ပဟေဠိဖြစ်နေဆဲ ယင်းမာပင်က PDF အချင်းချင်း သတ်ဖြတ်မှု

ဓာတ်ပုံ ရင်းမြစ်, CJ
မုံရွာတစ်ဖက်ကမ်း ယင်းမာပင်မြို့နယ် ကပိုင်ရွာမှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေသတ်ခဲ့တဲ့ လူ ၁၀ ဦးကျော် အသတ်ခံရတဲ့ လူသတ်မှုကြီးကို ယင်းမာပင်နယ်က ဗိုလ်သံမဏိလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလူသတ်မှုမှာ အဓိကတာဝန်ရှိသူလို့ စစ်ဆေးပေါ်ပေါက်တဲ့ ကိုအောင်ဇော် (ခ) ကိုအာပီဂျီ ၊ အခင်းဖြစ်ပွားရာ နယ်မြေတာဝန်ခံ ဆရာစံ နဲ့ အမိန့်ပေး ကွပ်ကဲသူတွေ၊ကျူးလွန်သူတွေကို စစ်ဖက်တရားရုံးဖွဲ့ပြီး ဆက်လက်ဖော်ထုတ်ဖို့ လိုအပ်နေတယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ မတ်လက ယင်းမာပင်နယ် ကပိုင်ရွာလူသတ်မှု သတင်းထွက်လာချိန်မှာ တိုင်ကြားသူတွေက အဓိကတာဝန်ရှိသူလို့ တိုင်ကြပြီး ကိုယ်တိုင်လည်းတာဝန်ရှိတယ်လို့ ပြောသူ ဗိုလ်သံမဏိ မဟုတ်ဘဲ သူအဖွဲ့မှာ ဝာာဝန်ထမ်းဆောင်ခဲ့ပြီး အခုခွဲထွက်သွားတဲ့ ဆရာစံ ဆိုသူကို အဓိကတာဝန်ရှိသူလို့ ဖော်ပြတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။
အဓိကတာဝန်ရှိသူလို့ စွပ်စွဲခံရသူ ဆရာစံအဖွဲ့က ဒီထုတ်ပြန်ချက်ဟာ အဖွဲ့ကို ဆက်သွယ်မမေးမြန်းဘဲ တစ်ဖက်သက်ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။
အသတ်ခံရတဲ့သူတွေ ၄ ဦး ဖမ်းဆီးစဥ်မှာ သူ မပါဝင်ခဲ့သလို ယင်းမာပင် ကပိုင်ရွာမှာဖြစ်ပွားခဲ့တဲ့ နောက်ထပ် ၆ ဦးအပါအဝင် ၁၀ ဦး အသတ်ခံရမှုမှာ ထိုးချခဲ့တာလို့မြင်ကြောင်း ဘီဘီစီကို ပြောပါတယ်။
ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ၅ လလောက်ကစပြီး ဗိုလ်သံမဏိ အဖွဲ့နဲ့ ခွဲထွက်သွားခဲ့တဲ့အဖွဲ့လို့ သိရပါတယ်။
NUG အစိုးရထုတ်ပြန်ချက်မှာတော့ ဒီအမှုနဲ့ပတ်သက်လို့ တာဝန်ရှိသူ ဗိုလ်သံမဏိ ၊တိုက်ကောင်း၊မောင်ဦး နဲ့ ရဲလေးတို့ အနက် တိုက်ကောင်းကို ဆင့်ခေါ်စာ ၃ ကြိမ် ဆင့်ခေါ်သော်လည်း လာရောက် ဖြေကြားခဲ့ခြင်းမရှိဘူးလို့ ဖော်ပြပါရှိပါတယ်။
ဒါပေမဲ့ ဒီလူသတ်မှုဟာ အမှန်တကယ်ဖြစ်ပွားခဲ့ပြီး အဖွဲ့အစည်းအများအပြား ပါဝင်ပတ်သက်နေကြောင်းနဲ့ နောက်ကွယ်က ပါဝင်ပတ်သက်သူတွေရှိနိုင်ကြောင်း ဒီအမှုကို NUG အစိုးရကို စတင်တိုင်ကြားခဲ့သူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
PDF အချင်းချင်း လူသတ်မှု ဘယ်လိုဖြစ်ခဲ့တာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယင်းမာပင်နယ်စပ်က လာပို့ရွာဟာ မုံရွာ မြို့ကနေ ကားနဲ့ သွားရင်နှစ်နာရီခွဲလောက် မောင်းရပြီး ကနီမြို့နယ်ထဲကရွာဖြစ်ပါတယ်။
တောတောင်ထူထပ်တဲ့ ဒေသဖြစ်ပြီး အလောင်းတော်ကဿပ ဘေးမဲ့တောအနီးမှာရှိပြီး အဲ့ဒီဖြစ်ရပ်မတိုင်မီ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
NUG က စစ်ဆေးခဲ့တဲ့ ဒီလူသတ်မှုကြီးထဲက အသတ်ခံရတဲ့လူ ၁၀ ဦးထဲမှာ ပါတဲ့ သူအချို့ဟာ နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဆေးကုဖို့ လာပို့ရွာကနေ ယင်းမာပင်ကို အသွား ယင်းမာပင် မြို့နယ်အနီး လက်လှုပ်ရွာမှာ စပြီး အဖမ်းခံရခဲ့တာ ဖြစ်ပါတယ်။
ကားမောင်းသူက ခရိုင်မီးသတ်ဦးစီးမှူးရဲ့သား ကိုကောင်းခန့်ကျော်ဖြစ်ပြီး ကားပေါ်မှာ မီးသတ်ရဲဘော်တွေဖြစ်တဲ့ ကိုသက်ပိုင်ထွန်းနဲ့ ကိုစိုးကိုကို တို့အပြင် တောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်နိုင်လင်းလည်း လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် နေ့လယ်ပိုင်းအထိ ပြန်မလွတ်သေးတဲ့အတွက် လာပို့ရွာက Hero Tiger ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကထပ်ပြီး လိုက်သွားခဲ့ပါတယ်။
အဲ့ဒီမှာ ဖမ်းထားတဲ့အဖွဲ့တွေနဲ့ နောက်ကလိုက်လာတဲ့ Hero Tiger ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ အချင်းများပြီး ရန်ညှိးရန်စနဲ့ လူသတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးတွေ့ရှိချက်မှာတော့ လာပို့ရွာက အဖမ်းခံရတဲ့ မီးသတ်ရဲဘော်တွေဟာ CDM မလုပ်ထားသူတွေဖြစ်ပြီး လမ်းတစ်လျှောက် ဗီဒီယို မှတ်တမ်းတင်ထားတာကို သင်္ကာမကင်းဖြစ်ပြီးဖမ်းဆီးခဲ့ရာမှ အစပြုကာမှားယွင်းသတ်ဖြတ်ခဲ့တာကို စစ်ဆေးတွေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘာကြောင့်အသတ်ခံရတာလဲ
လာပို့ရွာက အသတ်ခံရသူတွေထဲမှာပါတဲ့ ကိုထိုက်မောင်ဟာ နယ်ခံကာကွယ်ရေးတပ် Hero Tiger Force အဖွဲ့ရဲ့ ရပ်ကျေး တာဝန်ခံခေါင်းဆောင်ဖြစ်ပြီး ကိုအောင်ကိုဝင်း၊ ကိုသိန်းထွန်းအေးနဲ့ ကိုဗိုလ်ထက်တို့က အဖွဲ့ဝင်များဖြစ်ကြတယ်လို့ သိရပါတယ်။
ကျန်နှစ်ဦးကတော့ စစ်သင်တန်းတက်ဖို့ ပြင်ဆင်နေသူများဖြစ်တယ်လို့ ဆိုပါတယ်။
Hero Tiger Force အဖွဲ့ဟာ ဗိုလ်နဂါးဦးဆောင်တဲ့ အဲဒီတုန်းက ပုလဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆိုတဲ့ အမည်ရှိတဲ့တပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်ကာ စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်လေ့ရှိကြတယ်လို့ သိရပါတယ်။
ယင်းမာပင်နဲ့ ပုလဲဟာ နယ်နိမိတ် ထိစပ်နေတဲ့ မြို့နယ်တွေဖြစ်ကြပြီး တော်လှန်ရေးအဖွဲ့ငယ်တွေရှိပြီး စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်ရာမှာ အလျဉ်းသင့်ရာ အဖွဲ့တွေနဲ့ မြို့နယ်မတူစေကာမူ ပူးပေါင်းကာ စစ်ဆင်ရေးများဆင်နွှဲတတ်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီ Hero Tiger PDF အဖွဲ့နဲ့ အခုဖမ်းလိုက်တဲ့ ဗိုလ်သံမဏိအဖွဲ့ကလူတွေဟာ ယခင်ရန်ငြိုးရန်စ အချေအတင်ဖြစ်ခဲ့ဖူးတာကို အကြောင်းပြုပြီးဒီလူတွေ အသတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလူတွေကို ကပိုင်ရွာကိုခေါ်သွားပြီး ကပိုင်ရွာအနီးမှာ သတ်ခဲ့တယ်လို့လည်း ဒေသ သတင်းတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ကွယ်က အကြောင်းတွေကဘာလဲ
လာပို့ရွာက ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးနဲ့ အရပ်သား ၄ ဦးအပါအဝင် အသတ်ခံရသူတွေဟာ ကနီနယ် ကပိုင်ရွာကို ခေါ်သွားပြီး အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
ကပိုင်ရွာမှာတော့ ကျောင်းဆရာကနေ ဗိုလ်သံမဏိတပ်ဖွဲ့ တပ်ရင်း (၄) တပ်ရင်းမှူးဖြစ်ခဲ့တဲ့ ဆရာစံ ခေါ် ဦးစံကျော်လင်း စခန်းချနေထိုင်တဲ့နေရာဖြစ်ပါတယ်။
မတ်လ ၁၄ ရက်နေ့ ဒေသန္တရ ကာကွယ်ရေးတပ်တွေရဲ့ စုပေါင်းထုတ်ပြန်ချက်မှာတော့ ဗိုလ်သံမဏိ ဦးဆောင်တဲ့ YMB PDF အဖွဲ့တွေဟာ မြေပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ အမှန်တကယ် တိုက်ပွဲတွေဖြစ်နေပေမယ့် လက်နက် ၂၀၀ကျော်ရှိပြီး လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို အနိုင်ကျင့် သတ်ဖြတ်မှုတွေရှိနေလို့ အမြန်ဆုံးကိုင်တွယ်ဆောင်ရွက်ပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်သံမဏိ အဖွဲ့ဟာ ဒီလူ ၁၀ ဦး အပါအဝင် ဒေသအတွင်း သတ်ဖြတ်မှု ၅ မှုမှာ ပါဝင်တာကို အတည်ပြုနိုင်ပြီး အနည်းဆုံး လူ ၂၁ ဦးခန့်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အောက်ခြေက ရဲဘော်တွေပြစ်မှုကျူးလွန်တာဖြစ်ပြီး တာဝန်ခံ အပြစ်ပေးလာရင် ပေးတဲ့အပြစ်ကို ခံယူမယ်လို့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိက ဒီထုတ်ပြန်ချက်ထွက်လာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မတ်လ အတွင်းက သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။
လူပေါင်း ၂၀ ကျော် အသတ်ခံရမှုအတွက် တာဝန်အရှိဆုံးဖြစ်သော စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( PDF) ခေါင်းဆောင် ဗိုလ်သံမဏိနဲ့ အပေါင်းအပါတွေကို အမြန်ဆုံးအရေးယူပေးဖို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်ကလည်း တောင်းဆိုထားခဲ့ပါတယ်။
NUG က အသတ်ခံရသူ ၁၀ ဦးအတွက်သာ စုံစမ်းစစ်ဆေးနေပြီး ကျန်နစ်နာသူ ၁၁ ဦးအတွက်ပါ စုံစမ်းစစ်ဆေးမှုရှိမရှိတဲ့ ပတ်သက်ပြီး မသိရကြောင်း နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်က ဘီဘီစီကိုပြောပါတယ်။
ကွန်န်ရက်အဖွဲ့ဝင် ဗိုလ်သံမဏိကို လူသတ်မှုဖြစ်ပြီးနောက်ပိုင်း အဖွဲ့က ထုတ်ပယ်ထားပြီးဖြစ်တယ်လို့ ကွန်ရက်ကဆိုပါတယ်။
ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆၃ ဖွဲ့စုပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလူသတ်မှုတွေရဲ့ အဓိက သံသယရှိသူတွေစာရင်းမှာ ဗိုလ်သံမဏိအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်ရဲ့ သားမက်ဖြစ်သူ ဦးအောင် (ခေါ် )ဦးအောင်မြတ်သူ ကိုစာရင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။
ဗိုလ်သံမဏိအဖွဲ့
ဗိုလ်သံမဏိအဖွဲ့ဟာ ယင်းမာပင်နယ်ဘက်မှာ စစ်ကောင်စီဆန့်ကျင်ရေးတိုက်ပွဲတွေမှာ လူသိများတဲ့အဖွဲ့ဖြစ်ပါတယ်။
ဗိုလ်သံမဏိခေါ် အရှင်သောပါကဟာ သပြေအေးကျေးရွာဇာတိဘွား ဖြစ်ပြီး ရန်ကုန်သာသနာ့တက္ကသိုလ်တက်နေခိုက် နိုင်ငံရေးလှုပ်ရှားမှုပတ်သက်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ရွေဝါရောင်သံဃာ့အရေးအခင်းမှာပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ အရှင်သောပါကဟာ သာသနာ့တက္ကသိုလ်က ကျောင်းထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ပြည်ပထွက်သွားရာ ဂျာမနီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ကိုလုံးမြို့ကနေ ဘာလင်မြို့ အထိ ကီလိုမီတာ ၁၀၀၀ လမ်းလျှောက်ဆန္ဒပြမှုအပါအဝင်၊ ထိုင်းနိုင်ငံ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
အဲဒီနောက် မြန်မာပြည်ကို ပြန်လာကာ ဒေသတွင်းဖွံ့ဖြိုးရေးတွေလုပ်ကိုင်နေပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဆန့်ကျင်ရေးမှာ ပါဝင်လာခဲ့ပါတယ်။
သပြေအေးဆရာတော်အဖြစ် လူသိများပေမဲ့ နောက်ပိုင်းမှာ လူဝတ်လဲကာ ဗိုလ်သံမဏိဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခု နိုဝင်ဘာ ၂၆ က ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က လူ၁၀ ဦးသတ်ဖြတ်မှုကို NUG ကာကွယ်ရေးဝန်ပြီးဌာနက စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ စစ်ဆေးပြီးတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီလူသတ်မှုကို သတ်ဖြတ်ခံရသူများရဲ့ ဆွေမျိုးများက NUGထံ တိုင်ကြားရာ စစ်ဆေးခဲ့ခြင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
ကော်မရှင်ဟာ သတ်ဖြတ်ခံရသူတွေ ရဲ့မိသားစုဝင်တွေ အပါအဝင် စွပ်စွဲခံရသူ ၃ ဦး ၊သက်သေ ၇ ဦး ၊စုစုပေါင်း ၂၃ ဦးကို ၃ လ အကြာစစ်ဆေးခဲ့ပြီး နောက်တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဥ်မှာ တိုက်ကောင်းခေါ် ဗိုလ်ဘုန်းထက် လာရောက်စစ်ဆေးမှုခံယူရန် ဗိုလ်သံမဏိနဲ့ ပူးပေါင်းဆောင်ရွှက်ရမှာဖြစ်ပြီး၊ဖြစ်စဥ်ကိုသိရှိသူ အဖြစ်စစ်ဆေးပေါ်ပေါက်တဲ့ ကိုအာပီဂျီ ခေါ် ကိုအောင်ဇော်၊ နယ်မြေတာဝန်ခံ ဆရာစံနဲ့ အမိန့်ပေးကွပ်ကဲသူများ ကျုးလွန်သူများကို စစ်ဖက်တရားရုံးဖွဲ့စည်းပြီး ဆက်လက်ဖော်ထုတ်ရန်လိုအပ်တယ်လို့ တွေ့ရှိကြောင်းဖော်ပြထားပါတယ်။
သတ်ဖြတ်မှုအတွက် အဓိကတာဝန်ရှိတဲ့ တပ်ရင်း ၄ ဆရာစံနဲ့ အဖွဲ့လို့ဖော်ပြပြီး ပြစ်မှုကျုးလွန်သူတွေကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင်စစ်ဆေးမည်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ယင်းမာပင်နယ်က အသတ်ခံခဲ့ရတဲ့ သူ ၂၁ ဦးရဲ့ မိသားစုဝင်တွေဟာ အခုအချိန်အထိ နေရပ်မှာမနေရဲဘဲ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ သိရပြီး ဘီဘီစီအနေနဲ့ NUG ကထုတ်ပြန်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးတွေရှိ့ချက် အပေါ် သဘောထားတောင်းနိုင်ခြင်းတော့ မရှိသေးပါဘူး။
ယင်းမာပင်နယ်က လူပေါင်း ၂၁ ဦး အသတ်ခံရတဲ့ လူသတ်မှုတွေကို ကာယကံရှင်တွေနဲ့တွေ့ပြီး NUG အစိုးရကိုစုံစမ်းစစ်ဆေးဖို့ တိုင်ကြားပေးခဲ့တဲ့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ဦးဝါယမက တော့ ကပိုင်ရွာ လူ ၁၀ ဦး အသတ်ခံရမှုမှာ အဓိက တာဝန်ရှိသူထက် နယ်မြေတာဝန်ခံ ဆရာစံကို အပြစ်ပုံချသလို ဖြစ်နေတယ်လို့ပြောပါတယ်။
"ယင်းမာပင်မှာ စုစုပေါင်း ၂၁ ဦး အသတ်ခံထားရတာ၊ ၁၀ ဦး အမှုပဲပါပြီး ကျန်တဲ့သူတွေ က ကာယကံရှင် မိသားစုတွေ ပြောထားတာရှိပါလျက်နဲ့ ထုတ်ပြန်ချက်မှာမပါတာ၊ ဗိုလ်သံမဏိပျောက်သွားပြီး ဆရာစံဆိုတဲ့ အဖွဲ့က လုပ်ခဲ့တာလို ဖြစ်နေတာက ဝေဖန်စရာ ဖြစ်နေတာ"လို့ ဦးဝါယမက ပြောပါတယ်။








