ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာရှင်နဲ့ လူမျိုးကြီးဝါဒလွှမ်းတဲ့ ဖက်ဆစ်နိုင်ငံရေး
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာပြည်နဲ့ အရှေ့အာရှ နိုင်ငံတွေကို ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် ကျူးကျော်သိမ်းပိုက်ခဲ့တာ အနှစ် ၈ဝ ကြာမြင့်ခဲ့ပါပြီ။ တရုတ်နဲ့ ကိုရီးယားမှာ ဂျပန်သိမ်းပိုက်မှုက အဲဒီထက် စောပြီး ထိန်းချုပ်တဲ့ သက်တမ်းလည်း ကြာရှည်ခဲ့ပါတယ်။ တရုတ်၊ ကိုရီးယားနဲ့ ဖိလစ်ပိုင်မှာ ဂျပန် သိမ်းပိုက်မှုကို ကနေ့ထိ ခါးခါးသီးသီး ရှိကြပြီး တရုတ်မှာဆိုရင် စစ်အတွင်း ဂျပန်နဲ့ ပေါင်းသူတွေကို လူမျိုးကို သစ္စာဖောက်သူတွေ အဖြစ် သတ်မှတ်ကြပါတယ်။ မြန်မာပြည်မှာတော့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော်ထူထောင်တဲ့ ရဲဘော်သုံးကျိပ်ရဲ့ ပတ်သက်မှုကြောင့် သမိုင်းရေးအရ ဒွိဟပွားစရာတွေ ဖြစ်ခဲ့ပါတယ်။
ဗမာလမ်းမကြီးနဲ့ အိန္ဒိယတံခါးဝ
တရုတ်ပြည် အနောက်ပိုင်းကို သိမ်းဖို့ ကြိုးစားတဲ့ ဂျပန်တပ်တွေကို တွန်းလှန်ဖို့ မြန်မာပြည် အရှေ့မြောက်ပိုင်းကို ဖြတ်ပြီး တရုတ် ဗမာ လမ်းမကြီးတခု ဒုတိယကမ္ဘာစစ်မီး အာရှမကူးခင်မှာ ဖောက်ခဲ့ကြပါတယ်။ ဒီလမ်းမကြီးကြောင့်ပဲ ရန်ကုန်ဆိပ်ကမ်းကတဆင့် တရုတ်ကို ပို့မယ့် အနောက်နိုင်ငံတွေက လက်နက်ခဲယမ်းတွေဟာ ဂျပန်အောက် ရောက်နေတဲ့ တရုတ် ဆိပ်ကမ်းမြို့တွေ ဖြတ်စရာမလိုဘဲ ချုံကင်းမြို့ထိ ပို့နိုင်ခဲ့ပါတယ်။ ဒီလမ်းမကြီးကို ဖြတ်တောက်ဖို့အတွက် မြန်မာပြည် သိမ်းပိုက်ရေး အစီအစဉ်မှာ မီနာမီကီကန်းအဖွဲ့ကို ထူထောင်ပြီး ရဲဘော်သုံးကျိပ်နဲ့ ဂျပန် လက်အောက်ခံ တပ်ဖွဲ့ဖို့ ဖြစ်လာခဲ့ပါတယ်။
နောက်ပြီး ဂျာမနီနဲ့ ညှိနှိုင်းထားတဲ့အတိုင်း ဒေလီမြို့အထိ ချီတက်သိမ်းပိုက်ပြီး နာဇီနဲ့ ပေါင်းစည်းရေးမှာလည်း မြန်မာပြည် တံခါးဝကို မဖြတ်လို့ မဖြစ်တဲ့ အခြေ ရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာသတင်းစာနဲ့ နိုင်ငံရေးသမားတွေကို စည်းရုံးသိမ်းသွင်းဖို့ ဂျပန်ဘက်က ၁၉၃ဝ ပြည့်လွန် နှောင်းပိုင်းမှာ သေချာ အားထုတ်ခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ ဗမာ့ထွက်ရပ်ဂိုဏ်းထောင်ပြီး မြန်မာပြည်လွတ်မြောက်ရေး အားထုတ်ကြတဲ့ ဒေါက်တာဘမော်နဲ့ တို့ဗမာ အုပ်စုတွေကြားမှာ ဂျပန်နဲ့ ထိတွေ့မှုတွေ ရှိလာပြီး ရဲဘော်သုံးကျိပ် ဂျပန်ပြည် ရောက်ဖို့ ဖြစ်လာခဲ့ပါတယ်။
ဂျပန်နဲ့ပေါင်းသင့်မပေါင်းသင့်
တစ်ဖက်ကလည်း တရုတ်ပြည် ကျူးကျော်စစ်မှာ ဂျပန်တပ်တွေရဲ့ ရက်စက်ဖိနှိပ်မှုကို ကမ္ဘာ့သတင်းတွေက ကြားသိနေရတဲ့ မြန်မာနိုင်ငံရေးသမားတွေ ကြားမှာ ဂျပန်နဲ့ ပေါင်းဖို့ အတော်စဉ်းစားခဲ့ရပါတယ်။ ဗစိန်ထွန်းအုပ်အစည်းအရုံးလို လက်ယာဂိုဏ်းသားတွေအတွက် ဂျပန်နဲ့ ပေါင်းရေးက မခက်ပေမယ့် ကိုယ်တော်မှိုင်းအစည်းအရုံးက သခင်တွေအတွက် ဆုံးဖြတ်ရခက်ပါတယ်။ ဒီမှာလည်း ဂျပန်နဲ့ ပေါင်းရေး၊ အင်္ဂလိပ်နဲ့ ပေါင်းရေး စစ်နဲ့ ပတ်သက်တဲ့မူတွေ ကွဲခဲ့ကြပါတယ်။
သခင်စိုး၊ သခင်ကျော်စိန် စတဲ့ လက်ဝဲသမားတွေက စစ်မီးမရောက်ခင်မှာ မြင်းခြံထောင်ထဲက မြင်းခြံစစ်တမ်းထုတ်ပြီး ဗြိတိသျှ မဟာမိတ်အုပ်စုနဲ့ လက်တွဲပြီး ဖက်ဆစ်တိုက်ထုတ်ရေးကို ကြေညာပါတယ်။ ဒီအချိန်မှာပဲ သခင်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေ ဂျပန် အကူအညီနဲ့ စစ်ပညာ သင်ကြား နေကြပါပြီ။ ဂျပန်အကူအညီယူရာမှာလည်း ဂျပန်လိုလားတဲ့ လက်ယာနိုင်ငံရေးအုပ်စုများနဲ့ အခြေအနေအရ ယူခဲ့ရတဲ့ လက်ဝဲလူငယ်များကြား ကွာခြားချက်တွေ ရှိပါတယ်။ လက်ဝဲလိုက်စားသူများကြားမှာလည်း ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် ဆိုပြီး အုပ်စုလေးတွေ ပေါ်ထွန်းနေသလို ဒီအုပ်စုနှစ်ခုလုံးမှာ ပါဝင်နေသူတွေ လည်း ရှိပါတယ်။ ဒါကြောင့် မဟာမိတ် ဒါမှမဟုတ် ဂျပန်ကို အခြေအနေအရ လက်တွဲရပေမယ့် အခြေမဟန်ရင် ပြန်တိုက်မယ်ဆိုတဲ့ သဘောထား နိုင်ငံရေးလှုပ်ရှားသူတွေကြားမှာ ရှိတယ်လို့ သိန်းဖေမြင့်နဲ့ အဲဒီခေတ်ကို ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြ ပါတယ်။
ဒါပေမဲ့ ဒီလို သဘောထားရှိတဲ့ထဲမှာ တို့ဗမာအစည်းအရုံးအစပိုင်းမှာ တက်ကြွခဲ့တဲ့ သခင်လေးမောင်လို လက်ဝဲသမားတွေ မပါပါဘူး။ သူနဲ့ လူအနည်းစု ကတော့ ဂျပန်နဲ့ပင်းပြီး လွတ်လပ်ရေးရအောင် ကြံစည်တဲ့ သခင်အောင်ဆန်းတို့အဖွဲ့ကို မနှစ်သက်ဘဲ ရှုတ်ချခဲ့ပါတယ်။ နယ်ချဲ့ရန်သူနှစ်ကောင်ကြားမှာ ဓနရှင်ပေါက်စ လူတန်းစားရဲ့ အချောင်သမားနိုင်ငံရေးဝါဒကျက်စားနိုင်အောင် လမ်းဖွင့်ပေးခဲ့တယ် ဆိုပြီး တို့ဗမာအစည်းအရုံးရဲ့ အုပ်စုဖွဲ့ နိုင်ငံရေးကို သခင်လေးမောင် ဝေဖန်ခဲ့ပါတယ်။ ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်ပေမယ့် ပိုဆိုးတဲ့ ဖက်ဆစ်ရန်ကို ကြိုမရိပ်မိကြဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်လောင်းတွေကြားမှာ ဂျပန်မဝင်ခင်ကတည်းက ဂျပန်သူလျှို၊ ကွန်မြူနစ်သူလျှိုဆိုပြီး စွပ်စွဲရန်ဖြစ်ကြတာတွေ ရှိကြောင်း ရဲနီကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေးသမိုင်းထဲမှ အလံနီ စာအုပ်မှာ ပါရှိပါတယ်။
ဗြိတိသျှနဲ့ နီးစပ်သူလို့ ယူဆခံရတဲ့ မြန်မာပညာတတ်တချို့လည်း ဂျပန်အုပ်စိုးမှုကို လက်မခံဘဲ နိုင်ငံက ထွက်ခွာခဲ့ပါတယ်။ ဒီထဲမှာ ဒေါ်မြစိန်၊ ဒေါ်သန်းဧနဲ့ ဒေါ်မီမီခိုင်စတဲ့ နာမည်ကြီး အမျိုးသမီးတွေ ပါဝင်ပါတယ်။
သုံးနှစ်ရာသီ ဗမာပြည်
ဂျပန်ခေတ် သုံးနှစ်ဟာ နိုင်ငံရေးပန်းစကြာမှန်ပြောင်းလှည့်သလိုပဲ အပြောင်းအလဲများပါတယ်။ အာရှစစ်ကြီးမတိုင်ခင်က မြန်မာနိုင်ငံရေးကို လွှမ်းမိုး ထားတဲ့ လက်ယာဓနရှင်လူတန်းစား စစ်အတွင်းမှာ တဖြည်းဖြည်း မှိန်ဖျော့လာပြီး အရင်က ကျောင်းသားလေးတွေလို့ အထင်ရောက်ခဲ့တဲ့ လက်ဝဲသခင်နဲ့ စစ်ဗိုလ်ငယ်တွေ အာဏာကြီးလာပါတယ်။ သူတို့ ပူးပေါင်းထူထောင်ခဲ့တဲ့ မြန်မာစစ်တပ်ကြီးဟာလည်း စစ်အပြီး ကန္ဒီစာချုပ်ချုပ်ချိန်မှာ ဗြိတိသျှဘက်က လူမျိုးစုတပ်တွေနဲ့ ပူးပေါင်းခံခဲ့ရပေမယ့် နှစ်ပိုင်းအတွင်းမှာ မြန်မာစစ်ဗိုလ်တွေ ကြီးစိုးတဲ့တပ် ပြန်ဖြစ်လာပါတယ်။ ဒါကြောင့် စစ်ပြီးခေတ် နိုင်ငံရေးဟာ စစ်ဗိုလ်နဲ့ စစ်ပြန်လူတန်းစားအာဏာလုတဲ့ နိုင်ငံရေးဖြစ်လာသလို ပြည်တွင်းစစ်ဘက်ကို တာစူခဲ့ပါတယ်။
စစ်အတွင်း မြောင်းမြနဲ့ ရခိုင်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်တွေမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေကြောင့် မြန်မာ- ကရင်၊ ရခိုင် -မွတ်ဆလင်နဲ့ ရှမ်း -ကချင် လူမျိုးရေး တင်းမာမှုတွေ စစ်ပြီးတဲ့ထိ ဆက်ရှိသလို ကရင်၊ မူဂျာဟစ်နဲ့ ကချင်ပုန်ကန်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေး အမြင်နဲ့ ကရင်တွေအပေါ် ဖိနှိပ်တဲ့ သခင်တွေရဲ့ နိုင်ငံရေးလည်း ကျဆုံးခဲ့ရကြောင်း သခင်လေးမောင်ရဲ့ သခင်လေးမောင် စာအုပ်မှာ ပါရှိ ပါတယ်။ ဒါကြောင့် စစ်ပြီးခေတ်မှာ တို့ဗမာအစည်းအရုံး နာလန်ပြန်မထူနိုင်တော့ဘဲ ပိုတိုးတက်တဲ့ နိုင်ငံရေးရှိတဲ့ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့က ရှေ့ရောက် လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖဆပလမှာ တို့ဗမာမှာလိုပဲ စုပေါင်းခေါင်းဆောင်မှုကို မယူနိုင်ဘဲ ပညာတတ် ကိုယ်ရည်သွေး လူစွမ်းကောင်းဝါဒနဲ့ အုပ်စုဖွဲ့ အချောင်သမားဝါဒတွေကြောင့် တစတစ ပြိုကွဲခဲ့ပြန်ပါတယ်။
ဂျပန်ခေတ် မြန်မာပြည်ဟာ အာရှစစ်ကြီးထဲမှာ အပြင်းထန်ဆုံး စစ်မီးနဲ့ ကြုံတွေ့ခဲ့ပါတယ်။ မေ့လျော့နေတဲ့စစ်၊ အရှည်ကြာဆုံးစစ်လို့ ကင်ပွန်းတပ်ကြတဲ့ မြန်မာပြည်စစ်ပွဲဟာ ဖက်ဆစ်ဝါဒကို အိန္ဒိယဘက် မကူးအောင်၊ တရုတ်ပြည်အတွင်းပိုင်းကို အနောက်တောင်ဘက်က ပတ်ပြီး ဂျပန်မသိမ်းနိုင်အောင် ခုခံတဲ့ စစ်ကြီး ဖြစ်ပြီး အာသံ၊ မဏိပူရနဲ့ ရခိုင်၊ မိတ္ထီလာ၊ စစ်တောင်း စတဲ့ စစ်မျက်နှာတွေမှာ မဟာမိတ်တွေနဲ့ ဖက်ဆစ်တွေကြား ရေကုန်ရေခမ်း ဆင်နွှဲခဲ့တဲ့ စစ်ကြီး ဖြစ်ပါတယ်။ ဒီစစ်အတွင်း မြန်မာနဲ့ လူမျိုးစုတပ်တွေ နှစ်ဖက်လုံးက ပါခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်ကတော့ ထိုင်းမှာလိုပဲ ဘက်ပြောင်း သစ္စာခံခဲ့ပါတယ်။ အင်ဒိုနီးရှားမှာလို ဂျပန်လက်နက်ချပြီးမှ လွတ်လပ်ရေးကြေညာလိုက်လို့ ပြန်ဝင်လာတဲ့ ဒတ်ချ်တပ်တွေနဲ့ အင်ဒိုနီးရှား တပ်တွေကြား လွတ်လပ်ရေးစစ်ကြီး ဖြစ်သလိုမျိုး မြန်မာမှာ မကြုံခဲ့ရပေမယ့် စစ်ပြီးစမှာ မရှင်းနိုင်ခဲ့တဲ့ စစ်အတွင်းနဲ့ စစ်မဖြစ်ခင်က နိုင်ငံရေးနဲ့ စစ်ကြွေးတွေကြောင့် ပြည်တွင်းစစ်ဝဲထဲ ဆွဲသွင်းသလို ဖြစ်ခဲ့ပါတယ်။ ထိုင်းကတော့ အလိုက်သင့် ဘက်ပြောင်းခဲ့ပေမယ့် စစ်ကျွဲနှစ်ကောင်ကြားမှာ မညပ်ခဲ့ဘဲ စစ်ဘေးက အတော် သက်သာရာ ရခဲ့ပါတယ်။
ဂျပန်ခေတ် အကျိုးဆက်များ
ဂျပန်ခေတ်ဟာ သုံးနှစ်သာကြာပေမယ့် အကျိုးဆက်က ခုထိ ရှိပါတယ်။ စစ်အတွင်းဖွဲ့စည်းခဲ့တဲ့ တိုင်းရှစ်တိုင်းနဲ့ ဗမာနိုင်ငံတော်ဟာ မြန်မာအမျိုးသားရေး ဝါဒီတွေအတွက် စံပြနိုင်ငံကြီး ဖြစ်ခဲ့ပြီး အဲဒီနိုင်ငံရဲ့အဆက် ပြည်ထောင်စုအသွင်ယူထားတဲ့ နိုင်ငံတော်နဲ့ ဂျပန်ခေတ်က စခဲ့တဲ့ မြန်မာကြီးစိုးတဲ့ စစ်တပ်ကြီး က ခုထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ ဂျပန်ခေတ်ကတည်းက နိုင်ငံရေးနဲ့ စစ်တပ်ဟာ ခွဲမရဖြစ်ခဲ့ပြီး ဗျောက်ကိုင်လူတန်းစားက နိုင်ငံကို ကြီးစိုးခဲ့တယ် လို့လည်း ဒေါ်နယ်ဆီးကင်းရဲ့ ၁၉၄ဝ ကတည်းက မြန်မာနဲ့ ဂျပန် စာအုပ်မှာ ပါရှိပါတယ်။
တခါ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က မြန်မာပြည်မှာ ရှိရင်းစွဲဖြစ်တဲ့ လူမျိုးရေးမကျေလည်မှုတွေဟာ စစ်အတွင်းမှာ အစွမ်းကုန် ပွင့်အန်ပေါက်ကွဲ ခဲ့ပြီးနောက် အဲဒီအကျိုးဆက် စစ်ပြီးခေတ် လက်နက်ကိုင် တော်လှန်ရေးတွေနဲ့ လူမျိုးစုအမျိုးသားရေးစိတ်တွေ ကြီးထွား လာပါတယ်။ စစ်အပြီးမှာ အစောဆုံး ပေါ်လာတဲ့ ရခိုင်ကွန်မြူနစ်တွေရဲ့ ပုန်ကန်မှုကနေ ကရင်၊ ကရင်နီ၊ မွန်၊ ပအိုဝ်း၊ ရှမ်း စတဲ့ လူမျိုးပေါင်းစုံရဲ့ မြန်မာအစိုးရကို တော်လှန်မှုဟာ နှစ် ၇ဝ ကျော်တိုင် နိဂုံးမချုပ်ဘဲ ဖက်ဒရယ်ခေတ်ထိ ပါလာခဲ့ပါတယ်။
စစ်အတွင်းပျက်စီးခဲ့တဲ့ စီးပွားရေးဟာလည်း စစ်အပြီးမှာ ပြည်တွင်းစစ်ကြောင့် ပိုမိုဆုတ်ယုတ်ခဲ့ပြီး အဲဒီနောက်မှာ ကြုံတွေ့ရတဲ့ စစ်တပ် အုပ်ချုပ်ရေး တွေကြောင့် မကြီးပွားနိုင်ခဲ့တဲ့အတွက် နိုင်ငံကို ဆင်းရဲတွင်းက မထွက်နိုင် ဖြစ်စေပါတယ်။
ဒီစစ်ရဲ့ နောက်အကျိုးဆက်ကြီးတခုကတော့ စစ်မဖြစ်ခင်က လူလက်တဆုပ်သာ ရှိခဲ့တဲ့ လက်ဝဲ အင်အားစုကလေးဟာ စစ်အတွင်း ဂျပန်ဖိနှိပ်မှု အောက်မှာ တင် တစတစ ကြီးထွားလာပြီး စစ်အပြီးမှာ အားကောင်းတဲ့ ပါတီနှစ်ရပ် ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။ လူများစု မြန်မာနိုင်ငံရေး မှာလည်း ဒီကွန်မြူနစ် နဲ့ ဆိုရှယ်လစ် နှစ်အုပ်စုကြား အာဏာလုပွဲကနေ နောက်ဆုံး စစ်တပ်ကြီးထွားလာပြီး အာဏာရှင်စနစ်ပေါ်ထွန်းခဲ့ပါတယ်။ စစ်အတွင်းက အကြမ်းပတမ်း နည်းကို ဂုဏ်တင်လွန်းတဲ့အတွက် စစ်ကြီးပြီးတဲ့နောက်ပိုင်း မြန်မာ လူငယ်တွေကြားမှာ အကြမ်းပတမ်း ဖျက်ဆီးတဲ့နည်း တွေကို လက်ခံတာ များလာပြီး ခေတ်သစ် ဒီမိုကရေစီနည်းကျ နိုင်ငံရေးအဆောက်အအုံတွေ ပေါ်မလာနိုင်တော့ဘူးလို့လည်း ၁၉၆၆ က ယေးတက္ကသိုလ်မှာ တင်သွင်းတဲ့ ဒေါ်ရသီ ဂီယိုရဲ့ ဂျပန်ခေတ်ရဲ့ မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှု ပါရဂူကျမ်းမှာ ဖော်ပြပါတယ်။
ဂျပန်ပုံစံ ချွေးတပ်ဆွဲတာကလည်း စစ်ကြီးအပြီး မြန်မာစစ်တပ်မှာ အမွေခံကျန်ရစ်ခဲ့တဲ့ ပေါ်တာဆွဲတာနဲ့ အဓမ္မလုပ်အားပေးခိုင်းစေတာတွေရဲ့ အစလို ဖြစ်ခဲ့ပါတယ်။ အရှေ့အာရှနိုင်ငံတွေလောက် မဆိုးပေမယ့် ဂျပန်စစ်တပ်ရဲ့ ဖိနှိပ်မှုကိုလည်း မြန်မာတွေအကြား ပြောစမှတ် ဖြစ်အောင် ကြုံခဲ့ရပါတယ်။ နောက်ပြီး စစ်အတွင်းမှာ မြန်မာစာကို ရုံးသုံးပြဋ္ဌာန်းရာက မြန်မာယဉ်ကျေးမှုနဲ့ ဓလေ့စံနှုန်းတွေကို ဖော်ထုတ်တာတွေ ပိုအရှိန်ရလာပြီး ၁၉၄၈ လွတ်လပ်ရေးနောက်ပိုင်းမှာ မြန်မာပြုမှုက လူနည်းစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ရပိုင်ခွင့်တွေ အပေါ် လွှမ်းမိုးလာခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်နဲ့ ဘီအိုင်အေ သူရဲကောင်းတွေကို ချီးကျူးဖွဲ့ဆိုတဲ့ ဂျပန်တေးအလိုက် စစ်သီချင်းတွေကို လွတ်လပ်ပြီးခေတ်ထိ ဆက်လက်သီဆိုနေတာကြောင့်လည်း ဘီအိုင်အေရဲ့ စစ်အတွင်း ဂျပန်နဲ့ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖုံးကွယ် အားပေးသလို ဖြစ်ခဲ့ပါတယ်။
ကောင်းတဲ့ဘက်ကကြည့်ရရင်တော့ ဂျပန်ခေတ်မှာ အမျိုးသမီးတွေ အပြင်ထွက် အလုပ်လုပ်ကြရာက အရင်လို အမျိုးသမီးတွေ အိမ်ထဲမှာနေပြီး မိဘနဲ့ ခင်ပွန်း အစ်ကိုမောင်တွေရဲ့လုပ်စာ စားတဲ့ခေတ်ကုန်ပြီး လွတ်လပ်မှု ပိုရလာပါတယ်။ ရွှေရည်စိမ်လွတ်လပ်ရေးကို ဂျပန်ခေတ်မှာ ရလိုက်တဲ့အတွက် စစ်ပြီးခေတ်မှာ လွတ်လပ်ရေးအစစ် တောင်းဆိုမှုတွေ ပိုများလာပြီး နောက်ဆုံး ဗြိတိသျှဓနသဟာယမဝင်ဖို့ ဆုံးဖြတ်တဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဝေးလံ ခေါင်ဖျားတဲ့ တောင်ပေါ်နဲ့ ရခိုင်ကမ်းမြောင်၊ အညာကျေးလက်တွေထိ စစ်မီးဟပ်ခဲ့တဲ့အတွက် ဆုံးရှုံးမှုကြီးသလို ကမ္ဘာ့စစ်ရေးနဲ့ နိုင်ငံရေးကို နားမျက်စိဖွင့် လေ့လာမှုလည်း နိုင်ငံအနှံ့ ပေါ်ထွန်း ခဲ့ပါတယ်။ အိန္ဒိယဘက်မှာ စစ်မဖြစ်ခဲ့တော့ မြန်မာတွေထက် ကံကောင်းပေမယ့် မြန်မာတွေ ရလိုက်တဲ့ နိုင်ငံရေး အသိမျိုး သူတို့မှာ မရလိုက်ဘူး ဆိုပြီး လူထုဒေါ်အမာက လူနဲ့ လူ့အတွေ့အကြုံ ဆောင်းပါးမှာ ရေးခဲ့ပါတယ်။
ဖက်ဆစ်အနံ့ အမြစ်မပြတ်
ဂျပန်ခေတ် နိုင်ငံရေးနဲ့ စစ်ရေးမှာ မြန်မာကြီးစိုးတဲ့ စစ်တပ်နဲ့ နိုင်ငံရေးကို ဇာတ်လိုက်လုပ်ရေးတဲ့ သမိုင်းတွေကြောင့် ကနေ့ခေတ် နိုင်ငံရေးမှာ မြန်မာနဲ့ လူနည်းစု တွေကြားက တင်းမာမှုတွေ ဆက်ဖြစ်ရတယ်လို့လည်း သုံးသပ်သူတွေက ဆိုကြပါတယ်။ ဂျပန် သိမ်းပိုက်မှု မခံခဲ့ရရင်ရော မြန်မာနဲ့ လူနည်းစုကြားက မပြေလည်မှုတွေက ဘယ်လိုအနေအထား ရောက်ခဲ့မလဲ၊ မြန်မာပြည်ဆိုတာ ဘယ်လို ရှိနေမလဲ ဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
တခါ ဗိုလ်ချုပ်အောင်ဆန်းဟာ မဟာမိတ်ကို သစ္စာမစောင့်တာ မဟုတ်ဘဲ နိုင်ငံအတွက် ဂျပန်ကို မဟာမိတ်ဖွဲ့ခဲ့တာလို့ လူထုဦးလှက သတင်းစာများ ပြောပြတဲ့ စစ်အတွင်း ဗမာပြည် စာအုပ်မှာ ချေပခဲ့ပါတယ်။ သေချာတာကတော့ ဂျပန်နဲ့ အပေါင်းမှားခဲ့တဲ့အတွက် ဖက်ဆစ် စရိုက်ကို မြန်မာနိုင်ငံရေးနဲ့ စစ်တပ်မှာ သွတ်သွင်းသလို ဖြစ်ခဲ့ပြီး နဂိုရှိရင်း လူမျိုးရေး မပြေလည်မှုနဲ့ နိုင်ငံရေးမရင့်ကျက်မှုက ကုလို့မရအောင် ဖြစ်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေး ဖြတ်လမ်းအတွက် ဖက်ဆစ်နဲ့ ပေါင်းဖက်ခဲ့မိမှုကို မြန်မာနိုင်ငံရေးပိုင်းက ပြန်ပြီး သုံးသပ် ဝန်ခံသင့်တယ် လို့ ထောက်ပြသူတွေလည်း နိုင်ငံရေးတက်ကြွသူ တွေကြားမှာ တွေ့လာရပါတယ်။ အထူးသဖြင့် ၂ဝ၂၁ အာဏာသိမ်းပြီးနောက် ကြွေးကြော်သံတွေမှာ ဖက်ဆစ်စိတ်ဓာတ် အမြစ်ဖြတ် ဆိုတဲ့ အသံတွေ တွေ့လာရပါတယ်။
ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အဖြစ် ယူဆကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်က ဖက်ဆစ်ဖွဲ့ပေးခဲ့တဲ့ စစ်တပ်ရဲ့ ဖခင်ဖြစ်နေတာကို ရှုတ်ချရ ခက်နေတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ဖက်ဆစ်နဲ့ ပတ်သက်ခဲ့တဲ့ အတိတ်ကို အမှန်အတိုင်း ပေါ်လွင်အောင် ပြန်ကြည့်ပြီး သုံးသပ်ဖို့လိုတယ်၊ မဟုတ်ရင် ဖဆပလ၊ မဆလ၊ စစ်နဲ့ စစ်တပိုင်းအစိုးရ အဆက်ဆက်လိုပဲ ဖက်ဆစ်တော်လှန်ရေးမှာသာ ဂုဏ်ယူပြီး ဖက်ဆစ်နဲ့ ပေါင်းသင်းမိခဲ့တာကို ရှက်ရမှန်းမသိတဲ့ နိုင်ငံရေးယဉ်ကျေးမှုက ဆက်ပြီး တွင်ကျယ်နေမယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ မြန်မာလူ့အဖွဲ့အစည်းအနှံ့ တွေ့နေရတဲ့ လူမျိုးကြီးစိတ်၊ စစ်တပ်နဲ့ လက်နက်အားကိုးစိတ်၊ အာဏာရှင်စိတ်တွေဟာ ဖက်ဆစ်နိုင်ငံရေးက ကျန်ခဲ့တဲ့ လက္ခဏာတွေ ဖြစ်ပြီး အနှစ် ၈ဝ ကြာတာတောင် ဒီမိုကရေစီ နိုင်ငံရေးကို တက်လှမ်း မရအောင် တားဆီးနေဆဲ ဖြစ်ပါတယ်။