တောင်ခြေမှာ ဗိုလ်ဝင်ခံတဲ့ခေတ်မှ အင်တာနက်က တပ်ဖွဲ့တဲ့ခေတ်

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ပီဒီအက်ဖ်ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့နေပါတယ်။ အန်ယူဂျီခေါ် အမျိုးသားညွန့်ပေါင်းအစိုးရ အစီအစဉ်နဲ့ လုပ်တာ ဖြစ်ပြီး အနယ်နယ်မှာ ပြန့်ကြဲနေတဲ့ အရပ်သား လက်နက်ကိုင်အဖွဲ့တွေကို တစ်စုတည်း ဖြစ်အောင် ဖွဲ့တာ လို့လည်း သိရပါတယ်။ ဒါဟာ ဖက်ဒရယ်တပ်မတော် မပေါ်ခင် ဖွဲ့တဲ့တပ်လို့လည်း ဆိုပါတယ်။

ဗိုလ်တထောင်ကျော်တဲ့ တပ်ပေါင်းစုံ

မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်နောက်ပိုင်း ဖွဲ့စည်းတဲ့ တပ်တွေထဲမှာ အကြီးဆုံးက မြန်မာ့တပ်မတော် ဖြစ်ပြီး ကရင်၊ ကချင်၊ ရှမ်း၊ ဝ ၊ ကယန်း၊ တအာန်းနဲ့ မွန်၊ ရခိုင် စတဲ့ လူမျိုးစု တပ်ဖွဲ့တွေလည်း ကြီးကြီးမားမားရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပြည်တွင်းစစ် အနှစ် ၇ဝ ကျော်အတွင်း ပြိုကွဲသွားတဲ့ ဗကပနဲ့ မူဂျာဟစ် တပ် တွေ ရှိခဲ့သလို ပြည်ပက တရုတ်ဖြူနဲ့ တရုတ်နီကျူးကျော်မှုဒဏ်တွေကိုလည်း အလူးအလဲ ခံခဲ့ရပါတယ်။ ဒါကြောင့် ခုလို စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် နေကြ တဲ့ အရပ်သားတပ်တွေကို စုစည်းပြီး ကာကွယ်ရေးတပ်ဖွဲ့လိုက်ရင် နောက်ထပ် ပြည်တွင်းစစ် အရှိန်မြှင့်လိုက်သလို ဖြစ်သွားမှာ ကို စိုးရိမ်စရာ ရှိနေ ပါတယ်။

တခြားဘက်မှာလည်း ဆန္ဒပြပွဲတွေကို ရက်စက်စွာ ဖြိုခွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေကို အံတုဖို့ လက်နက်ကိုင်နည်းသာ ရှိတော့တယ် ဆိုပြီး ယူဆသူတွေ များလာလို့ ခုလို တိုက်ပွဲတွေ ပိုပြင်းထန်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ အန်ယူဂျီကြားက ပဋိပက္ခဟာ ဒေသတွင်း အကျပ်အတည်း ဖြစ်လာနိုင်တဲ့ အတွက် ဖြေရှင်းဖို့ အာဆီယံနဲ့ ကုလသမဂ္ဂ နိုင်ငံတွေက ကြိုးစားကြပေမဲ့လည်း ခုချိန်ထိ နှစ်ဘက် စေ့စပ်ရေးက မနီးစပ်သေးဘဲ ဖြစ်နေပါတယ်။ နောက် လူမျိုးစု လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြားက တိုက်ပွဲတွေကလည်း အကြီးအကျယ် ဖြစ်ပွားနေပါတယ်။ ဒီလက်နက်ကိုင်တွေရဲ့ ထောက်ခံမှုရဖို့ စစ်ကောင်စီနဲ့ အန်ယူဂျီတို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ ဖြစ်လို့ တောင်ပေါ်ဒေသတွေမှာ သွေးချောင်းစီးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ် ဆိုပြီး စစ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ဒီလို ဖြစ်လာခဲ့ရင် တရုတ်နဲ့ ထိုင်း စတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝင်ပြီး ဖျန်ဖြေ ပေးနိုင်မလား၊ ကုလသမဂ္ဂတပ်တွေ ဝင်လာနိုင်သလား စတဲ့ မျှော်လင့်မှုတွေ ရှိနေကြပေမဲ့ လောလောဆယ်မှာတော့ ဘာမှ မရေရာသေးဘဲ နိုင်ငံတစ်လွှား စစ်မီးပြန့်စပြုနေတာကို မတားနိုင်ဘဲ ဖြစ်နေပါတယ်။ ဘော်လကန်ပြုမှု ဖြစ်စဉ် ဆိုတဲ့ နိုင်ငံအစိတ်စိတ်ပြိုကွဲခဲ့တဲ့ ယူဂိုဆလားဗီးယားနိုင်ငံ ကံကြမ္မာမျိုးနဲ့ တိုးမလား၊ မြောက်ကိုရီးယားနဲ့ တရုတ်ပြည်လို အာဏာရှင်ထိန်းချုပ်မှု အောက်က ကျပ်တည်းတဲ့ အုပ်ချုပ်ရေးစနစ်မျိုးထိ စစ်တပ်က ထိန်းချုပ်လာနိုင်သလား၊ လူမျိုးစုတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေဟာ စစ်ကောင်စီတပ် ထဲက ပဲ့ထွက်လာတဲ့ အင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို ဖြုတ်ချနိုင်မလား ဆိုတာတွေကတော့ ပြဿနာအဖြေကို မှန်းဆနေကြတဲ့ လမ်းကြောင်း တွေ ဖြစ်ပါတယ်။

မင်းပြောင်းမင်းလွဲ ဆူပူမှုများ

မြန်မာနိုင်ငံမှာ ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး စစ်ပြိုင်နိုင်ငံအချင်းချင်း တိုက်ခိုက်နယ်မြေလုတာတွေက ရာစုနှစ်တွေနဲ့ချီ ကြာညောင်းခဲ့ပါတယ်။ အင်အားကြီးတဲ့ ဘုရင်မင်းဆက်တချို့လက်ထက်မှာ နယ်မြေ တော်တော် များများကို ထိန်းထားနိုင်တာကလွဲပြီး အေးချမ်းတဲ့ခေတ်လို့ ခေါ်လို့ရတဲ့ အုပ်စိုးမှု က များများမရှိခဲ့ပါဘူး။ ဘုရင်ဘုန်းကြီးရင် သက်တော်ရှည်ပြီး တိုင်းသူပြည်သားတွေမှာ ရေချမ်းအိုးလို အေးမြရတယ် ဆိုတဲ့ မြန်မာဆိုရိုး စကား အရ လည်း ပဒေသရာဇ်ခေတ်က သာမန်ပြည်သူအများစုရဲ့ ဘဝလုံခြုံမှုဟာ အင်အားကြီးတဲ့ ဘုရင်တစ်ပါးရဲ့ စောင့်ရှောက်မှုအပေါ်မှာ အများကြီး တည်နေခဲ့ ပါတယ်။

ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ ၊ မြောက်ဦး၊ ဟံသာဝတီ၊ ညောင်ရမ်းနဲ့ ကုန်းဘောင်မင်းဆက်တွေ ပြိုကွဲတဲ့အခါတိုင်း ကျေးလက်ဒေသက ပြည်သူတွေဟာ အာဏာလုတဲ့ နယ်ရှင်တွေရဲ့ အုပ်စိုးမှုအောက်ကို ကျရောက် လေ့ ရှိပြီး နယ်ချင်း ဖြစ်တဲ့ စစ်တွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ၁၇၅၂ ညောင်ရမ်းမင်းဆက် ပျက်သုဉ်းချိန်မှာ နိုင်ငံတစ်ဝန်းက ဒေသအကြီးအကဲတွေကြား အာဏာလေဟာနယ်ကြီး ဖြစ်ပြီး အချင်းချင်း အပြန်အလှန် စစ်ခင်း လုယက်တာတွေ ဖြစ်ခဲ့ သလို ပြည်သူတွေလည်း အစာရေစာ ရှားပါးပြီး ငတ်မွတ်ခေါင်းပါးတဲ့ဘေးနဲ့ ကြုံကြရတယ်လို့ ဒေါက်တာရီရီက မြန်မာနိုင်ငံအခြေအနေ ၁၇၁၄ - ၁၇၅၂ စာအုပ်မှာ ရေးခဲ့ပါတယ်။

၁၈၈၅ မှာ သီပေါမင်း ပါတော်မူပြီးနောက်မှာတော့ ၁ဝ နှစ်လောက် ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေကို နယ်ချဲ့တော်လှန်ရေးအဖြစ် အမျိုးသားရေးဝါဒီတွေက သတ်မှတ်ပေမဲ့ လူဆိုးဓားပြတွေရဲ့ ထကြွမှုအဖြစ် ဗြိတိသျှဘက်က ခေါ်ဆိုရေးသားခဲ့ပါတယ်။ ဘုရင်မရှိလို့ လွတ်သွားတဲ့ ပလ္လင်မှာ မင်းသားတစ်ပါးမှ အစားထိုးမတင်နိုင်တဲ့အတွက် ဗြိတိသျှ အုပ်စိုးမှုကို လက်မခံနိုင်သူတွေရဲ့ ပလ္လင်လုပွဲတွေလို့ ဒီပုန်ကန်မှု တွေကို ညွှန်းဆိုကြပြီး မြင်စိုင်း၊ လင်းပင် စတဲ့ မင်းသားအစစ်တွေ အပြင် ရွှေချိုးဖြူ မင်းသား၊ ဗုဒ္ဓရာဇာ စတဲ့ နာမည်တွေနဲ့ ပုန်ကန်သူတွေလည်း ရှိခဲ့ပါတယ်။ အထက် မြန်မာ ပြည် ကျေးရွာ အက်ဥပဒေ စတဲ့ ဖိနှိပ်တဲ့ ဥပဒေတွေသုံးပြီး ဒီပုန်ကန်မှုတွေကို ဖြိုခွဲခဲ့သလို ဗြိတိသျှနဲ့အတူ ပါလာတဲ့ အိန္ဒိယ စစ်ဘာရီတပ်သားတွေရဲ့ ရက်စက်မှုကြောင့် အိန္ဒိယနွယ်ဖွားတွေကို မုန်းတီးတဲ့ စိတ်တွေ များပြားလာတယ်လို့ ဒေါက်တာတိုးလှက ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံ စာတမ်းမှာ ရေးပါတယ်။

ဘီအိုင်အေ အစ တပ်ပေါင်းစုံက

ဒီလို ဖြိုခွဲခံရပေမဲ့ ဗြိတိသျှလက်အောက်မှာ ဖွဲမီးလို တစစ လောင်မြိုက်နေခဲ့တဲ့ မျိုးချစ်လှုပ်ရှားမှုဟာ စာပေ၊ သဘင်၊ ပညာရေး နဲ့ ဘာသာရေး လှုပ်ရှား မှုတွေကနေ တဖြည်းဖြည်း ပြန်ပြီး ခေါင်းပြူလာပါတယ်။ ဘုရင်ကို လွမ်းတတဲ့ တေးချင်းနဲ့ ရာဇဝင်ဇာတ်ထုပ်တွေ၊ ဝတ္ထုပုံပြင်တွေအပြင် ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းတွေရဲ့ သင်ကြားရေးကလည်း ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေခဲ့တဲ့ခေတ်ကို မမေ့အောင် လှုံ့ဆော်ပေးနေခဲ့တာပါ။ ၁၉၂ဝ ကျော်မှာ ဂျီစီဘီအေရဲ့ ဝံသာနုလှုပ်ရှားမှု ပေါ်ပေါက်လာပြီး သံဃာ့သမဂ္ဂီ၊ ကုမ္မာရီနဲ့ ဘူးအသင်းတွေရဲ့ ပြည်တွင်းဖြစ် အားပေးရေးနဲ့ အခွန်မပေးရေး လှုပ်ရှားမှုတွေ လည်း ပြင်းထန်ခဲ့ပါတယ်။ ၁၉၃ဝ မှာ တို့ဗမာ အစည်းအရုံး တည်ထောင်ပြီးနောက်မှာတော့ ပြင်းထန်တဲ့ နိုင်ငံရေးလမ်းကြောင်းဘက်ကို ပိုယိမ်းလာပြီး ရဲတပ်၊ သခင်တပ်၊ ဓားမတပ်၊ ဂဠုန်တပ် စတဲ့ နိုင်ငံရေးအဖွဲ့တွေ ထောင်တဲ့ လက်နက်မကိုင်တဲ့ တပ်တွေ အပြိုင်းအရိုင်း ပေါ်ထွန်းလာတယ် လို့ မေရီ ကယ်လ်ဟန်က ရန်သူမွေးခြင်း စာအုပ်မှာ ရေးပါတယ်။ ဒီလို တပ်ယဉ်ကျေးမှု ထွန်းကားလာချိန်ဟာ အီတလီ၊ ဂျာမနီနဲ့ ဂျပန် နိုင်ငံတွေမှာ ဖက်ဆစ် နာဇီဝါဒတွေ ထွန်းကားပြီး ရှပ်ညို ရှက်နက်တပ်ဖွဲ့တွေ၊ နဂါးနက်ဂိုဏ်းလှုပ်ရှားမှုတွေ ခေါင်းထောင်နေချိန်နဲ့ တိုက်ဆိုင်နေပြီး အမျိုးသားရေး နိုးကြားမှုနဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ရိုက်ခတ်မှုတွေရဲ့ အရှိန်ကလည်း ဒီနိုင်ငံတွေနဲ့အတူ မြန်မာပြည်မှာ ရိုက်ခတ်ခဲ့ပါတယ်။

၁၃ဝဝ ပြည့် အရေးတော်ပုံကာလ မှာ ဗိုလ်အောင်ကျော်နဲ့ မန္တလေး အာဇာနည် ၁၇ ဦးကျဆုံးပြီးနောက်ပိုင်း ကျောင်းသားသမဂ္ဂတွေ ထောင်တဲ့ သံမဏိ တပ်ဖွဲ့တွေ ပေါ်ပေါက် လာပါတယ်။ လွတ်လပ်ရေးကို ဆန္ဒပြ တောင်းလို့မရတော့တဲ့အတွက် လက်နက်ကိုင်လမ်းကြောင်းကို သွားနိုင်ဖို့ စစ်ရေးလေ့ကျင့်နိုင် တဲ့ တပ်ပုံစံ ဖွဲ့စည်း လှုပ်ရှားတာ ဖြစ်ပါတယ်။ ဒီသံမဏိတပ်ကို တည်ထောင်သူတွေထဲမှာ ၁၉၆၂ က စစ်ကောင်စီဝင်ဟောင်း ဗိုလ်မှူးကြီး ချစ်မြိုင်လည်း ပါဝင်ပြီး ဒီတပ်ဖွဲ့ ဝင်တွေထဲက တပ်မတော်ကို ကူးပြောင်းလာသူတွေ အများအပြား ရှိပါတယ်။ ၈ နှစ် ကလေးအရွယ်က စပြီး သံမဏိတပ်ဖွဲ့ဝင်ဖြစ်အောင် လေကျင့် ပေးခဲ့ တယ်လို့လည်း အောင်ထွန်းရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ဖော်ပြပါတယ်။ ဒီလိုစစ်သွေးတက်ကြွအောင် လေ့ကျင့် ပေးထားတဲ့ အတွက် ၁၉၄၂ ဘီအိုင်အေ ဝင်ချိန်မှာ နိုင်ငံတလွှားက ထောင်သောင်းချီတဲ့ လူငယ်တွေ စစ်ထဲ ဝင်လာကြပါတယ်။

ဘီဘီစီနဲ့ ဘီအိုင်အေ

ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာလည်း တို့ဗမာအစည်းအရုံးနှစ်ခုက ခေါင်းဆောင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ အလုပ်သမား နဲ့ လယ်သမား အစည်းအရုံးဝင်တွေ ပူးပေါင်း ဖွဲ့စည်းခဲ့တဲ့ တပ်ကြီး ဖြစ်ပါတယ်။ ဂျပန်မှာ ပညာသင်လာတဲ့ ရဲဘော်သုံးကျိပ် ဝင်မလာခင်မှာ ပြည်တွင်းက လူငယ်တွေဟာ ဘီဘီစီ၊ ဗီအိုအေ စတဲ့ ပြည်ပ အသံလွှင့် ဌာနတွေက ရတဲ့ စစ်သတင်း တွေကို အားကိုးပြီး စည်းရုံး လှုပ်ရှား ခဲ့ကြ တယ်လို့ နယ်ချဲ့ ဆန့်ကျင်ရေးမှာ အထက် ဗမာပြည်ခေါင်းဆောင် တယောက် အနေနဲ့ ပါဝင်ခဲ့တဲ့ ပါလီမန် အတွင်းဝန်ဟောင်းနဲ့ NLD သဘာပတိ အဖွဲ့ဝင် ဦးသန်းထွန်းက ဘီဘီစီကို ပြောပါတယ်။ ဘီအိုင်အေဟာ ဂျပန်တပ် နဲ့အတူ ဝင်လာတဲ့ လမ်းကြောင်း တစ်လျှောက်မှာ ပူးပေါင်း လာကြတဲ့ အရပ်သား တွေကို လေ့ကျင့် သင်ကြား ပေးတာနဲ့အတူ နယ်မြေ တည်ငြိမ်ရေးကို ဆောင်ရွက် ခဲ့ရတယ်၊ တိုင်းပြည် လွတ်လပ်ရေး အတွက် စိတ်ထက်သန် နေကြတဲ့ အချိန်မို့လို့ စည်းလုံး ညီညွတ် ခဲ့ကြတယ် လို့လည်း ဦးသန်းထွန်းက ဆိုပါတယ်။ ဒီတပ်သားတွေဟာ စစ်ဝတ်စုံတောင် မပြည့်စုံဘဲ မိဘဆွေမျိုးတွေ ထောက်ပံ့မှုနဲ့ ရပ်တည်ရသလို စျေးဆိုင်တွေမှာ ရဲဘော်တစ်ဝက်ခဆိုပြီး လျှော့ယူတဲ့ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်ကြတယ်လို့လည်း ခင်မျိုးချစ်က ဂျပန်ခေတ်မှာ သုံးနှစ်တာ စာအုပ်မှာ ရေးပါတယ်။

သခင်အောင်ဆန်း၊ သခင်လှဖေ ၊ သခင်ထွန်းအုပ်နဲ့ သခင်အောင်သန်း စတဲ့ သခင်ခေါင်းဆောင်တွေ ထူထောင်ခဲ့ကြတဲ့ ဘီအိုင်အေတပ်ကြီးဟာ စစ်အတွင်း ဗြိတိသျှဘက်က ကျန်ရစ်တဲ့ ကရင်နဲ့ တခြားလူမျိုးစုတပ်တွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့အပြင် မြစ်ဝကျွန်းပေါ်မှာ ဖြစ်တဲ့ ကရင် ဗမာ အဓိကရုဏ်းမှာလည်း ကိုင်တွယ်ပုံ ညံ့ဖျင်းပြီး လူမျိုးရေး သတ်ဖြတ်မှုတွေ ပိုမို ဆိုးရွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကရင် ဗမာ ခေါင်းဆောင်တွေ ညှိနှိုင်းပြီး ကရင်စစ်ဗိုလ် တွေကို ဘီအိုင်အေထဲ ထည့်တာတွေ လုပ်ခဲ့ပေမဲ့ ပဋိပက္ခက စစ်ပြီးချိန်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ ရခိုင်မှာလည်း အိန္ဒိယတပ်တွေနဲ့ ဘီအိုင်အေကြား တိုက်ပွဲကနေ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင် တွေကြား သတ်ဖြတ်မှုတွေထိ ဖြစ်ခဲ့ပါတယ်။ ကချင်မှာလည်း ရှမ်း ဗမာ ဘီအိုင်အေတပ်တွေနဲ့ ကချင်လဲဗီးတပ် တွေကြား တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

နောက်ပြီး စစ်အတွင်းမှာ ဂျပန်စစ်တပ် ပျိုးထောင်မှုနဲ့ ပေါ်ထွန်းခဲ့တဲ့ ဘီအိုင်အေ၊ ဘီဒီအေ စတဲ့ တပ်တွေဟာ ဖက်ဆစ်ဆန်တဲ့ အမူအကျင့်တွေ ကပ်ငြိနေခဲ့ တယ်လို့ ဗိုလ်ကျော်ဇော စတဲ့ ရဲဘော်သုံးကျိပ် ခေါင်းဆောင်တွေက ပြန်ပြောင်း သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်ထဲမှာ ကွန်မြူနစ် သဘောတရားရေး သင်တန်း ပေးတာမျိုး လုပ်ဖို့ ကြံစည်ခဲ့ပေမယ့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လို သဘောတရားရေးလက်နက် အပြည့် တပ်နိုင်တဲ့ တပ် မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် စစ်ပြီးခေတ် ၁၉၄၅ မှာ ဖက်ဆစ်တော်လှန်ရေး အပြီး ကျန်ခဲ့တဲ့ ပီဘီအက်ဖ် ခေါ် မျိုးချစ် ဗမာ့တပ်မတော်မှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ မျိုးချစ်တပ်သားတွေ ဆိုပြီး သုံးအုပ်စုကွဲ ကျန်နေခဲ့ပါတယ်။ နောက် ပြန်ဝင်လာတဲ့ ဗြိတိသျှတပ်တွေနဲ့ စေ့စပ်ပြီး တပ်သစ် ပြန်ဖွဲ့ဖို့လည်း လိုလာပါတယ်။

မအောင်မြင်တဲ့ တပ်မတော်ပေါင်းစည်းမှု

၁၉၄၅ မှာ ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းတဲ့ ဗမာ့တပ်မတော်မှာ ဂျပန်နဲ့ ဗြိတိသျှလေ့ကျင့်ပေးခဲ့တဲ့ တပ်နှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းမိကြပါတယ်။ ဒါပေမဲ့ တပ်ကို နိုင်ငံရေးမစွက်တဲ့ တပ်ပီပီသသဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက် ဟာ ထင်တိုင်းမပေါက်ခဲ့ဘဲ စစ်အတွင်းက အာဃာတတွေနဲ့ စစ်ပြီးခေတ်မှာ အသစ် ပေါ်လာတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းကျပြီး လွတ်လပ်ရေး ရခါစမှာပဲ တပ်အသစ် အစိတ်စိတ် ပြိုကွဲ ခဲ့ပြန်ပါတယ်။ ဒီပြိုကွဲသွားတဲ့တပ်ထဲက ကွန်မြူနစ်၊ ကရင်တပ်တွေနဲ့ ပြည်သူ့ရဲဘော်လို့ ခေါ်တဲ့ စစ်ပြန်တွေ ပါတဲ့ တပ်တွေ တောခိုကုန်ပြီး ဆိုရှယ်လစ်နဲ့ မျိုးချစ် ဗမာ တပ်ရင်းတွေ၊ ချင်းတပ်တွေပဲ ဖဆပလအစိုးရကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့ပါတယ်။

မူဂျာဟစ်၊ ပအိုဝ်း၊ မွန် စတဲ့ ပုန်ကန်မှုအသစ်တွေလည်း ပေါ်ထွက်နေတဲ့အတွက် ရှမ်း၊ ကယားနဲ့ ဂေါ်ရခါးတပ်တချို့ကို အရေးပေါ် ပြန်ခေါ်ပြီး သူပုန်ထမှု တွေ နှိမ်နင်းဖို့ လုပ်ခဲ့သလို လဲဗီးနဲ့ သောင်းကျန်းမှု နှိမ်နင်းရေးတပ် တွေလည်း အပူတပြင်း ဖွဲ့စည်းခဲ့ပါတယ်။ ဒီတပ်သစ်တွေရဲ့ စည်းကမ်းမသေဝပ်မှုတွေ ကြောင့် နယ်တွေမှာ အရပ်သားတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ဖြစ်ခဲ့ပါတယ်။ ရောင်စုံသူပုန်တပ်တွေကလည်း ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်တာတွေ ရှိခဲ့လို့ ဖြူး၊ မေမြို့၊ တောင်ငူ စတဲ့ မြို့တွေနဲ့ ပျဉ်းမနားနယ်က ရွာတွေမှာ လူသတ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီလို အပြန်အလှန်သတ်ဖြတ်မှုတွေကြောင့် လူမျိုးစွဲ မုန်းတီးရေးနဲ့ ဝါဒရေး တိုက်ခိုက်မှုတွေ ပိုဆိုး လာသလို ပြည်တွင်းစစ်ကလည်း မငြိမ်းနိုင် ဖြစ်ခဲ့ပါတယ်။

နောက် ဗိုလ်လက်ျာနဲ့ ကရင်ဗိုလ်ချုပ်တွေ ထွက်သွားပြီးနောက် တပ်မတော် ခေါင်းဆောင်မှုဟာ ဗိုလ်ချုပ်နေဝင်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေ လက်ထဲ ရောက်ရှိသွားပြီး သူတို့ရဲ့ ခါးပိုက်ဆောင်တပ်လို ဖြစ်လာတယ်လို့ ဖိုးသံချောင်းက စစ်တပ်နဲ့ နိုင်ငံရေး စာအုပ်မှာ သုံးသပ်ပါတယ်။ ဒီတပ်ကို အမေရိကန်၊ ဗြိတိန်နဲ့ အိန္ဒိယက စစ်လက်နက်နဲ့ လေ့ကျင့်ရေး အကူအညီပေးပြီး ခေတ်မီတပ်ဖြစ်လာအောင် ကူညီခဲ့ပါတယ်။ ဗိုလ်မှူးချုပ် မောင်မောင်ရဲ့ ပြုပြင်မှုနဲ့ စစ်တိုင်းတွေ တိုးချဲ့တာ၊ စစ်တက္ကသိုလ် တည်ထောင်တာတွေ ဖြစ်လာသလို အမျိုးသမီးစစ်သည်တွေ ခန့်အပ်တာထိ တိုးတက်လာခဲ့ပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံရေးအရ ဖိနှိပ်တဲ့ တပ် ဆက်ဖြစ်နေလို့ ၁၉၅၈ ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တပ်က အာဏာဝင်ယူရာကနေ နိုင်ငံအာဏာကို အနှစ် ၅ဝ၊ ၆ဝ စွက်ဖက်အုပ်ချုပ်တဲ့ထိ ဖြစ်လာခဲ့ပါတယ်။

စစ်နှိပ်ကွပ်မှုအတွက် တန်ပြန်စစ်

၁၉၆၂ နောက်ပိုင်း နိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့တပ်ရင်း ၄ က စစ်ဗိုလ်ချုပ်များ ကြီးစိုးတဲ့ လက်ဝဲနိုင်ငံရေးစနစ် ပေါ်လာခဲ့ပါတယ်။ ၁၉၆၁ ကနေ ၁၉၇ဝ ပြည့်လွန်နှစ်တွေအတွင်း တပ်ခေါင်းဆောင်ပိုင်း အပြောင်း အလဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းကို ယှဉ်နိုင်သူ တစ်ယောက်မှ မရှိဘဲ စစ်ထောက်လှမ်းရေး ကြီးစိုးတဲ့ခေတ်ကို ရောက်ခဲ့ပါတယ်။ နောက်ဆုံး ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးနဲ့ တစ်ဖွဲ့လုံး ၁၉၈၃ မှာ ဖယ်ရှား ခံခဲ့ရပြီး ၁၉၈၈ မှာ လူထုဆန္ဒပြပွဲတွေကြောင့် လမ်းစဉ်ပါတီသမ္မတ သုံးယောက် ပြုတ်ကျသွားခဲ့ပါတယ်။ တပ်ကဖွဲ့တဲ့ ပါတီပျက်သွားပေမဲ့ တပ်က အာဏာကို တစ်ဖန်ပြန်ထိန်းချုပ်လိုက်တဲ့ အတွက် နောက်ထပ် အနှစ် ၂ဝ ကျော် စစ်အစိုးရနှစ်ဆက်အောက်မှာ မြန်မာပြည်သူတွေ နေခဲ့ကြရပြန် ပါတယ်။

ဒီလို စစ်အစိုးရသက်တမ်းရှည်ကြီးကို ၁၉၆၂ ကတည်းက ခုခံလာတဲ့ ရှမ်း၊ ကချင်၊ ကရင်၊ မွန်နဲ့ ဝ၊ ကိုးကန့် ၊ ကယန်း စတဲ့ လူမျိုးစုတပ်တွေလည်း ပိုတိုး လာပြီး ဦးနုနဲ့ ဗကပ အဖွဲ့တွေရဲ့ ပုန်ကန်မှုကလည်း ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ ကျောင်းသားတပ်မတော် ပေါ်လာသလို လူမျိုးစု သူပုန်တွေနဲ့ နဝတအစိုးရကြား တိုက်ပွဲကြီးတွေကလည်း ဆက်ဖြစ်ခဲ့ပါတယ်။ တရုတ်ထောက်ခံမှုနဲ့ ရှမ်းပြည်နယ်မှာ ကြီးစိုးခဲ့တဲ့ ဗကပတပ်တွေ ၁၉၈၉ မှာ ပြိုကွဲပြီး နောက်ပိုင်း ကျန်တဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ စစ်အစိုးရကြား အပစ်ရပ်စဲရေးတွေ ရှိခဲ့ပေမယ့် လက်နက်အသင့် ငြိမ်းချမ်းရေး ကာလတွေပဲ ဖြစ်ခဲ့ပါ တယ်။ တစ်ချိန်တည်းမှာပဲ ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ တခြားစီးပွားရေးကဏ္ဍတွေက ရတဲ့ ဝင်ငွေတွေနဲ့ တပ်မတော်ခေတ်မီရေးကိုလည်း ကြိုးပမ်းခဲ့ပါ တယ်။ ၁၉၈၈ က အတွေ့ အကြုံကြောင့် အရပ်သားနိုင်ငံရေးလက်ထဲ အာဏာပြန်မရောက်ရေးအတွက် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ် အသိအမှတ်မပြုတာ အပြင် အတိုက်အခံတွေ ဖမ်းဆီးတာ၊ နိုင်ငံရေးလေ့လာမှုတွေ တားမြစ်တာတွေ ဖြစ်လာခဲ့ပါတယ်။

ဒီလို ပြည်တွင်းဖိနှိပ်မှုတွေကြောင့် စစ်အစိုးရကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့တာတွေ ဖြစ်လာသလို အဲဒီ အကျိုးဆက် စီးပွားရေး ကျပ်တည်းမှုကြောင့် လည်း ပြည်ပကို မြန်မာအလုပ်သမား သန်းနဲ့ချီပြီး ထွက်သွားတာ၊ လူမျိုးစု ဒုက္ခသည်တွေ တတိယနိုင်ငံထွက်တာတွေ ပိုများ လာခဲ့ပါတယ်။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေနဲ့ စစ်အစိုးရ ခေါင်းဆောင်များကတော့ နိုင်ငံကို တင်းကျပ်စွာ အုပ်ချုပ်တာ၊ ပြည်ပနဲ့ အဆက်ဖြတ်တာ စတဲ့ ပဒေသရာဇ် ခေတ်က နည်းလမ်းတွေအတိုင်း ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ အာဏာသက်တမ်းဆက်ဖို့ ကြိုးစားသလို ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ နိုင်ငံကို ပုံစံပြောင်း အုပ်ချုပ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။

ထိုးမယ့်ဆင်နဲ့ အိုင်စီဂျေ

၂ဝ၁၁ ကနေ ၂ဝ၂၁ ကြား ခေတ္တ ဒီမိုကရေစီတံခါးပွင့်ချိန်မှာတော့ စစ်တပ် အာဏာတဖြည်းဖြည်း ပြန်ဆုတ်သွားပြီဆိုပြီး ခန့်မှန်းတွက်ဆခဲ့သူတွေ ရှိသလို ထိုးမယ့်ဆင် တစ်လှမ်းပြန်ဆုတ်တာဆိုပြီး သံသယပွားတဲ့ နိုင်ငံရေး ပညာရှင်တွေလည်း ပြည်တွင်းပြည်ပမှာ ရှိခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာပြီးနောက် ပြုပြင်ရေးတချို့ ပေါ်ထွန်းလာပေမဲ့ အခြေခံဥပဒေပြင်ရေးနဲ့ တပ်လက်ထဲက အာဏာ ပြန်ယူရေး ကတော့ မအောင်မြင်ဘဲ ရှိခဲ့ပါတယ်။

ဒီအတွင်း မဘသလှုပ်ရှားမှုနဲ့ ရိုဟင်ဂျာ ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖြစ်လာပြီး ကိုးကန့်၊ ကချင်နဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း စစ်မီးတွေ တောက်လာခဲ့ ပြန်ပါတယ်။ အိုင်စီဂျေ ခုံရုံးမှာ တပ်မတော်အတွက် ဒေါ် အောင်ဆန်းစုကြည် သွားလျှောက်လဲတာတွေ ဖြစ်ပြီးနောက် အရပ်သားအစိုးရ သိက္ခာ နိုင်ငံ တကာမှာ ကျဆင်းပြီး တပ်ရဲ့သြဇာက ပြည်တွင်းမှာ ပိုများလာပါတယ်။ အပေါ်ယံ ပြေလည်သယောင် ရှိပေမယ့် ပြည်တွင်းပြည်ပ ဖိအား၊ ထိပ်ပိုင်း အာဏာလုပွဲတွေနဲ့ ကိုဗစ်ကပ်ဘေး စတဲ့ ရိုက်ခတ်ချက်တွေကြောင့် တပ်နဲ့ အရပ်သား အစိုးရကြား မပြေလည်မှု ပိုဆိုးလာပြီး ၂ဝ၂၁ မှာ အာဏာသိမ်းပွဲနဲ့ ကြုံတွေ့ခဲ့ပါတယ်။

အာဏာသိမ်းစ ဆန္ဒပြပွဲတွေမှာ ငြိမ်းချမ်းတဲ့ အသွင်ဆောင်ပေမယ့် နောက်ပိုင်း ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြသူတွေဘက်က လက်တုံ့ပြန် ပစ်ခတ်တာ တွေ ရှိလာပြီး နောက်ဆုံး တမူး၊ ကလေးမြို့တွေကနေ စကာ အရပ်သားလက်နက်ကိုင် ကာကွယ်ရေးတပ်တွေ ပေါ်လာခဲ့ပါတယ်။ အာဏာမဲ့သွားတဲ့ NLD ခေါင်းဆောင်ပိုင်းနဲ့ တပ်ကြား စေ့စပ်ရေးကလည်း အရာမထင် ဖြစ်ခဲ့ပြီး အစိုးရနှစ်ရပ် ပေါ်တဲ့ထိ ပြင်းထန်လာသလို နောက်ဆုံး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

အဆုံးသတ်တိုက်ပွဲ ဖြစ်နိုင်သလား

မြန်မာနိုင်ငံမှာ ဥပဒေဘောင်တွင်းက ပြုပြင်ရေးလမ်းကြောင်းနဲ့ အုံကြွတိုက်ပွဲဝင်တဲ့လမ်းကြောင်းမှာ ဒုတိယနည်းက အားသာခဲ့တာကလည်း ကိုလိုနီခေတ် သမိုင်းမှာ ထင်ထင်ရှားရှားတွေ့ခဲ့ရပြီး လွတ်လပ်ရေးရပြီး နောက်မှာလည်း ပိုဆိုးသွားခဲ့ပါတယ်။ ဒီအကျိုးဆက် ပြည်တွင်းစစ်ကလည်း ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး စံချိန်တင် ဖြစ်ပွားနေပြီး နောက်ထပ် ပိုဆိုးတောက်လောင်ဖို့လည်း များနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ခေတ်သစ် နိုင်ငံရေးနည်းနဲ့ ရွေးကောက်ပွဲလုပ် အစိုးရဖွဲ့တဲ့စနစ်ကို ဗြိတိသျှ မိတ်ဆက်ပေးခဲ့တာ အနှစ် တစ်ရာရှိနေပေမဲ့ ခုထိ အသားမသေသေးဘဲ တပ်နဲ့ အာဏာလုတဲ့ဓလေ့က အမြစ်တွယ်နေပါတယ်။ တပ်ကို ပြည်တွင်း စစ်အတွင်း ခိုင်မာအောင် တည်ဆောက်ခဲ့ပေမယ့် စစ်ဗိုလ်ချုပ် တစ်ယောက်တည်းက ချုပ်ကိုင်တဲ့စနစ် အားကောင်းခဲ့တဲ့အတွက် အာဏာရှင်စနစ်ကို အသက်သွင်းသလို ဖြစ်ခဲ့ပါတယ်။

နောက် အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံတော်တော်များများမှာ ၂ဝ ရာစု ခေတ်က ကြီးစိုးခဲ့တဲ့ စစ်အစိုးရအုပ်ချုပ်ရေးဟာ မြန်မာနိုင်ငံမှာ ရာစုနှစ် တစ်ဝက်ကျော် မပြီးပြတ်နိုင်ဘဲ နောက်ထပ် ဇာတ်လမ်း ဆက်မယ့်ပုံလည်း ရှိနေပါတယ်။ လက်ဝဲလွှမ်းမိုးမှုများခဲ့တဲ့ မြန်မာနိုင်ငံရေးမှာ တော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ခုခံစစ် စတဲ့ စကားလုံးတွေက စေ့စပ်ရေး၊ အာဃာတမထားရေး၊ ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ စကားတွေထက် ပိုပြီး လူကြိုက်များတယ်လို့လည်း သုတေသီတွေက ယူဆပါတယ်။ ဒါကြောင့် ပြည်တွင်းစစ် စကတည်းက မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ အနှစ် ၇ဝ ကျော်ပေမဲ့ ဒုံရင်းအတိုင်းသာ ရှိခဲ့သလို အာဏာ သိမ်းပြီးနောက်မှာလည်း ဒီမိုကရေစီ ဒုလ္လဘခေတ်မှာ ရခဲ့တဲ့ အန်စီအေ သဘောတူစာချုပ် တောင် ပျက်လုပျက်ခင် အနေအထားထိ ယိမ်းယိုင်လာခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ်ဆိုပြီး စစ်မျက်နှာအသစ်စဖို့ ပြင်တာဟာ ပြည်လုံးကျွတ်တီးပွဲကြီးကို သွားနေတဲ့လမ်းကြောင်းလို့ ပြည်ပမှာ နိုင်ငံရေး လေ့လာနေတဲ့ မျိုးဆက်သစ် မြန်မာကျောင်းသားတချို့က ယူဆပြီး နှစ်ဘက်လုံး အရှုံးပေါ်တဲ့ သူတီးကိုယ်တီး သံသရာက ရုန်းမထွက်နိုင်ကြဘူးလို့လည်း သြစတြေးလျအမျိုးသားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံကျောင်းသား ကိုညီသက်ဆွေက သုံးသပ်ပါတယ်။ တပ်နဲ့ အရပ်ဘက် နိုင်ငံရေးလောကမှာ ဖွဲ့စည်းပုံမခိုင်မာတဲ့အတွက် ခေါင်းဆောင်တစ်ယောက်ကို သစ္စာခံတဲ့ ပဒေသရာဇ် အစဉ်အလာ မပျောက်ဘဲ ဒီမိုကရေစီယဉ်ကျေးမှုကို နှစ်ဘက်လုံး မွေးလို့ မရဖြစ်နေကာ လူမျိုးစုနိုင်ငံရေး အားကောင်း တဲ့အတွက်လည်း ဖက်ဒရယ် စနစ်ကို ပိုတိမ်းညွတ်ပြီး ပြည်နယ်တွေကို အာဏာပိုပေးဖို့ တောင်းဆိုမှုတွေ ၂ဝ၂၁ ဖေဖော်ဝါရီနောက်ပိုင်းမှာ ပိုပြင်းထန်လာပါတယ်။ နိုင်ငံရေး ပရမ်းပတာ ဖြစ်မှုကြီး ကြာရှည်လာတာနဲ့အမျှ စီးပွားရေးနဲ့ လူမှုအဆောက်အအုံမှာ ထိခိုက်မှု ပိုများလာပြီး လူသန်းနဲ့ချီ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ကမ္ဘာ့စားနပ် ရိက္ခာနဲ့ တခြား လူမှုကူညီရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ ရက်စက်တဲ့ နှိပ်ကွပ်မှုတွေနဲ့ ဆယ်စုနှစ်တွေနဲ့ချီတဲ့ စစ်အုပ်စိုးမှုဒဏ်က လွတ်ဖို့ လက်နက်ကိုင်တော်လှန်မှ ရမယ်၊ နယ်မြေ ခိုင်ခိုင်မာမာ လက်ကိုင်ရပြီးမှ စေ့စပ်ရေးစကား ပြောနိုင်မယ်၊ လက်ရှိ စစ်ခေါင်းဆောင်ပိုင်းကို ဖယ်ရှားပြီးမှ တပ်ပြုပြင်ရေးတွေ လုပ်ပြီး ဒီမိုကရေစီ စနစ်ကို ဖက်ဒရယ်လမ်းကြောင်းက ဖော်ဆောင်နိုင်မယ် ဆိုပြီး ယူဆသူတွေကလည်း အများအပြား ရှိနေပါတယ်။ သေချာတာတစ်ခုကတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းပွဲကြောင့် အနုနည်းနဲ့ ဒီမိုကရေစီ ဖော်ဆောင်မှု ရှုံးနိမ့်သွားပြီး ရင်ဆိုင်တွေ့တဲ့လမ်းကြောင်းကို ရွေးချယ်လာကြတာ ဖြစ်ပါတယ်။ သေမြေကြီး ရှင်ရွှေထီးဆိုတဲ့ မြန်မာဆိုရိုးစကားကို ပဒေသရာဇ် ခေတ်က နန်းလုပွဲတွေမှာ တွင်တွင်သုံးခဲ့ပြီး အခုလည်း ပြန်ပြောလာကြတာကို တွေ့ရပါတယ်။ ရွှေထီးကို တကယ်ဆောင်းမယ့်သူက အဆုံးသတ်တိုက်ပွဲအပြီးမှာ ကျန်မှာလား ဆိုတာကတော့ နောက်ထပ် မသိနိုင်သေးတဲ့ အချက် ဖြစ်ပါတယ်။