ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုက်ကယ်အောင်သွင်၊ ထူးခြားတဲ့ သမိုင်းအဆိုရှင်နဲ့ အငြင်းပွားစရာလူ
နဝတခေတ်သတင်းစာတွေမှာ မကြာခဏ ဝေဖန်တိုက်ခိုက်ခံရတဲ့ အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မော်ရင်း အောင်သွင်ကို မြန်မာနိုင်ငံရေးလောကမှာ သိသူခင်သူများပေမယ့် သူ့အစ်ကို မိုက်ကယ်အောင်သွင်ကိုတော့ သိသူနည်းသလို ရင်းနှီးသူလည်း နည်းကြ ပါတယ်။ သူတို့မောင်နှမကို အမေရိကန်ကော်နဲတက္ကသိုလ်မှာ မြန်မာစာပြခဲ့တဲ့၊ ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူကို အင်္ဂလိပ်လို ပြန်ဆိုတဲ့ မာဂရက် အောင်သွင်ရဲ့ သားသမီးတွေအဖြစ်လည်း ခေတ်ဟောင်း မြန်မာ အဝေးရောက်တွေနဲ့ မြန်မာ့ရေးရာ လေ့လာသူတွေကြားမှာ သိကြပါတယ်။ အခုနောက်ပိုင်း မှာတော့ မိုက်ကယ်အောင်သွင်ရဲ့ သား မေထရီအောင်သွင်ကို စင်္ကာပူအမျိုးသားတက္ကသိုလ်က တွဲဖက်သမိုင်းပါမောက္ခတယောက်အဖြစ် သိသူ များလာကြ ပါတယ်။
တခါက မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ အဝေးရောက်မိသားစုတွေ ရှိကြပါတယ်။ ဒီထဲက လောရုံမိသားစုဟာဆိုရင် စစ်အစိုးရခေတ် သတင်းစာရှင်းပွဲ တွေမှာ မိသားစုလိုက် အစိုးရ ရန်သူသဖွယ် သတ်မှတ်ရည်ညွှန်းခံခဲ့ကြရသူတွေ ဖြစ်ပါတယ်။ အောင်သွင်များကတော့ သူတို့နဲ့မတူဘဲ စစ်အုပ်စုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သူ ရှိသလို စစ်အုပ်စုဘက်ကို တမ်းညွတ်တယ်ဆိုပြီး ဝေဖန်ခံရသူတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီထဲက မိုက်ကယ် အောင်သွင်ဟာ သူ့ရဲ့ ဆန်းသစ်တဲ့ သမိုင်းအယူအဆတွေကြောင့် မြန်မာသမိုင်းလေ့လာရေးမှာ ထင်ရှားခဲ့သလို သူ့အဆိုတွေကို နှစ်သက်သူ၊ မထောက်ခံသူ တွေနဲ့ ပွဲစည်ခဲ့သူလည်း ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းပညာတတ်
မိုက်ကယ်အောင်သွင်ဟာ ၁၉၄၆ ဒုတိယကမ္ဘာစစ်ပြီးစက မြန်မာခရစ်ယာန်မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့ပြီး သူ့မျိုးရိုးစဉ်ဆက်ကို ကြည့်ရင် ကရင်၊ ဗြိတိသျှ၊ ရခိုင် စတဲ့ လူမျိုးစုံ ပါဝင်တာကို တွေ့ရပါတယ်။ သူ့ဖခင် ဦးမိုးဇက်အောင်သွင်ဟာ ကလောက ကျောင်းအုပ်ကြီး ဖြစ်ပြီး မိခင်ကတော့ ရန်ကုန်က နိုင်ငံတကာကျောင်းမှာ ဆရာမ ဖြစ်ပါတယ်။ သူ့မိခင်ဟာ စစ်ကြီးမဖြစ်ခင်က ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး သပိတ်မှောက် ကျောင်းမတက်တာ တွေကို ဆန့်ကျင်သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း စစ်ပြီးခေတ် ကလေးသုံးယောက်မွေးပြီးမှ ဘွဲ့ရအောင် ယူခဲ့သလို အမေရိကန်က ပထမဆုံးခေါ်တဲ့ ဖူးလ်ဘရိုက်ပညာသင် ဆုကို ၁၉၅၄ က ရခဲ့ပါတယ်။
မိဘနှစ်ပါးပြတ်စဲပြီးနောက် မိုက်ကယ်တို့ မောင်နှမသုံးယောက်ဟာ မိခင်ပြောင်းရွှေ့လုပ်ကိုင်တဲ့ အိန္ဒိယကနေ အမေရိကန်ကို ရောက်လာကြပါတယ်။ အစကတည်းက ရန်ကုန်မက်သဒစ်ကျောင်းမှာ ပညာသင်ခဲ့တဲ့ မိုက်ကယ်ဟာ ပညာအခြေခံကောင်းသူပီပီ မစ်ချီဂန်တက္ကသိုလ်က ၁၉၇၆ မှာ သမိုင်းပါရဂူဘွဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မဟာဝိဇ္ဇာတန်းမှာ တောင်အာရှသမိုင်းလေ့လာဖို့ ကြံခဲ့ပေမယ့် တမီလ်ဘာသာသင်ရတာခက်လို့ မြန်မာစာပြန်သင်ရင်းနဲ့ အရှေ့အာရှ သမိုင်းဖတ်ဖြစ်တယ်၊ အဲဒီကနေ မြန်မာသမိုင်းလေ့လာဖြစ်တယ်ဆိုပြီး နယူးမဏ္ဍလဝက်ဆိုက်နဲ့ ၂ဝဝ၇ ခုနှစ်က တွေ့ဆုံခန်းမှာ မိုက်ကယ်အောင်သွင် ပြောပြခဲ့ပါတယ်။
မိုက်ကယ်အောင်သွင်ဟာ ပုဂံခေတ်သမိုင်းနဲ့ ပါရဂူဘွဲ့ရရှိခဲ့ပြီးနောက် ပုဂံသမိုင်းဆိုင်ရာ အမြင်သစ်တွေထုတ်ပြခဲ့လို့ ဘာသာရပ်နယ်ပယ်မှာ ထင်ရှားလာ ခဲ့ပါတယ်။ သူ့အရင်က ဘလက်ဒင်၊ လုစ်၊ ဦးသန်းထွန်းနဲ့ ဗိုလ်မှူးဘရှင်စတဲ့ ပညာရှင်တွေ ပုဂံကို အခေါက်ခေါက်သွားပြီး ကျောက်စာမူရင်းတွေ ဖတ်ကာ အချက် အလက်သစ်တွေ ရအောင် လေ့လာပြီး ရေးတဲ့ သမိုင်းတွေနဲ့မတူဘဲ မိုက်ကယ်အောင်သွင်က သူ့နည်းသူ့ဟန်နဲ့ ပုဂံပျက်ပုံသမိုင်းကို ရှင်းဖို့ကြိုးစား ပါတယ်။ မိုက်ကယ်အောင်သွင်ဟာ ကျောက်စာကို မူရင်းမဖတ်ဘဲ ခေတ်စာနဲ့အချောပြန်ထားတာကို ဖတ်တယ်လို့ ဒေါက်တာအေးချမ်းက ကျွန်တော်နှင့် ပါမောက္ခ မိုက်ကယ်အောင်သွင်ဆောင်းပါးမှာ ရေးသလို ကျောက်စာပါ စကားလုံးတွေကို သူသေချာနားမလည်ဘဲ ရေးတယ်လို့ ထောက်ပြတာလည်း ရှိပါတယ်။ မြန်မာပြည်မှာ ၁၃ နှစ်သားထိ နေခဲ့ပေမယ့် သူ့ရဲ့မြန်မာစာ နားလည်တတ်ကျွမ်းမှုကို သံသယဝင်သူတွေလည်း ရှိပါတယ်။ မိုက်ကယ် အောင်သွင်ဟာ အင်္ဂလိပ်စာ အရေးအသားနှံ့စပ်ပြီး အနောက်တိုင်းအသိပညာ အဆောက်အအုံထဲမှာ လူလားမြောက်လာသူ ဖြစ်လို့ အမြင်သစ်တွေကို တင်ပြပုံ ကောင်းကောင်းနဲ့ လူကြိုက်အောင် တင်ဆက်နိုင်သူ ဖြစ်တယ်လို့ မြန်မာ ပညာရှင်ထဲက သုံးသပ်သူ ရှိသလို သူ့ရဲ့ မြန်မာသမိုင်းအခြေခံ ပိုင်နိုင်မှု မှာတော့ ရှေ့က ရှိခဲ့တဲ့ လုစ်နဲ့ ဦးသန်းထွန်းတို့လို ပိုင်နိုင်မှု မရှိဘူးလို့ မြင်သူလည်း ရှိပါတယ်။
ဒေါက်တာအောင်သွင်ဟာ ဟာဝိုင်အီတက္ကသိုလ် အာရှလေ့လာရေးပါမောက္ခဖြစ်ခဲ့သလို မြောက်အီလီနွိုင်းတက္ကသိုလ်က အရှေ့တောင်အာရှ လေ့လာရေး စင်တာမှာလည်း ညွှန်ကြားရေးမှူး ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနမှာ အလုပ်အတူ လုပ်ခဲ့ဖူးပါတယ်။ နောက် မိုက်ကယ်ဟာ အီလီနွိုင်းအခြေစိုက် မြန်မာရေးရာလေ့လာရေးဖောင်ဒေးရှင်းရဲ့ ဂေါပကအဖွဲ့ဝင်တယောက် ဖြစ်ပါတယ်။ ဒီအုပ်စု ကို လမ်းမီးတိုင် အောက်မှာ ပညာရှင်တွေ ဆုံမိရာက စထူထောင်ဖြစ်ပြီး မူလတည်ထောင်သူတွေထဲမှာ မိုက်ကယ်အောင်သွင် ပါပါတယ်။
အောင်သွင်ရဲ့ စောဒကများ
၁၉၆၂ နောက်ပိုင်း မြန်မာနိုင်ငံမှာ သမိုင်းအမြင်သစ် ဆိုတဲ့ စကား ခေတ်စားလာပါတယ်။ အရင် ပဒေသရာဇ်၊ အရင်းရှင်အမြင်တွေနဲ့မတူဘဲ ဆိုရှယ်လစ် အမြင်နဲ့ ရေးမယ်လို့ ကြေညာသူတွေ ရှိသလို အသစ်မြင်ဗမာ့သမိုင်းဆိုပြီး ဒေါက်တာသန်းထွန်းက စာအုပ်ထုတ်တာ ရှိခဲ့ပါတယ်။ အဲဒီခေတ်မြန်မာပြည် အပြင်မှာ သမိုင်းသစ် ထွင်ရေးသူတွေထဲမှာတော့ မိုက်ကယ်အောင်သွင်က ထိပ်ဆုံးက ရှိနေပါတယ်။ သူနဲ့ ခေတ်ပြိုင် မြန်မာ ခေတ်ဟောင်းသမိုင်း ပညာရှင် ဗစ်တာလစ်ဘာမန်း၊ ဦးတိုးလှ စသူတွေထက် မိုက်ကယ်အောင်သွင်က ထူးဆန်းတဲ့ သမိုင်းစောဒကတွေ တက်ခဲ့ပါတယ်။ ဒါကြောင့် ပုဂံပျက်တာ မွန်ဂို တိုက်လို့မဟုတ်ဘဲ လယ်မြေတွေ သာသနာပိုင်မြေ ဖြစ်ကုန်တဲ့အတွက်ကြောင့်ဆိုပြီး သူရေးခဲ့သလို သထုံကို အနော်ရထာသိမ်းတာကိုလည်း သူက ပယ်ချ ပါတယ်။ နောက် ပုဂံသမိုင်းက ရှမ်းညီနောင်သုံးယောက်ဆိုတာကိုလည်း ၁၉ ရာစုမှ တီထွင်ချက်အဖြစ် အောင်သွင်က ယူဆပါတယ်။ သူ့ရဲ့ အထူးဆန်းဆုံး အမြင်ကတော့ မြန်မာပြည် လွတ်လပ်ရေးဟာ ၁၉၄၈ က တကယ်ရတာမဟုတ်ဘဲ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှ တကယ်လွတ်လပ်ခဲ့တာ ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီလိုအမြင်တွေကြောင့် သူ့ကို ဗမာလူမျိုးကြီးဝါဒဘက်၊ စစ်တပ်ဘက် ယိမ်းတယ်ဆိုပြီး စွပ်စွဲခံရတာ ဖြစ်ပါတယ်။
ဒီလို အငြင်းပွားစရာအမြင်တွေ ရှိပေမယ့် မိုက်ကယ်အောင်သွင်ဟာ မြန်မာသမိုင်းလေ့လာသူတွေကြားမှာ သြဇာညောင်းသူ ဖြစ်ပါတယ်။ သူ့အမြင်ကို လက်မခံနိုင်သူတွေတောင် သူ့ရေးသားချက်တွေကို ဖတ်ပြီး အစဉ်အလာ လက်ခံထားတဲ့ သမိုင်းအမြင်တွေကို ပြန်ဆန်းစစ်ကြရပါတယ်။ အရင် အစဉ် အလာ သမိုင်းဆရာတွေရဲ့ အချက်အလက်အသားပေးတဲ့ မြန်မာသမိုင်းရေးနည်းကို မိုက်ကယ်အောင်သွင်က သီအိုရီများများနဲ့ မွမ်းမံတဲ့နည်းနဲ့ တဆင့် မြှင့်ခဲ့တယ်လို့ လက်ခံသူတွေလည်း သမိုင်းလေ့လာသူတွေထဲမှာ ရှိပါတယ်။ ကြည့်တဲ့ရှုထောင့်ပေါ်မူတည်ပြီး အင်မတန်တော်တဲ့ သမိုင်းဆရာလို့ သူ့ကို မြင်နိုင်သလို အချက်အလက်နည်းနည်းပေါ် အခြေခံပြီး ချဲ့ကားရေးသူလို့ မြင်နိုင်ကြောင်းလည်း ရန်ကုန်တက္ကသိုလ်က သမိုင်းဘွဲ့ကြို စီဒီအမ် ကျောင်းသား တယောက်က ပြောပါတယ်။ တခါ မိုက်ကယ်အောင်သွင်ဟာ ကိုလိုနီလွန်သဘောတရားတွေကို မြန်မာလေ့လာရေးနယ်ပယ်ကို ခေါ်ဆောင် လာသူအဖြစ် ရှုမြင်နိုင်ပေမယ့် စစ်အစိုးရတွေကို ထောက်ခံခဲ့မှုနဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ဝေဖန်ရေးသားခဲ့မှုတွေကြောင့် တော်လှန်ရေးရန်သူ စာရင်း အသွင်းခံခဲ့ရတယ်လို့လည်း ပြည်ပတက္ကသိုလ်တခုက လူမှုသိပ္ပံ ပါမောက္ခတယောက်က သုံးသပ်ပါတယ်။ နောက် မြန်မာမဟုတ်တဲ့ လူနည်းစုတွေရဲ့ နိုင်ငံရေးနဲ့ ပညာရပ်နယ်ပယ် လေ့လာမှုတွေကို မိုက်ကယ်အောင်သွင် ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အောင်သွင်အလွန်
မိုက်ကယ်အောင်သွင်ရဲ့စာတွေဟာ မြန်မာသမိုင်းမှာ ဖတ်စရာ စာအုပ်ကောင်းမရှိတာကို ပြနေတာလို့လည်း နိုင်ငံခြားရောက်နေတဲ့ မြန်မာ့အရေး လေ့လာ သူတယောက်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကြောင့် လူအများ ဖတ်စရာ သမိုင်းစာအုပ်ကောင်းတွေ မထွက် သလို ပညာရပ်ဆိုင်ရာ ခိုင်မာတဲ့ သမိုင်းကျမ်းတွေလည်း ပြည်ပမှာ များများစားစား မထွက်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် သမိုင်းလေ့လာမှုမှာ အချက် အလက်ခိုင်မာလေးနက်မှု၊ ကွင်းဆင်းလေ့လာမှုတွေ အားနည်းတဲ့ စာတွေ၊ နိုင်ငံရေးအမြင်ဘက်တဘက်ကနေ ရေးတဲ့ သမိုင်းတွေက အများစု ဖြစ်နေပြီး သမိုင်းကို ဝါဒဖြန့်လို ရေးတဲ့အကျင့်က မိုက်ကယ်အောင်သွင်တို့လို ပညာရှင်အဆင့်ထိ တွေ့နေရတယ်ဆိုပြီး အဲဒီလေ့လာသူက မှတ်ချက်ချ ပါတယ်။
နောက် မြန်မာသမိုင်းဆိုင်ရာ အချက်အလက်တွေ စုဆောင်းဖို့အတွက် မြန်မာပြည်တွင်း ဝင်ခွင့်ရရေးနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သုတေသနဌာနတွေကို ဝင်ခွင့်ရရေးမှာ စစ်အုပ်စုနဲ့ အဆင်ပြေသူတွေပဲ ဝင်ထွက်ခွင့် အဆင်ပြေခဲ့တဲ့ခေတ်က ဆယ်စုနှစ်တွေနဲ့ချီ ကြာခဲ့ပါတယ်။ ဒါကြောင့် မြန်မာခေတ်ဟောင်း ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာ သုတေသီလောကမှာ စစ်တပ်နဲ့ နီးစပ်သူတွေ အားကြီးပြီး အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ နီးစပ်သူတွေက လူနည်းစုလို ဖြစ်ခဲ့တဲ့ အချိန်တွေ ရှိခဲ့သလို စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို ပြည်ပပညာရှင်ဆိုသူ အများစု ဆိတ်ဆိတ်နေခဲ့တဲ့ ခေတ်တွေ ရှိခဲ့ပါတယ်။ မိုက်ကယ် အောင်သွင်ကတော့ ဒီမိုကရေစီဂျီဟတ်နဲ့ ဧဝံဂလိဝါဒသစ်လို စာတမ်းမျိုးရေးခဲ့သူ ဖြစ်လို့ အနောက်အုပ်စုကနေ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းကို အားပေးထောက်ခံတာတွေကို နှစ်ခြိုက်ပုံ မရပါဘူး။ ဒါကြောင့် ကိုလိုနီလက်သစ်နဲ့ အနောက်တိုင်း လွှမ်းမိုးမှုကို ဆန့်ကျင်တယ် ဆိုပြီး စစ်ဝါဒီအစိုးရတွေ တရားမဲ့ပြုကျင့်မှုတွေကို မျက်စိမှိတ် ကာကွယ်ပေးတာကရော ပညာရှင်ကျင့်ဝတ်နဲ့ ဘယ်လောက်ညီသလဲ ဆိုပြီး မျိုးဆက်သစ် ပညာရှင်ကျောင်းသား တွေက ခေတ်ဟောင်း ပညာရှင်တွေကို ပြန်ပြီး မေးခွန်းထုတ်လာကြပါတယ်။
နောက် မိုက်ကယ်အောင်သွင်ဟာ ဆာအာသာဖယ်ယာနဲ့ ဒေါက်တာလုစ်လို ကိုလိုနီအုပ်ချုပ်ရေးသမားတွေနဲ့ ပညာတတ်တွေရဲ့ အရေးအသားတွေကို ကိုလိုနီဘက်လိုက်တယ်၊ လူမျိုးရေးအမြင်ပါတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ချေပခဲ့ပါတယ်။ သူ့ရဲ့ အမြင်တွေကို ထောက်ပံ့တဲ့ ဥပမာသာဓက တင်ပြရာမှာတော့ မွန်နဲ့ ရှမ်းပညာရှင်တွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံရသလို အနောက်တိုင်းပညာရှင်အချင်းချင်းရဲ့ ဝေဖန်မှုနဲ့လည်း ရင်ဆိုင်ရပါတယ်။ ဒီလို သမိုင်း အမြင်သစ် တွေ ပေါ်ထွက်လာတာဟာ သုတေသနအတွက် ကောင်းပေမယ့် ခိုင်မာတဲ့ စောဒကတက်ချက်တွေ ဖြစ်ဖို့လိုသလို နိုင်ငံရေးအမြင်အရ ဘက်လိုက်မှု နည်းဖို့ လည်း လိုပါတယ်။ ဒါကြောင့် ကိုယ်နဲ့အမြင်မတူ အုပ်စုမတူသူတွေရဲ့ အရေးအသားကို ဝေဖန်ရာမှာ ဘက်နဲ့မကြည့်ဘဲ အချက်အလက်ကို အဓိက ဆန်းစစ် ကြဖို့ ဆိုတာကို ကိုလိုနီချေဖျက်မှု ဒီကိုလိုနိုက်ဇေးရှင်း ခေတ်စားနေတဲ့အချိန်မှာ ပြန်စဉ်းစားကြဖို့ လိုနေပါတယ်။ မိုက်ကယ်အောင်သွင်ဟာ ကိုလိုနီ လက်ဟောင်းနဲ့ လက်သစ်ကို ဆန့်ကျင်တယ်လို့ ထင်ရပေမယ့် ပြည်တွင်းအုပ်ချုပ်မှုမှာ ဖိနှိပ်တဲ့ စစ်တပ်ကို ထောက်ခံတယ်ဆိုတဲ့ တံဆိပ်ကပ်ခံ ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည်လို နိုင်ငံရေးအုပ်စုကွဲပြားမှု များတဲ့နိုင်ငံမျိုးကို လေ့လာရာမှာ ကိုယ်သုံးတဲ့ ပေတံနဲ့ နေရာတကာမှာ တိုင်းလို့ ဖြစ်ချင်မှ ဖြစ်မယ် ဆိုတာတွေ့ရသလို ကိုယ်လေ့လာတဲ့နယ်မြေမှာ အုပ်စိုးသူမျက်နှာနဲ့ အုပ်ချုပ်ခံတွေ မျက်နှာဘက်လိုက်ပုံချင်းကွာရင် အကျိုးပေးနဲ့ ရလဒ်ချင်းလည်း ကွာတတ်တယ်ဆိုတာ တွေ့ရပါတယ်။
၂ဝ၂၁ မြန်မာပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂ဝဝ၂ က သူရေးခဲ့တဲ့ ဒီမိုကရေစီဂျီဟတ်ဆောင်းပါးကို လူငယ်လေ့လာသူတွေ ပြန်လှန်ဖတ်ရှုနေကြ တာကို လည်း တွေ့ရပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန် ထောက်ခံတဲ့အစိုးရပြိုကျပြီး တာလီဘန်ပြန်တက်လာချိန်မှာ ဒီမိုကရေစီကို ပို့ကုန်လို တင်သွင်းတာကို လက်မခံခဲ့တဲ့ ၊ အပြောင်းအလဲတခု တည်ဆောက်ရာမှာ ရိုးရာလူ့အဖွဲ့အစည်းရဲ့ အစဉ်အလာနဲ့ လက်ခံတဲ့စံနှုန်းတွေကို လျစ်လျူရှုတာကို မကြိုက်တဲ့ မိုက်ကယ်အောင်သွင် ကွယ်လွန် ခဲ့ပါတယ်။ မိုက်ကယ်အောင်သွင်ရဲ့ အမြင်တွေဟာ အငြင်းပွားစရာ ရှိတတ်ပေမယ့် လူအနေနဲ့ မိုက်ကယ်ဟာ ဘီတဲလ်တီးဝိုင်းက သီချင်းတွေကို နှစ်သက်ခုံမင်ပြီး ရော့ဂီတကို မြတ်နိုးသူ၊ ခင်မင်ဖော်ရွေသူ ဖြစ်သလို အမြင်မတူတာတွေ ရှိပေမယ့် သူလုပ်တဲ့ သုတေသနလုပ်ငန်း တွေကို အားပေးသူဖြစ်တယ်လို့လည်း သြစတြေးလျအမျိုးသား တက္ကသိုလ်က မနုဿဗေဒ အကြီးတန်းကထိက ဒေါက်တာ ဂျိန်းဖာဂူဆန်က အမှတ်တရ ပြောပြပါတယ်။