရွာထောင်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။
အရင်ကလည်း နိုင်ငံရေးသမားတွေကို တစ်နေရာကနေ တစ်နေရာ ထောင်တွေ ပြောင်းလေ့ရှိပေမဲ့ အခုလို ရာနဲ့ချီပြီး ရွှေ့ပစ်လိုက်တာမျိုးကိုတော့ မတွေ့ဖူးဘူးလို့ အကျဉ်းထောင်တွေနဲ့ ပတ်သက်ပြီး သိရှိသူက ပြောပါတယ်။
အခု ထောင်ပြောင်းလိုက်တဲ့ အကြောင်းနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဆူမှု ဖြစ်ခဲ့တဲ့အတွက် နောက်ထပ် အလားတူ ထပ်ဖြစ်မလာအောင် လူစုခွဲတဲ့ အနေနဲ့ကြောင့် ပြောင်းလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒီလို ယူဆစရာ ဖြစ်ရတာကလည်း ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက မုံရွာထောင်ထဲမှာ ဆူပူမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် အကျဉ်းသားတစ်ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက်မှာ ထောင်တွင်း အထူးတရားရုံးတွေမှာ ကြားနာစစ်ဆေးမှုတွေလည်း မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်တဲ့အတွက် ဖြစ်ပါတယ်။
ဒါကြောင့် ထောင်ဆူလို့ ထောင်ပြောင်းတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။
ဧပြီလ ၄ ရက်နေ့က စတင်ပြီး မုံရွာ ခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံး တို့မှာ တရားခံ မပါဘဲ ရုံးထုတ်ခဲ့တာတွေ လုပ်ပြီး ရက်ချိန်းသာ ပေးခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြန်ပြောပါတယ်။