နိုင်ငံအစ ခရိုင်က၊ မြန်မာပြည်ကို စိတ်ဖြာတဲ့ ခရိုင်နိုင်ငံရေး

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

စစ်ကောင်စီသက်တမ်း တနှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံအုပ်ချုပ်ရေးအတွက် ခရိုင်အမြောက်အမြား ထပ်မံခွဲစိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ပီအာ ရွေးကောက်ပွဲအတွက် ဒီလို ခွဲစိတ်မှာလား မသိရပေမယ့် မြန်မာသမိုင်းမှာ ခရိုင်အရေအတွက် အများဆုံး ဖြစ်သွားနိုင်ပါတယ်။

ခရိုင်နဲ့ ခရိုန်

ခရိုင်ဆိုတာ ထီးကိုင်းကို ထောက်ကန်ထားတဲ့ ထီးလက်များစုဝေးရာ၊ လှည်းပုံတောင်းသဏ္ဌာန် အဆောက်အဦ၊ မြို့ သို့မဟုတ် ရွာနဲ့ ယင်းတို့ အုပ်ချုပ်တဲ့ လက်အောက်ခံနယ်မြေ အပိုင်းအခြား၊ ရွာအများ မြို့အများကို စုပေါင်းပြီး ဝန်တဦး အုပ်ချုပ်ရတဲ့ နယ်မြေအပိုင်းအခြား ဆိုပြီး ပါမောက္ခ ဦးဝန်ရဲ့ တက္ကသိုလ် မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ပေးပါတယ်။ တခါ မြန်မာသမိုင်းမှာ အစောဆုံး မြန်မာတွေ အခြေချနေထိုင်တဲ့ လယ်တွင်း ကိုးခရိုင်ခေါ် ၁၁ ခရိုင်ဒေသနဲ့ မင်းဘူး ခြောက်ခရိုင်၊ မန္တလေးနားက တောင်ပြုန်းခရိုင်တွေကို ခရိုန်ဆိုပြီး ပုဂံခေတ်ကျောက်စာတွေမှာ ဖော်ပြပါတယ်။ ခရိုန်ကနေ ထပ်ဆင့် တည်ထောင်တဲ့ မြန်မာနယ်မြေတွေကိုတော့ တိုက်လို့ ခေါ်ပြီး ပန်းချီဆယ်တိုက်၊ တမာခါတိုက်၊ မုဆိုးခြုံတိုက်၊ မုန်တောင်တိုက် စသဖြင့် ခေါ်တယ်လို့ လည်း ဒေါက်တာ သန်းထွန်းရဲ့ ခေတ်ဟောင်း မြန်မာ ရာဇဝင် စာအုပ်မှာ ပါရှိပါတယ်။ တကောင်းနဲ့ မကွေး မိကျောင်းရဲ ကြားက တိုက်နယ်တွေကလွန်ပြီး တိုးချဲ့သိမ်းပိုက်တဲ့ နယ်မြေ တွေကို နိုင်ငံလို့ သတ်မှတ်ပါတယ်။

ပုဂံခေတ်နောက်ပိုင်းမှာ ခရိုင်အသုံးအနှုန်း တိမ်မြုပ်ပြီး မဇ္စျိမဒေသ အိန္ဒိယမှာ ၁၆ တိုင်းခွဲသလို မြန်မာပြည်ကို တိုင်းကြီးရှစ်တိုင်းခွဲခြား သတ်မှတ်တယ် လို့လည်း မကြန်က တိုင်းနှင့်ခရိုင် စာတမ်းမှာ ရေးပါတယ်။ ဧရာဝတီ အရှေ့၊ အနောက်၊ ပြည်၊ တောင်ငူ၊ မွန်၊ ဇင်းမယ်၊ ရှမ်းနဲ့ စိန့်တိုင်း (ဗန်းမော်၊ မိုးမိတ်) ဆိုပြီး ညောင်ရမ်းခေတ်က ဇမ္ဗူဒီပဥဆောင်း ကျမ်းမှာ ခွဲခဲ့တာပါ။ ဇင်းမယ် ၅၇ မြို့ကိုလည်း ၅၇ ခရိုင်ဆိုပြီး သုံးနှုန်းခဲ့ပါတယ်။

ကုန်းဘောင်ခေတ်မှာတော့ တိုင်းနဲ့ ခရိုင် သတ်မှတ်ချက်တွေ ကွယ်ပျောက်နေခဲ့ပြီး သီပေါမင်းလက်ထက် နိုင်ငံကို ဆယ်ခရိုင် ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ ဒီခရိုင်တွေက ရတနာပုံနေပြည်တော်ပါတဲ့ ပထမဌာနခရိုင်၊ အင်းဝ တောင်သာနဲ့ တောင်ဘက် ကိုးခရိုင်ပါတဲ့ ဒုတိယဌာနခရိုင်၊ မိတ္ထီလာ ရမည်းသင်းနဲ့ တောင်ငူပါတဲ့ တတိယဌာနခရိုင်၊ တောင်တွင်းကြီးခရိုင်၊ အောက်မြစ်စဉ်ခရိုင်၊ ပုခန်းကြီးခရိုင်၊ ချင်းတွင်းခရိုင်၊ စစ်ကိုင်းခရိုင်၊ ရတနာသိင်္ဃခရိုင်၊ အညာ မြစ်စဉ်ခရိုင်တို့ ဖြစ်ပါတယ်။

၁၈၈၆ ခုနှစ်မှာ အထက်မြန်မာပြည်ကို ဗြိတိသျှအောက် အပြီးသွတ်သွင်းပြီးနောက် မှူးမတ်ဟောင်းတွေက မြန်မာဆယ်ခရိုင်၊ ရှမ်းနယ်လေးခု သတ်မှတ်တဲ့ နည်းနဲ့ အုပ်ချုပ်စေချင်ပေမယ့် ဗြိတိသျှတွေက အိန္ဒိယပုံစံ ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ ရှမ်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ရေးက ဖယ်ထုတ်လိုက်ပြီး အထက် မြန်မာပြည်ကို အောက်ပိုင်းလိုပဲ ခရိုင်၊ စီရင်စု၊ ဆပ်ဒီဝီဇံနဲ့ မြို့နယ်တွေ ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်မမှာ ခရိုင်ကြီး ရှစ်ခုနဲ့ စီရင်စု အများအပြား ပေါ်လာခဲ့ကြောင်း မကြန်ရဲ့ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး ( ၁၈၈၆ -၉၇ )စာအုပ်မှာ ပါရှိပါတယ်။

ရှစ်ခရိုင်က ရှစ်တိုင်း ခုနစ်တိုင်းဖြစ်

အောက်မြန်မာပြည်မှာ မူလက ရခိုင်၊ ပဲခူးနဲ့ တနင်္သာရီ ခရိုင်ကြီး သုံးခုပါပြီး နောက်ပြီး ဧရာဝတီကို သီးသန့်ခွဲထုတ်လိုက်တဲ့အတွက် ခရိုင်လေးခု ဖြစ်လာ ပါတယ်။ စစ်တွေ၊ ရန်ကုန်၊ ပုသိမ်နဲ့ မော်လမြိုင်မြို့တွေကတော့ ခရိုင်ရုံးစိုက်မြို့ကြီးတွေ ဖြစ်ကြပါတယ်။

အထက်ပိုင်းမှာတော့ အရှေ့၊ အလယ်၊ မြောက်နဲ့ တောင်ဆိုပြီး ခရိုင် လေးခု ရှိပြီး နောက်ပိုင်းမှာ မိတ္ထီလာ၊ စစ်ကိုင်း၊ မန္တလေးနဲ့ မင်းဘူးခရိုင်တွေ ဖြစ်လာ ပါတယ်။ ဒီအချိန်က မန္တလေးခရိုင်ဟာ မန္တလေးအပြင် ဗန်းမော်၊ မြစ်ကြီးနား စတဲ့ အခု ကချင်ပြည်နယ်ထဲ ပါနေတဲ့ နယ်တွေနဲ့ ကသာ၊ မိုးကုတ်၊ ရွှေဘို စီရင်စုတွေ ပါပါတယ်။

စစ်ကိုင်းခရိုင်မှာတော့ စစ်ကိုင်း၊ အင်းဝ၊ ကျောက်ဆည်၊ ရေဦး၊ ချင်းတွင်းစီရင်စုတွေ ပါခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောက်ဆည်ကို မိတ္ထီလာထဲ ထည့်ပြီး ရွှေဘိုကို စစ်ကိုင်းထဲ ပေါင်းခဲ့ပါတယ်။

မင်းဘူးခရိုင်မှာ အစက မြင်းခြံ၊ ပုဂံ၊ မင်းဘူးနဲ့ တောင်တွင်းကြီးတွေ ပါဝင်ပြီး နောက်ပိုင်းမှ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ မကွေးတို့ ပါဝင်တဲ့ မကွေးခရိုင် ဖြစ်လာပါတယ်။

မိတ္ထီလာခရိုင်မှာတော့ ပျဉ်းမနားဖြစ်လာမယ့် နင်းကျန်းနဲ့ ရမည်းသင်း၊ မိတ္ထီလာတွေနဲ့ စတင်ခဲ့ပြီး နောက်မှ ကျောက်ဆည်၊ ရမည်းသင်း၊ မြင်းခြံ၊ မိတ္ထီလာ စီရင်စုတွေ ပါလာကာ ရမည်းသင်းမှာ ရုံးစိုက်ခဲ့ပါတယ်။ နောက် ဒိုင်အာခီအုပ်ချုပ်ရေးအစ ၁၉၂ဝ ကျော်မှာ မိတ္ထီလာတိုင်း(ခရိုင်) ပျောက်သွားတယ် လို့လည်း စစ်ကိုင်း ဦးဘိုးသင်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ မှာ ပါရှိပါတယ်။

ဒီခရိုင်တွေကို စစ်အတွင်း ဂျပန်ခေတ်မှာ လွတ်လပ်ရေးရပြီးနောက် တိုင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး စီရင်စုတွေကို ခရိုင်အဖြစ် ခေါ်ဆိုစေခဲ့ပါတယ်။ ဒါကြောင့် ခရိုင်ဝန်ရှင်တော်မင်းကြီးတွေက တိုင်းမင်းကြီးဖြစ်လာပြီး စီရင်စုကို အုပ်ချုပ်ရတဲ့ အရေးပိုင်က ခရိုင်ဝန် ဖြစ်လာပါတယ်။ ဂျပန်ခေတ်မှာ တနိုင်ငံလုံးကို မြောက်ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ ကမ္ဗောဇဆိုပြီး တိုင်းကြီးလေးတိုင်းသတ်မှတ်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် တောင်တန်းဒေသတွေကို ပြည်နယ်လေးခုအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ပြည်မကို တိုင်းတွေနဲ့ ဆက်လက်ခွဲခြားခဲ့ရာမှာတော့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ တနင်္သာရီ လို့ ဖြစ်လာပါတယ်။ ချင်းကတော့ ပြည်နယ်မဖြစ်သေးဘဲ ဝိသေသတိုင်းအဖြစ် ထားရှိခဲ့ ပါတယ်။

၁၉၆၂ အာဏာသိမ်းပြီးနောက် ၁၉၇၂ မှာ ကိုလိုနီအုပ်ချုပ်ရေးပုံစံဟောင်းကို ဖျက်သိမ်းချိန်မှာတော့ ခရိုင်စနစ် ပျောက်ကွယ်သွားပြီး ၁၉၈၈ နောက်ထပ် အာဏာသိမ်းအစိုးရတက်လာပြီးနောက်မှ မြို့နယ်စု အဖြစ် ပြန်လည် အသက်သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မူလအတိုင်း ခရိုင်အဖြစ် ပြန်လည် သုံးနှုန်းခဲ့ပါတယ်။

၁၉၇၄ ဆိုရှယ်လစ်သမ္မတနိုင်ငံသစ်မှာ တနင်္သာရီတိုင်း ၁ က မွန်ပြည်နယ်ဖြစ်လာပြီး တိုင်း ၂ ကတော့ ထားဝယ်မှာ ရုံးစိုက်တဲ့ တနင်္သာရီတိုင်း ဖြစ်လာ ပါတယ်။ ၁၉၇၄ မှာ ရန်ကုန်တိုင်းသစ် ပေါ်ထွန်းလာပြီး ပဲခူးတိုင်းက ခွဲထုတ်ပေးလိုက်ပါတယ်။ ရခိုင်တိုင်းကတော့ ၁၉၆ဝ လောက်ကတည်းက တောင်းဆို ခဲ့တဲ့အတိုင်း ပြည်နယ်အဖြစ် ပေါ်ထွန်း လာပါတယ်။

လမ်းစဉ်ပါတီခေတ်က တိုင်းနဲ့ပြည်နယ် ၁၄ ခုလို့ သိခဲ့ကြတဲ့ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ နောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသတွေအပြင် နေပြည်တော် ပြည်ထောင်စု နယ်မြေဆိုပြီး ရှိလာပါတယ်။ စစ်ကိုင်းတိုင်းရဲ့မြို့တော်အဖြစ် ပိုစည်ကားဖွံ့ဖြိုးနေတဲ့ မုံရွာကို ရွှေ့ခဲ့သလို ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း အုပ်ချုပ်ရေးရုံးစိုက်ရာအဖြစ် တောင်ငူနဲ့ ပြည်၊ တောင်ကြီး၊ လားရှိုးနဲ့ ကျိုင်းတုံဆိုပြီး ခွဲထားတာကို တွေ့ရပါတယ်။

ဒိစတြိတ်၊ စီရင်စုနဲ့ ခရိုင်

ဒီဝီဇံခေါ် ခရိုင် (တိုင်း)တွေရဲ့ အောက်မှာ ရှိခဲ့တဲ့ အထက်ပိုင်းက မြန်မာဒိစတြိတ် နယ်တွေဟာ မူလမြန်မာမင်းလက်အောက်က နယ်ကြီးတွေအပေါ်မှာ မူတည် သတ်မှတ် ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရင်းရှင်စီးပွားရေးအောက်မှာ လမ်းပန်းဆက်သွယ်ရေး ထွန်းကားပြီး ကြီးပွားလာတဲ့ မြို့ရွာတွေ အပေါ်မှာ ပြောင်းလဲ စုစည်းခဲ့ပါတယ်။ ဒါကြောင့် ပုဂံ၊ အင်းဝ၊ တောင်တွင်းကြီး စတဲ့ စီရင်စုတွေ ပျောက်သွားပြီး ပခုက္ကူ၊ မကွေး စတဲ့ စီရင်စုသစ်တွေ ပေါ်လာပါတယ်။ မိုးကုတ်ကို ပတ္တမြားမြေ အဖြစ် သီးသန့်စီရင်စု ဖွဲ့ခဲ့ပေမယ့် နောက်ပိုင်းမှာ ကသာ၊ ရွှေဘိုတို့နဲ့ ပေါင်းခဲ့ပြီး နောက်ဆုံး မန္တလေးထဲ ရောက်သွားပါတယ်။ အလားတူပဲ အောက်ပိုင်းမှာလည်း ရွှေကျင်စီရင်စု ပျောက်သွားပြီး သုံးခွက မအူပင်စီရင်စု ဖြစ်လာပါတယ်။

၁၈၉၇ ခုနှစ် မြန်မာပြည်မှာ မဟာဝန်ရှင်တော်မင်းကြီးအစား လက်ထောက်ဘုရင်ခံနဲ့ အုပ်ချုပ်ချိန်မှာတော့ စီရင်စု ၃၆ ခု ရှိပြီး အထက်မှာ ၁၇ ခုနဲ့ အောက်ပိုင်းမှာ ၁၉ ခု ဖြစ်ပါတယ်။ ဗြိတိသျှခေတ် အုပ်ချုပ်ရေးမှာ စီရင်စုက အခြေခံ ဖြစ်တဲ့အတွက် အရေးပိုင်တွေ ဘုန်းတန်ခိုးကြီးပါတယ်။ ဗြိတိသျှ အောက်မြန်မာပြည်ကို သိမ်းပြီး ဆယ်စုနှစ် အတော်ကြာမှ ဒီရာထူးမှာ မြန်မာပြည်ဖွားတွေကို စတင် ခန့်ထားခဲ့ပါတယ်။ အစောပိုင်းက မြန်မာအရာရှိ တွေကို ကြီးငယ်မရွေး ဦးတပ်မခေါ်ဘဲ မောင်လို့ သုံးနှုန်းခဲ့ပေမယ့် ၂ဝ ရာစုဆန်းကစပြီး ရာထူးကြီးပိုင်းကို ဦးလို့ စတင်သုံးနှုန်းလာပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း နာဂဒေသကို စစ်ကိုင်းတိုင်းထဲ ထည့်သွင်းပြီး နာဂတောင်တန်းခရိုင် အဖြစ် ဖွဲ့ပေးခဲ့သလို ရှမ်းနဲ့ ချင်း မှာလည်း ခရိုင်သစ် တွေ ပေါ်လာပါတယ်။ ရခိုင်မှာတော့ ၁၉၆၁ မှာ မေယုနယ်ခြားခရိုင်ကို ဖွဲ့ပေးပြီး နယ်မြေ အေးချမ်းရေး၊ ရိုဟင်ဂျာနဲ့ တခြားလူမျိုးစုတွေ ဖွံ့ဖြိုးတိုးတက် ရေး အတွက် စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တွေ ခရိုင်ထဲ ပြန်ထည့်ခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း နဝတခေတ်မှာ ခရိုင်တွေ ပြန်ဖွဲ့တဲ့အခါမှာလည်း အပစ် ရပ်စဲရေးယူထားတဲ့ ဝ၊ ကိုးကန့် စတဲ့ သံလွင်အရှေ့ခြမ်းနဲ့ ရှမ်းပြည်နယ်မှာ ခရိုင်သစ်တွေ ဖော်ထုတ်ခဲ့ပါတယ်။

ဒီ၂ဝ၁ဝ နောက်ပိုင်းမှာ ခရိုင်သစ် အများအပြား ပေါ်ထွန်းလာပြီး ၂ဝ၁၆ အထိ ခရိုင် ၇၄ ခု ရှိခဲ့ပါတယ်။ ၂ဝ၂၂ မှာ စစ်ကောင်စီက ၄၂ ခု ထပ်တိုးဖို့ ပြင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ တဲ့အတွက် တနိုင်ငံလုံး ခရိုင် ၁၁၆ ခု ဖြစ်သွားနိုင်ပါတယ်။

လာလတ္တံ့ ခရိုင်သစ်ငယ်များ

ဒီလို တိုးချဲ့လာမယ်ဆိုရင် မြို့နယ်တခုတည်းနဲ့ ခရိုင်ဖြစ်လာတာတွေ ရှိလာနိုင်ပါတယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးဘဲ လူနေကျဲတဲ့ မြို့နယ် တွေကို ခရိုင်အဖြစ် သတ်မှတ်ရင် အုပ်ချုပ်ရေးအဆင့် ရာထူးတွေ တိုးချဲ့ ခန့်ဖို့အတွက် ကုန်ကျစရိတ်ကို ပြန်တွက်ဖို့လည်း လိုပါတယ်။

လွတ်လပ်ရေးရစက ကယားနဲ့ ကရင်ပြည်နယ်တွေမှာ ခရိုင် အဖြစ် သီးခြားသတ်မှတ်တာ မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေးလည်း ခိုင်ခိုင်မာမာ မစနိုင်ခဲ့တာတွေ ရှိခဲ့သလို နိုင်ငံရဲ့ လေးပုံတပုံ ကျယ်ဝန်းတဲ့ ရှမ်းပြည်နယ်မှာတောင် ခရိုင်ခြောက်ခုပဲ ရှိခဲ့ပါတယ်။ ဒီလို အနေအထားကနေ ခရိုင်တွေ တိုးချဲ့ ဖွဲ့စည်းလာတာဟာ တိုးပွားလာတဲ့ လူဦးရေနဲ့ ကိုက်အောင် ဆိုပေမယ့် ခရိုင်တွေ ဖောင်းပွလာရင်လည်း ခရိုင် စီရင်စုတွေရဲ့ မူလဖွဲ့စည်းရခြင်း အဓိပ္ပာယ်နဲ့ မကိုက်ဘဲ ဖြစ်နိုင်ပါတယ်။

နောက်ပြီး မြန်မာစစ်အာဏာပိုင်တွေဟာ လူမျိုးစုနယ်မြေတွေကို ခွဲစိတ် ပေါင်းစပ်တာတွေ လုပ်တတ်တဲ့အတွက် တချိန်က ရှမ်းပြည်မှာ နယ်မြေ အကျယ် ဆုံး ဖြစ်တဲ့ ကျိုင်းတုံနယ်ကြီးကို ၁၉၆၃ မှာ ခရိုင်သုံးခု ခွဲပစ်ပြီး အခု ခြောက်ခု ခွဲဖို့လည်း စီစဉ်နေပါတယ်။ နာဂတောင်တန်းခရိုင်ဖြစ်ခဲ့တဲ့ နယ်မြေကြီး ကိုလည်း ခန္တီးခရိုင်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး ၂ဝ၁ဝ မှာ ခွဲခြမ်းပစ်ခဲ့ပါတယ်။ လတ်တလော စစ်မီးတောက်နေတဲ့ ကယားနဲ့ ချင်းပြည်နယ် တွေမှာ ခရိုင်အသစ် နှစ်ခုစီ ထပ်ဖွဲ့ဖို့ ပြင်နေတာကတော့ စစ်ရေးအတွက်လား စဉ်းစားစရာ ဖြစ်ပါတယ်။

အခုလည်း မဟာဗျူဟာအရ အရေးကြီးတဲ့ စစ်အစိုးရ ရုံးထိုင်ရာ နေပြည်တော်ကို ခရိုင်လေးခု ခွဲဖို့ ကြံနေသလို လူဦးရေ သိပ်သည်းတဲ့ ရန်ကုန်နဲ့ မန္တလေး မြို့တွေကို လည်း ခရိုင် ၆ ခုနဲ့ ၂ ခု အထိ ခွဲခြားဖွဲ့စည်းဖို့ ကြံစည်နေတာကိုလည်း တွေ့နိုင်ပါတယ်။