အညာနွေဦးနဲ့ ကုန်းဘောင်အလွန် ဗိုလ်များ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၂ဝ၂၂ ဟာ အလောင်းဘုရားဘွဲ့ခံ ဦးအောင်ဇေယျရဲ့ ကုန်းဘောင်မင်းဆက် ထူထောင်တာ နှစ် ၂၇ဝ ပြည့်တဲ့ နှစ် ဖြစ်သလို ဦးအောင်ဇေယျ အင်အားစုခဲ့တဲ့ ချင်းတွင်းဧရာ မြစ်နှစ်သွယ်ကြားက စစ်ကိုင်းဒေသကြီးမှာလည်း လက်နက်ကိုင် အုံကြွမှုတွေ ဆူဝေ နေတဲ့ ကာလကြီး ဖြစ်ပါတယ်။ စစ်ကိုင်းတင်မကဘဲ ယောနဲ့ ချင်းပြည်နယ်၊ ကရင်နီ စတဲ့ မြန်မာပြည် အထက်ပိုင်းတကြောမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တော်လှန်စစ်တွေ ဖြစ်ပွားနေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DEA / G. DAGLI ORTI

ဓာတ်ပုံ ပုံစာ, ကုန်းဘောင်ခေတ်ကို တည်ထောင်တဲ့ အညာသားများ

အညာပုခက်

စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတွေ ပါဝင်ပြီး အညာဒေသလို့ သတ်မှတ်ခေါ်ဆိုနေကြတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသကြီးဟာ နှစ်တထောင်ကျော်အတွင်း မြန်မာမင်းဆက်ဆိုတဲ့ ပဒေသရာဇ်အုပ်စိုးသူ အဆက်ဆက် ပေါ်ထွက်ရာ လွင်ပြင်ကြီး ဖြစ်ပြီး ဧရာဝတီ၊ ချင်းတွင်း၊ မူးနဲ့ မုန်းချောင်း၊ စစ်တောင်းမြစ်ဝှမ်းတွေ ပါဝင်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ဒီအညာလွင်ပြင်ကို တမ္ပဒီပနဲ့ သုနာပရန္တဆိုတဲ့ ဧရာဝတီမြစ်ရဲ့ အရှေ့နဲ့အနောက်ကို ပိုင်းခြားပြီး တိုင်းကြီးနှစ်တိုင်းအဖြစ် မြန်မာဘုရင်တွေ ခေတ်က သတ်မှတ်ခဲ့ကြသလို ကျောက်ဆည်၊ မင်းဘူး၊ ရွှေဘို၊ အလုံ၊ တောင်တွင်း စတဲ့ နယ်ကြီး ခရိုင်တွေအဖြစ်လည်း အစဉ်အဆက် အုပ်ချုပ်ခဲ့ကြပါတယ်။

ဒီနယ်တွေဟာ ဗမာလို့ခေါ်တဲ့ မြန်မာလူမျိုးတွေရဲ့ ပင်မဒေသကြီးတွေ ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာထွန်းကားစည်ပင်တဲ့ နယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည် အောက်ပိုင်း ဖြစ်နေတဲ့ မွန်ပြည်ကြီးနဲ့ ရခိုင်၊ တနင်္သာရီ၊ ရှမ်း၊ ထိုင်း၊ လာအို၊ မဏိပူရ၊ အာသံ ပြည်တွေကို တိုက်ခိုက် သိမ်းပိုက်တဲ့ မြန်မာမင်းဆက်တွေအတွက် မြန်မာပြည်ဟောင်း ဖြစ်တဲ့ အလယ်ပိုင်းဒေသကြီးဟာ ခြေကုပ်စခန်းကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံတော်တခုကို အုပ်ချုပ်သူအစိုးရအဆက်ဆက် အနေနဲ့ အလယ်ပိုင်းပင်မနယ်မြေကြီးကို ပင်လယ်ထွက်ပေါက်နဲ့ စပါးကျီဖြစ်တဲ့ ပဲခူး၊ ရန်ကုန်တိုင်းတွေနဲ့ထပ်တူ ပြည်မနယ်မြေကြီးအဖြစ် တည်ငြိမ်အောင် ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။

အညာနယ်မြေဟာ မြန်မာပဒေသရာဇ်တွေရဲ့ အမာခံနယ်မြေဖြစ်လို့ စစ်သည်တော် စုဆောင်းပေးရတဲ့ အစဉ်အလာရှိပါတယ်။ မြို့တော်တွေ တည်ဆောက် ခဲ့တဲ့ အင်းဝ စစ်ကိုင်းနယ်မြေ အပြင်ဘက်က နယ်တွေဟာ ဘုရင်တွေရဲ့ ခြေလျင်တပ်၊ မြင်းတပ်၊ ဆင်တပ်၊ လှေတပ်တွေ အတွက် အားထားရာ နယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ထောင်ပြု၊ ရာပြု၊ ဆယ်ပြုမြို့တွေဟာ ပုဂံခေတ်လောက်ကတည်းက ရှိနေခဲ့ပြီး သူ့လူဦးရေ အချိုးနဲ့အညီ စစ်ဖြစ်ချိန်မှာ ဘုရင့်တပ်ကို တပ်သား ပို့ရပါတယ်။ ရွှေဘိုမြောက်ဘက်က နယ်တွေကို မြင်းမြေအဖြစ် အစဉ် အဆက် သိခဲ့ကြပြီး စစ်သူရဲတွေ ထွန်းကားခဲ့တဲ့နယ်တွေ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Pictures from History

ဓာတ်ပုံ ပုံစာ, နောက်ဆုံးပဒေသရာဇ် ကုန်းဘောင်

ငတပါးနဲ့ မင်းလောင်းများ

အလောင်းဘုရား ဦးအောင်ဇေယျကို အင်းဝမိုးညှင်းမင်းတရားနဲ့ ဆွေမျိုးဆက်ကြပေမယ့် ငတပါးမင်းလို့ပဲ အများက မြင်ကြပါတယ်။ အင်းဝ ညောင်ရမ်းဆက်နဲ့ သွေးမဆက်ဘဲ ရွာသူကြီးမျိုးက မင်းတက်ဖြစ်တဲ့ ဦးအောင်ဇေယျဟာ သူ့ရှေ့က နိုင်ငံထူထောင်ခဲ့တဲ့ တပင်ရွှေထီး ဘုရင့်နောင် တို့နဲ့ ကွာခြားနေပါတယ်။ ဒီဘုရင်တွေဟာ တောင်ငူကနေ နိုင်ငံကြီးတည်ပြီး ဧကရာဇ်တက်ဖြစ်တယ်ဆိုပေမယ့် အင်းဝသြဇာခံ တောင်ငူမင်းဆက်က ဘုရင်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဦးအောင်ဇေယျ ဘုရင်ဖြစ်ဖို့ ကြံချိန်မှာ ဘုရင့်နောင် အင်အားစုချိန်ထက် ပိုလုံးပန်းရပြီး မင်းလောင်း အပြိုင်တွေလည်း များပါတယ်။ ဖိုသုံးဖို တဖိုက မီးထတောက်မယ် ဆိုတဲ့ တဘောင်နဲ့အညီ နဂါးဘိုနဲ့ အုတ်ဖို ဆိုတဲ့ တခြား အင်အားစုတွေကို မြန်မာပြည် အလယ်ပိုင်းမှာ သူပြိုင်ခဲ့ရသလို အောက်ပိုင်းကနေ အလယ်ပိုင်းထိ တက်သိမ်းထားတဲ့ မွန်တပ်တွေကို သူရင်ဆိုင်ရပါတယ်။ သူ့အနီးဝန်းကျင်က ခင်ဦး၊ အလုံ စတဲ့ မြို့တွေမှာ သူ့လိုပဲ ဗိုလ်ဝင်ခံချင်တဲ့ လူစွမ်းကောင်းတွေကို သူဗိုလ်လုခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DEA / ICAS94

ဓာတ်ပုံ ပုံစာ, ကုန်းဘောင်ခေတ်ဦးက မြန်မာနဲ့ အင်ဒိုချိုင်းနား

ဒါကြောင့် လက်ရှိ မြန်မာပြည် အလယ်ပိုင်းက တပ်ပေါင်းစုံ အနေအထားဟာ ၁၇၅၂ နဲ့ ၁၈၈၅ ဒုတိယ အင်းဝနဲ့ မန္တလေးပျက်ချိန်တွေမှာ ငတပါးတွေ နိုင်ငံ အလယ်ပိုင်းကို ထိန်းချုပ်ဖို့ အင်အားပြိုင်တဲ့ အခြေအနေနဲ့ နီးစပ်နေပါတယ်။ ဒုတိယအင်းဝခေါ် ညောင်ရမ်းခေတ် ပျက်ချိန်မှာ ရွှေဘိုက မုဆိုးဆက်ခေါ် ကုန်းဘောင်မင်းတွေ တက်လာပေမယ့် ၁၈၈၅ ကုန်းဘောင်ဆက်ပျက်သုဉ်းချိန်မှာတော့ ဗြိတိသျှအစိုးရက မြန်မာပြည်ဟောင်းကို အိန္ဒိယအင်ပါယာထဲ သွတ်သွင်းခဲ့ပါတယ်။ အဲဒီနောက်မင်းလောင်းမောင်သန့်၊ ဗန္ဓကရသေ့ စတဲ့ ကျေးလက်အခြေခံ ပုန်ကန်မှုတွေ ပြည်မတကြောမှာ ရံဖန်ရံခါ ဖြစ်ခဲ့ပေမယ့် ဆရာစံ ပုန်ကန်မှုမှာတော့ ရှေးပုံစံ လယ်သမားအုံကြွမှုတွေ အဆုံးသတ် အရေးနိမ့်ခဲ့ပါတယ်။ ၁၉၄၂ ဂျပန်ဝင်ချိန်မှာ ပေါ်ထွန်းလာတဲ့ ဘီအိုင်အေတပ် ကတော့ ပထမဆုံး ခေတ်သစ် မြန်မာ အမျိုးသားတပ် ဖြစ်ပြီး နိုင်ငံရေးဦးဆောင်မှုနဲ့ ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒီတပ်ခေါင်းဆောင်တွေ ကြီးစိုးတဲ့ စစ်နိုင်ငံရေးစနစ်ကို ၁၉၆၂ မှာ ထူထောင်ခဲ့ပါတယ်။ ၁၉၆၂ မြန်မာစစ်အစိုးရရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းကို အလောင်းဘုရားနဲ့ တိုင်းပြည် ထောင်ဘက် မင်းခေါင်နော်ရထာ ဗိုလ်တွန်နဲ့ ဆွေမျိုးစပ်လေ့ရှိတာကလည်း ငတပါးနိုင်ငံရေးတမျိုး ဖြစ်ပါတယ်။

ဗိုလ်နေဝင်း စတဲ့ စစ်နိုင်ငံဟာ ဗိုလ်သန်းရွှေခေတ်ကို ကျော်ပြီး ဗိုလ်မင်းအောင်လှိုင်ထိ ရောက်ခဲ့ပေမယ့် ၂ဝ၂၁ စတုတ္ထ အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံအနှံ့ ပုန်ကန်မှုတွေနဲ့ စစ်အစိုးရ ရင်ဆိုင်ခဲ့ရပါတယ်။ ရာနဲ့ချီတဲ့ ပီဒီအက်ဖ် အဖွဲ့တွေနဲ့ တခြား တော်လှန်ရေး အဖွဲ့ တွေကြားမှာ အားပြိုင်မှုတွေ ရှိပေမယ့် စစ်အုပ်စိုးမှု ဖျက်သိမ်းရေး ဆိုတဲ့ ဘုံရည်မှန်းချက်မှာတော့ တူညီကြပါတယ်။ ဒီအဖွဲ့သစ်တွေဟာ ရှိရင်းစွဲ လူမျိုးစုအခြေပြု လက်နက်ကိုင်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး စစ်အုပ်စုကို ခုခံနေသလို ဒီအဖွဲ့တွေကို စုစည်းပြီး ကျစ်လစ်တဲ့ တပ်သစ် ပေါ်ထွက်လာဖို့ကတော့ အလောင်းဘုရားလို စုစည်းနိုင်တဲ့ စစ်ခေါင်းဆောင်မျိုး မရှိတဲ့အတွက်၊ ဗိုလ်ချုပ်အောင်ဆန်းလို ပြင်ပအင်အားစုက တင်ပေးမယ့် စစ်ခေါင်းဆောင်မျိုး ပေါ်မလာသေးတဲ့အတွက် အလှမ်းဝေး နေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, အညာအခြေပြု တော်လှန်သူများ

အညာအချက် နေပြည်တော်အခက်

ဒီနေရာမှာ ၁၈ ရာစုနဲ့ ၂ဝ ရာစု မြန်မာနိုင်ငံကို စုစည်းခဲ့ကြတဲ့ အလောင်းဘုရားနဲ့ ဗိုလ်အောင်ဆန်းတို့ နှစ်ယောက်လုံး အညာက ဖြစ်ပြီး ရဲဘော်ရဲဘက် အခြေပြု စစ်ခေါင်းဆောင်မှုကို ပေးခဲ့ကြတာ တွေ့ရပါတယ်။ ဗိုလ်အောင်ဆန်းဟာ သခင်ဘဝက လာပေမယ့် စစ်ခေါင်းဆောင် ဖြစ်ချိန်မှာတော့ သူ့ရဲ့ သြဇာအာဏာဟာ ခေတ်ပြိုင် စစ်ဗိုလ်တွေ အားလုံးထက် ကျော်ပြီး စူးရှခဲ့ပါတယ်။ ၂ဝ၂၁ နောက်ပိုင်း တော်လှန်မှုတွေမှာတော့ ဒီလို ထွက်ပေါ်လာတဲ့ အထက်အောက် ခေါင်းဆောင်မှုမျိုး မတွေ့ရဘဲ ဘေးတိုက် ကွန်ရက်ပုံစံ ချိတ်ဆက် ဆောင်ရွက်တာတွေက ပိုများနေပါတယ်။ အန်ယူဂျီ အစိုးရရဲ့ ရန်ပုံငွေ အခြေပြု ထိန်းချုပ်ဖို့ ကြိုးစားမှုကလည်း ပီဒီအက်ဖ်နဲ့ လက်နက်ကိုင် အဖွဲ့သစ်အားလုံးဆီ မရောက်နိုင်သေးဘဲ အန်ယူဂျီလက်အောက်ခံနဲ့ လက်အောက်မခံ အဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်မိတာတွေ လည်း ရှိလာပါတယ်။

ဒီလို ခေါင်းဆောင်မှု အားနည်းပေမယ့် အညာဒေသအခြေပြု လှုပ်ရှားမှုတွေက တနှစ်ကျော် ဆက်လက် အားကောင်းနေပြီး ကရင်နီ၊ ကရင်နဲ့ ချင်းစတဲ့ လူမျိုးစုတပ်တွေလိုပဲ နေပြည်တော် စစ်အုပ်စုကို ခြိမ်းခြောက်နိုင်တာ တွေ့ရပါတယ်။ ကချင်၊ ဝနဲ့ ရခိုင် စတဲ့ နိုင်ငံမှာ အင်အားကြီးတဲ့ လူမျိုးစုတပ်တွေနဲ့ အညာတပ်တွေကြားမှာလည်း စည်းလုံးမှု ပိုရှိလာပြီး ဒီညီညွတ်မှုကို အားပျော့အောင် ဖက်ဒရယ်ကမ်းလှမ်းတာတွေကို စစ်အုပ်စုက ပိုအားစိုက် လုပ်နေ ပါတယ်။

အညာတပ်တွေဟာ နယ်မြေ အနေအထားနဲ့ လက်နက်အင်အားမှာ ရှိရင်းစွဲ လူမျိုးစုတပ်ကြီးတွေလောက် အားမကောင်းပေမယ့် အလယ်ပိုင်းလွင်ပြင်မှာ လှုပ်ရှားနိုင်တဲ့ သူတို့ရဲ့ ပထဝီအနေအထား၊ အဓိက လူမျိုးကြီးဖြစ်တဲ့ မြန်မာရဲ့ ပင်မနယ်မြေကို အခြေပြု လှုပ်ရှားမှု တွေကြောင့် မြန်မာဗုဒ္ဓဘာသာ နိုင်ငံရေးကို အားပြုလှုံ့ဆော်တတ်တဲ့ စစ်အုပ်စုအတွက် အခက်တွေ့စေပါတယ်။ ၁၉၄၈ က ၁၉၇ဝ အစပိုင်းနှစ်တွေထိ ပြည်မမှာ ကွန်မြူနစ်နဲ့ လက်ဝဲ ပုန်ကန်မှုတွေ အားကောင်းခဲ့ပေမယ့် အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းအရှိန်နဲ့ ကျန်ခဲ့တဲ့ ဖဆပလအစိုးရနဲ့ စစ်တပ်ကို လူဆန့်ကျင်မှုက အခုလို မများခဲ့ ပါဘူး။ ဒီတခါ တော်လှန်မှုမှာတော့ စစ်အစိုးရရဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကို ဖီဆန်ပြီး တနှစ်ကျော်တိုင် အဖွဲ့စုံ ပူးပေါင်းပြီး ခုခံနေတာကို တွေ့ရ ပါတယ်။

ဒီတော်လှန်မှုတွေဟာ စစ်အုပ်စုရဲ့ လက်နက်ကိုင်စစ်သားစုဆောင်းရာ ပြည်မဒေသက ပေါ်ထွက်လာတာ ဖြစ်ပြီး စစ်အုပ်စုနဲ့ လူမျိုးတူ ဘာသာတူ ပုန်ကန်မှု ဖြစ်ပါတယ်။ တခြား လူမျိုးစုနယ်မြေတွေက တော်လှန်မှုတွေကို ဖြိုခွဲချိန်မှာ တိတ်ဆိတ်နေတတ်တဲ့ အညာဒေသမှာ အုံကြွမှုတွေ ဖြစ်လာတဲ့အခါ ပြည်မ တကြောက မြန်မာအများစုကို ဂယက်ရိုက်ခတ်ပြီး စစ်အုပ်စုကို နိုင်ငံရေးအကျပ်ဆိုက်စေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတော်လှန်ရေးသမားတွေရဲ့ မြင်ကွင်း

အညာဘူတနဲ့ နိုးကြားမှု

တကယ်က မြန်မာပြည်လို့ အနှစ်တထောင်ကျော် ခေါ်ခဲ့ကြတဲ့ ဧရိယာထဲမှာ အညာနဲ့ မြန်မာမင်းတွေ ပိုင်စိုးခဲ့တဲ့ နယ်မြေတွေ ပါကြောင်း ဟာဝိုင်အီ တက္ကသိုလ်က သမိုင်းပါမောက္ခဟောင်း မိုက်ကယ်အောင်သွင် ရေးခဲ့ဖူးပါတယ်။ မြန်မာအောက်က သီးခြားကင်းလွတ်တဲ့ ခေတ်တွေမှာသာ အခု နိုင်ငံအောက်ပိုင်း ဖြစ်နေတဲ့ နယ်မြေတွေကို မြန်မာပြည်ထဲ ထည့်သွင်း မဖော်ပြတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ပုဂံကျောက်စာတွေထဲမှာပဲ ဥဿာလမည် တန်လိုင်ပြည်ဆိုပြီး မွန်ပြည်ကြီးကို ရည်ညွှန်းတာ ရှိသလို ရခိုင်နဲ့ ရှမ်းပြည်တွေကိုလည်း သီးခြားပြည်ထောင်တွေအဖြစ် ညွှန်းဆိုတာတွေလည်း ရာဇဝင်မှတ်တမ်းတွေမှာ ရှိခဲ့ပါတယ်။

နောက်ပြီး ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲမှာ ပဲခူးနယ်ကြီးကို ဗြိတိသျှသိမ်းပြီးနောက်ပိုင်း ကိုလိုနီအုပ်ချုပ်ရေး မှတ်တမ်းတွေမှာ အောက်နဲ့ အထက် တနည်း ဗြိတိသျှနဲ့ အမျိုးသား မြန်မာပြည်၊ အကြေနဲ့ အညာအဖြစ် ခွဲခြားဖော်ပြတာတွေ ရှိလာတယ်လို့လည်း သမိုင်းပညာရှင် ဒေါက်တာမျိုးဦးရဲ့ အညာသားနဲ့ အောက်သား ပြုခြင်း စာတမ်းမှာ ပါရှိပါတယ်။

၁၈၆၉ မှာ ဆူးအက်တူးမြောင်းဖွင့်ပြီးနောက်ပိုင်း ဆန်စပါးစျေးကွက်ကြီး ဖြစ်လာတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အညာနဲ့ အိန္ဒိယက ဝင်လာတဲ့ လယ်သမားတွေရဲ့ လုပ်အားကြောင့် စီးပွားရေး ဖွံ့ဖြိုးလာပြီး လူနေမှုပုံစံ ပြောင်းလဲလာပါတယ်။ အညာမှာတော့ ဘုရင်စနစ်ဖျက်ပြီးနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်ထိ နိုင်ငံရေး၊ စီးပွားရေးမှာ အပြောင်းအလဲ မကြီးလှဘဲ အောက်နဲ့ အထက် နိုင်ငံရေးနိုးကြားမှု ကွာဟကြောင်း ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းက အထက်ဗမာပြည်၏နိုင်ငံရေး ဆောင်းပါးမှာ ရေးခဲ့ဖူးပါတယ်။ အောက်ပြည်က အရင်းရှင်ခေတ် ဝင်ချိန်မှာ အညာက မြေရှင်ခေတ်မှာ ကျန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အောက်ပြည်မှာ စီးပွားရေးကောင်းလို့ အညာက မြန်မာအများအပြား ရွှေ့ပြောင်းအခြေချတာတွေ ဖြစ်ခဲ့ပြီး အောက်ပိုင်းမှာ မြန်မာလူဦးရေက အများစု ဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်အတွင်းမှာတော့ အညာနိုင်ငံရေးနဲ့ လူထုကြား ရိုက်ခတ်မှုတွေ များခဲ့ပြီး မြေရှင်ခေတ်ကုန်ကာ လက်ဝဲသြဇာဝင်လာပါတယ်။ မဆလ၊ နဝတ စစ်အစိုးရခေတ်တွေမှာလည်း စီမံကိန်းစီးပွားရေးစနစ်နဲ့ လယ်သိမ်းယာသိမ်း ကိစ္စတွေကြောင့် အညာလူထုအခြေအနေက မလွတ်လပ်မီ ခေတ်ကထက် ပိုမထူးတဲ့ အဖြစ်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတခြားဒေသတွေလိုပဲ လူငယ်တွေ ပြည်ပနဲ့ ရန်ကုန်ဆင်းပြီး အလုပ်ရှာကြတဲ့အတွက် ပိုခေတ်မီလာတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နေပြည်တော်စစ်တပ်နဲ့ ဗုဒ္ဓသာသနာမှာ အညာက လူငယ်တွေ ဝင်ရောက်မှု လျော့နည်းလာသလို နှစ်ခုလုံးရဲ့ ဦးရေပမာဏလည်း ၂၁ ရာစုဦးမှာ ကျဆင်းလာပါတယ်။ ၂ဝ၂၁ နောက်ပိုင်း အညာမှာ မြေလှန်မီးရှို့သတ်ဖြတ်မှုတွေကြောင့် စီးပွားလူမှုအနေအထားက ရှိရင်းစွဲထက် အများကြီး ဆုတ်ယုတ်ခဲ့ပြန်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Andrea Pistolesi

ဓာတ်ပုံ ပုံစာ, ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားတဲ့ အညာမြေ

အညာနဲ့ အစွဲ

ဒီတခါ အညာပုန်ကန်မှုမှာတော့ သီပေါမင်း ပါတော်မူချိန် အုံကြွမှုတွေလို မင်းလောင်းထမှုသက်သက်မဟုတ်ဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်တာကို ဖြိုခွင်းပုံ ကြမ်းတမ်းရာက လူငယ်တွေ ထကြွကြတာ ဖြစ်ပါတယ်။ ချင်းနဲ့ ကရင်နီဒေသတွေမှာလိုပဲ အညာမှာလည်း ကျေးလက်ဆန်တဲ့ လူနေမှု ရှိတဲ့အတွက် ဆွေသားမျိုးသားစိတ်က ကြီးပါတယ်။ မြန်မာအစဉ်အလာမှာ သွေးကြီးသွေးသောက်တင်မြှောက် သစ္စာခံတာတွေ ရှိကြောင်း ပုဂံဝန်ထောက်ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ဖော်ပြပါတယ်။ အညာဒေသပုန်ကန်မှုတွေ မှာလည်း ရဲစွမ်းထက်သန်သူ အရပ်သားတွေကို ခေါင်းတင်ပြီး ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ကြပါတယ်။ ဒါကြောင့် နယ်စပ်နဲ့ ပြည်ပရောက် အန်ယူဂျီအစိုးရနဲ့ တော်လှန်ရေးနယ်ထဲက လက်နက်ကိုင်တွေကြား ထက်အောက်နာခံမှု လမ်းကြောင်းတည်ဆောက်ရာမှာ လူမျိုးစု နယ်မြေတွေမှာလိုပဲ အညာတကြောက NLD မဟုတ်တဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ အန်ယူဂျီကြား အဟပ် ကွာတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီလို ဖြစ်ရာမှာ ၁၉၈၈ နောက်ပိုင်း ရန်ကုန်အခြေပြုနိုင်ငံရေးက အနှစ် ၃ဝ ကျော် ကြီးစိုးခဲ့မှုနဲ့ ဒေသစွဲစိတ်ကြီးမှုတွေအပြင် သက်ဆိုင်သူတွေကြား စည်းရုံး ညှိနှိုင်းရေးဗျူဟာ အားနည်းမှုတွေလည်း ပါတာ တွေ့ရပါတယ်။ ၁၉၄၂ ဘီအိုင်အေဝင်ချိန်မှာ နယ်အနှံ့ စည်းရုံးထားတဲ့ တို့ဗမာခေါင်းဆောင်တွေနဲ့ လက်ရုံးတပ်တွေကတဆင့် နယ်မြေစုံက တပ်သားသစ်တွေကို စုစည်းနိုင်တာမျိုး ၂ဝ၂၁ တပ်တွေမှာ မတွေ့ရဘဲ အရေးပေါ် တော်လှန်ရေး စည်းရုံးမှုနဲ့ သွားရတာ ဖြစ်လို့ နောက်ပြီး အန်ယူဂျီ ခေါင်းဆောင်တွေ ကိုယ်တိုင် ပြည်တွင်းမှာ မနေနိုင်မှု ကြောင့် သြဇာညောင်းမှုမှာ ဘီအိုင်အေကို မမီတာ ဖြစ်ပါတယ်။

၁၇၅၂ မှာ ဥသြအော်မြည် ဆိုပြီး ကုန်းဘောင်ပြည်ကို တည်နိုင်ခဲ့တဲ့ မြစ်နှစ်သွယ်ရပ်ဝန်းသားတွေရဲ့ နွေဦးအာခံမှုက ရောမကို အာခံခဲ့တဲ့ စပါတာကပ် သူပုန်ကြီး၊ တရုတ်ပြည်က မဟာငြိမ်းချမ်းရေးကောင်းကင်နိုင်ငံအိပ်မက်မက်ခဲ့တဲ့ တိုင်ပင်သူပုန်ကြီးတွေလို ကျရှုံး နိုင်သလား၊ အောင်ဇေယျလက်သစ် အောင်ဆန်းလက်သစ်တွေကို မွေးထုတ်နိုင်သလား၊ ဖက်ဒရယ်ညွန့်ပေါင်းတပ်ကြီး ပေါ်လာနိုင်သလား ဆိုတာက အချိန်နဲ့ ပရိယာယ်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ နောက် အလောင်းဘုရားခေတ်လို အနိုင်ရတာနဲ့ မြန်မာဇာတိမာန် သုံးပြီး ပတ်လည်က နယ်မြေဒေသတွေကို ဖိနှိပ်တာတွေ မဖြစ်ဖို့ကလည်း ဖက်ဒရယ်သံတွေညံနေတဲ့ခေတ်မှာ အရေးကြီးနေပြန်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, အညာပြောက်ကျားများ